ဗ လား​? မ လား​?

ဦး​နေဝင်း​က "မူလမြန်မာလူမျိုး​အမည်ကို ....> ဗမာလူမျိုး​"
ဟု ​ပြောင်း​လဲမှုကြီး​ရဲ့​ အထင်ရှား​ဆုံး​သက်​သေ ​ပေါ်ထွက်လာပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗ၊​ မ ပြဿနာ ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ်နာမည်မှာ ဗမာ​နေရာကို မြန်မာနဲ့​ အစား​ထိုး​ ​ပြောင်း​ လဲဖို့​ ​ပြောကြတဲ့​အသံ​တွေကို ဒီ​နေ့​ခေတ်မှာ အသစ်တဖန်ပြန်ကြား​လာရပါတယ်။ အထူး​သဖြင့်​ အဲသ လို ​ပြောကြ တဲ့​ အထဲမှာ တိုင်း​ရင်း​သား​လူငယ်​တွေလည်း​ ပါဝင်လာကြတဲ့​ အတွက် ဒီကိစ္စဟာ ပိုပြီး​ အ​လေး​ အနက်ထား​ရမယ့်​ အ​ကြောင်း​အရာ ဖြစ်လာပါတယ်။ အဲဒီတိုင်း​ရင်း​သား​ လူငယ်​တွေထင်​နေတာက ဗမာနိုင်ငံလုံး​ဆိုင်ရာ ဟာ တိုင်း​ရင်း​သား​တွေ မပါဘူး​၊​ မြန်မာနိုင်ငံလုံး​ဆိုင်ရာဆိုမှ သူတို့​ပါမယ်လို့​ ထင်​နေကြ တာကိုး​။ ဒီ​တော့​ အဲသလို မဟုတ်​ကြောင်း​၊​ သူတို့​ထင်တာဟာ ​ပြောင်း​ပြန်ဖြစ်​နေ​ကြောင်း​ ရှင်း​လင်း​ဖို့​ အ​ရေး​တကြီး​လိုအပ်လာပါတယ်။

သမိုင်း​ အစဉ်အလာ
ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ABFSU) ဆိုတဲ့​ နာမည်ကို ၁၉၅၁ ခုနှစ်မှာ စတင်ဖွဲ့​စည်း​ပြီး​ နာမည်ခံခဲ့​တာဖြစ်ပါတယ်။ သူ့​ထက်အရင်​စောတဲ့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ သမဂ္ဂ (ABSU) ကို​တော့​ ဒုတိယ​ကျောင်း​သား​သပိတ်အပြီး​ ၁၉၃၆ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်။ ကိုရာရှစ်၊​ ကို​အောင်ဆန်း​၊​ ကိုဗဟိန်း​တို့​ ​ခေတ်ပါ။

​ခေတ်အဆက်ဆက် ဗကသနဲ့​ ဗကသများ​အဖွဲ့​ချုပ်ထဲမှာ တိုင်း​ရင်း​သား​ကျောင်း​သား​ခေါင်း​ဆောင်​တွေ ပါဝင်လှုပ်ရှား​ ခဲ့​ကြပါတယ်။ ရှမ်း​ကျောင်း​သား​ခေါင်း​ဆောင် ကိုတင်ဧ (ပင်လုံ)၊​ ရှမ်း​ကျောင်း​ သား​ ​ခေါင်း​ဆောင် ကိုခင်​မောင်ကြီး​ (လက်ရှိ အ​မေရိကန်ပြည်​ထောင်စု)၊​ ရခိုင်​ကျောင်း​သား​ခေါင်း​ဆောင် ကိုသာဘန်း​ (လက်ရှိ ALD ​ခေါင်း​ဆောင်တဦး​ ဖြစ်တဲ့​ ​ကြေး​မုံဦး​သာဘန်း​)၊​ ကရင်​ကျောင်း​ သား​ ​ခေါင်း​ဆောင် ​စော​ဒေး​ ဗစ်သာက​ပေါ( လက်ရှိ KNU ​ခေါင်း​ဆောင်)၊​ ကရင် ​ကျောင်း​ သား​ ​ခေါင်း​ဆောင် ပဒိုမန်း​ရှာလာဖန်း​( ကွယ်လွန်သူ KNU ​ခေါင်း​ဆောင်)၊​ ချင်း​ကျောင်း​သား​ခေါင်း​ဆောင် ဆလိုင်း​ တင်​မောင်ဦး​ ( စစ်အစိုး​ရက ကြိုး​မိန့်​ပေး​သတ်ဖြတ်)၊​ မွန်​ကျောင်း​သား​ခေါင်း​ဆောင် မင်း​စိုး​မင်း​၊​ မင်း​အုန်း​မြိုင် တို့​ အပါအဝင် တိုင်း​ရင်း​သား​ ​ကျောင်း​သား​ ​ခေါင်း​ဆောင်အများ​အပြား​ဟာ တကသ၊​ ဗကသ၊​ ဗကသများ​အဖွဲ့​ချုပ်အလံ​တွေ​အောက်မှာ ပါဝင်လှုပ်ရှား​ခဲ့​ကြဖူး​ပါတယ်။

အဲဒီဗကသ၊​ ဗကသများ​အဖွဲ့​ချုပ် သမိုင်း​တ​လျောက်လုံး​မှာ ဗ၊​မ ပြဿနာကို မကြား​ခဲ့​ရဖူး​ပါဘူး​။ ဗမာနိုင်ငံလုံး​ဆိုင်ရာဟာ တိုင်း​ရင်း​သား​ အကျံုး​မဝင်ဘူး​လို့​ ငြင်း​ခုန် ​ပြောဆိုမှုမျိုး​ မ​တွေ့​ခဲ့​ပါဘူး​။ ဘယ်တိုင်း​ရင်း​သား​ကျောင်း​သား​ခေါင်း​ဆောင်ကမှ ဗမာနိုင်ငံလုံး​ဆိုင်ရာ ဆိုတာ တိုင်း​ရင်း​သား​မပါဘူး​လို့​ သံသယဝင်ခဲ့​ပုံ၊​ ​စောဒကတက်ခဲ့​ပုံလည်း​ မရပါဘူး​။

ဒါ့​အပြင် သမိုင်း​ဝင်အဖွဲ့​အစည်း​တွေထဲမှာလည်း​ ဗမာနာမည်ခံယူတဲ့​ တခြား​နိုင်ငံလုံး​ဆိုင်ရာ အဖွဲ့​အစည်း​တွေ ရှိကြပါတယ်။ ဗမာနိုင်ငံလုံး​ဆိုင်ရာ လူငယ်များ​အသင်း​၊​ ဗမာနိုင်ငံလုံး​ဆိုင်ရာ လူငယ်များ​အဖွဲ့​ချုပ်၊​ တို့​ဗမာအစည်း​ရုံး​၊​ ဗမာ့​တပ်မ​တော်၊​ ဗမာ့​လက်ရုံး​တပ်ဖွဲ့​၊​ တို့​ဗမာရဲတပ်ဖွဲ့​၊​ တို့​ဗမာ ရှပ်နီတပ်၊​ ဗမာ့​ထွက်ရပ်ဂိုဏ်း​၊​ တို့​ဗမာ ဆင်း​ရဲသား​ အစည်း​အရုံး​၊​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​တောင်သူလယ်သမား​အဖွဲ့​၊​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​တောင်သူလယ်သမား​ အစည်း​အရုံး​၊​ ဗမာပြည် ​တောင်သူလယ်သမား​ ညီညွတ်​ရေး​ အစည်း​အရုံး​၊​ ဗမာနိုင်ငံလုံး​ဆိုင်ရာ အလုပ်သမား​များ​အစည်း​အရုံး​၊​ ဗမာပြည် အလုပ်သမား​ အစည်း​အရုံး​များ​ အဖွဲ့​ချုပ်၊​ ဗမာပြည်ကွန်မြူနစ်ပါတီ၊​ ဗမာပြည်ဆိုရှယ်လစ် ပါတီ (ပြည်သူ့​ အ​ရေး​တော်ပုံပါတီ)၊​ ဗမာပြည် အလုပ်သမား​၊​ လယ်သမား​ ပါတီ တို့​ ဟာ ဗမာနာမည်ခံခဲ့​ကြတဲ့​ သမိုင်း​ဝင် အဖွဲ့​အစည်း​ ​တွေပါ။

အဲဒီအဖွဲ့​အစည်း​အား​လုံး​ဟာ ဗမာဆိုတာကို တိုင်း​ရင်း​သား​အား​လုံး​ အကြံုး​ဝင်တယ်လို့​ မှတ်ယူသုံး​စွဲခဲ့​ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံး​ဆိုင်ရာ လူငယ်များ​ အစည်း​အရုံး​လို၊​ မြန်မာနိုင်ငံလုံး​ ဆိုင်ရာ အမျိုး​သမီး​ လွတ်လပ်​ရေး​ အဖွဲ့​ချုပ်လို မြန်မာနာမည် ခံယူတဲ့​ အဖွဲ့​အစည်း​မျိုး​လည်း​ မရှိမဟုတ် ရှိခဲ့​ပါတယ်။ ဒါ​ပေမဲ့​ တို့​ဗမာ အစည်း​အရုံး​ခေတ်က​နေ လွတ်လပ်​ရေး​ရတဲ့​ အချိန်အထိ ကာလတ​လျောက်မှာ ဗမာနာမည်ခံတဲ့​ အဖွဲ့​အစည်း​တွေကသာ အများ​စုဖြစ်ပါတယ်။

ဗကသမှာလည်း​ မြန်မာနာမည်ခံယူသုံး​နှုန်း​ခဲ့​ဖူး​တဲ့​ ကာလတိုတခုရှိခဲ့​ဖူး​ပါတယ်။ ဗကသ ဖွဲ့​စည်း​ကာစ ကနဦး​ကာလမှာ ဖြစ်ပါတယ်။ ကနဦး​ကာလမှာ နာမည် သုံး​စွဲမှုနဲ့​ ပတ်သက်ပြီး​ တည်ငြိမ်မှု မရှိ​သေး​ဘဲ စမ်း​သပ်သုံး​စွဲခဲ့​တယ်လို့​ ယူဆဖွယ်ရာဖြစ်ပါတယ်။

၁၉၃၆ စတင်ဖွဲ့​စည်း​စဉ် က​နေ ၁၉၃၇ နှစ်ဆန်း​ပိုင်း​လောက်အထိမှာ ဗမာနိုင်ငံလုံး​ဆိုင်ရာလို့​ သုံး​နှုန်း​ခဲ့​ပါတယ်။ ဒါ​ပေမဲ့​ ၁၉၃၇ နှစ်ဆန်း​ပိုင်း​က​နေ ၁၉၃၈ နှစ်ဆန်း​ပိုင်း​ ​လောက်ကာလအတွင်း​ထုတ်တဲ့​ စာရွက်စာတမ်း​တချို့​မှာ မြန်မာနိုင်ငံလုံး​ဆိုင်ရာလို့​ သုံး​ခဲ့​တာမျိုး​ကို ထူး​ထူး​ခြား​ခြား​တွေ့​ရပါတယ်။ (မှတ်ချက်။ ။ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ သမဂ္ဂလို့​ သုံး​တာကို မှတ်တမ်း​တချို့​မှာ ​တွေ့​ရ​ပေမဲ့​ အတို​ကောက်အား​ဖြင့်​ မကသ လို့​ သုံး​တာမျိုး​တော့​ မ​တွေ့​မိပါ။) တနှစ်ဝန်း​ကျင်​လောက်ကြာမယ့်​ အဲဒီ ကာလတိုတခုမှာ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ သမဂ္ဂလို့​ သုံး​စွဲတဲ့​ စာရွက်စာတမ်း​တချို့​တွေ့​ရတဲ့​ အတွက် အဲဒီကာလမှာ မြန်မာဆိုတဲ့​ စကား​လုံး​ကို စမ်း​သပ် သုံး​စွဲခဲ့​တယ်လို့​ ယူဆစရာဖြစ်ပါတယ်။

ဒါမှ မဟုတ် မြန်မာနဲ့​ ဗမာကို ပြတ်ပြတ်သား​သား​ မခွဲခြား​ဘဲ ကြံုသလို အ​ရော​ရော အ​နှော​နှော သုံး​စွဲခဲ့​တာလည်း​ဖြစ်နိုင်ပါတယ်။ ၁၉၃၈ က​နေ ​နောက်ပိုင်း​ တ​လျောက်လုံး​မှာ​တော့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ဆိုတဲ့​ စကား​ကိုသာ တသမတ်တည်း​ တည်တည်ငြိမ်ငြိမ်သုံး​စွဲ သွား​ခဲ့​တာ​တွေ့​ရပါတယ်။ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ဆိုတဲ့​ စကား​လုံး​ကို ​နောက်ထပ် ကြား​ဖောက်သုံး​စွဲတာမျိုး​ မ​တွေ့​ရ​တော့​ပါဘူး​။ ဒီ​တော့​ ဗကသဟာ တနှစ်​လောက်ကြာ​အောင် မြန်မာနိုင်ငံလုံး​ဆိုင်ရာ အမည်ကို စမ်း​သပ်သုံး​စွဲကြည့်​ခဲ့​ပြီး​၊​ သို့​မဟုတ် သတ်သတ်မှတ်မှတ် မထား​ဘဲ ​ရော​နှောသုံး​စွဲပြီး​ ​နောက်ပိုင်း​မှာ​တော့​ အပြီး​ အပိုင် စွန့်​လွှတ်လိုက်တယ်လို့​ အကြမ်း​ဖျဉ်း​ ယူဆနိုင်ပါတယ်။

ဘာ့​ကြောင့်​ အဲသလို တနှစ်​လောက် သုံး​ကြည့်​ပြီး​နောက်မှာ မြန်မာကို အပြီး​အပိုင် စွန့်​လွှတ်ပြီး​ ဗမာနာမည်ကို ခံယူလိုက်ပါသလဲ။

​နောက်တခါ အဲဒီ​ခေတ်မှာ အဖွဲ့​အစည်း​ အများ​အပြား​ဟာ ဗမာကို တွင်တွင်ကျယ်ကျယ် သုံး​ခဲ့​ပါရက်နဲ့​ ဘာ့​ကြောင့်​ ဗမာဆိုတဲ့​စကား​လုံး​ဟာ တိုင်း​ရင်း​သား​တွေ ပါမှပါရဲ့​လား​ဆိုတဲ့​ သံသယစကား​မျိုး​ကို (ဒီ​နေ့​ခေတ်လို) တိုင်း​ရင်း​သား​တွေဘက်က မ​ပြောမဆိုခဲ့​ကြတာပါလဲ။

ဘာ့​ကြောင့်​လဲဆို​တော့​ တိုင်း​ရင်း​သား​ အား​လုံး​ အပါအဝင်ဖြစ်တဲ့​ တနိုင်ငံလုံး​ကို မြန်မာလို့​ မသုံး​ဘဲ၊​ ဗမာဆိုတဲ့​ နာမည်နဲ့​ပဲ ​ခေါ်​ဝေါ်သုံး​စွဲမယ်လို့​ အဲဒီ​ခေတ်က နိုင်ငံ​ရေး​ အရ ဦး​ဆောင်ခဲ့​တဲ့​ တို့​ဗမာအစည်း​အရုံး​အတွင်း​မှာ ဆုံး​ဖြတ်ချက်ချနိုင်ခဲ့​လို့​ ဖြစ်ပါတယ်။

အဲသလို ဆုံး​ဖြတ်ချက်ချပြီး​ ပြဌာန်း​ သတ်မှတ်ခဲ့​ကြောင်း​ကို တို့​ဗမာအစည်း​အရုံး​သမိုင်း​မှာ အခုလို အတိအလင်း​ဖော်ပြထား​ပါတယ်။

တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ စာမျက်နှာ ၂၁၅ မှာ…..

“သခင်များ​က မြန်မာနိုင်ငံ၊​ မြန်မာပြည် ဆို​သော စကား​မှာ မြန်မာလူမျိုး​များ​ ​နေထိုင်​သော မြန်မာနိုင်ငံဟု အဓိပ္ပါယ် ​ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပ​ဒေသရာဇ်များ​က ​ပေး​သော နာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး​ တမျိုး​တည်း​နေထိုင်​သော နိုင်ငံမဟုတ်။ ကချင်၊​ ကရင်၊​ ကယား​၊​ ချင်း​၊​ ​တောင်သူ၊​ ပအိုး​၊​ ပ​လောင်၊​ မွန်၊​ မြန်မာ၊​ ရခိုင်၊​ ရှမ်း​ စ​သော တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံ ​နေထိုင်​သော နိုင်ငံဖြစ်သည်။ ထို့​ကြောင့်​ မြန်မာနိုင်ငံ၊​ မြန်မာပြည်ဟု မသုံး​၊​ ဗမာနိုင်ငံ၊​ ဗမာပြည်ဟု သုံး​သည်။ သို့​မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် ​နေထိုင်ကြ​သော တိုင်း​ရင်း​သား​အား​လုံး​ကို ဗမာဟု ​ခေါ်သည်။”

လို့​ ရှင်း​လင်း​ ​ရေး​သား​ထား​ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံ ဆိုတာဟာ ပြည်မ​နေ မြန်မာလူမျိုး​တွေကပိုင်ဆိုင်တဲ့​ နိုင်ငံလို့​ အဓိပ္ပါယ် သက်​ရောက်တဲ့​ အတွက် တိုင်း​ရင်း​သား​အား​လုံး​ပိုင်ဆိုင်တဲ့​ နိုင်ငံကို မြန်မာနိုင်ငံလို့​ မသုံး​ဘဲ ဗမာနိုင်ငံလို့​ သုံး​မယ်လို့​ တို့​ဗမာအစည်း​အရုံး​ က သတ်မှတ်ခဲ့​တာဖြစ်ပါတယ်။ တို့​ဗမာအစည်း​အရုံး​ရဲ့​ ရည်ရွယ်ချက်ဟာ မြန်မာလူမျိုး​ကြီး​ဝါဒကို ဆန့်​ကျင်​ကြောင်း​ အထင်အရှား​ ပြသ ​နေပါတယ်။

တို့​ဗမာအစည်း​အရုံး​သမိုင်း​ဟာ ဆရာကြီး​သခင်ကိုယ်​တော်မှိုင်း​ ကွယ်လွန်တဲ့​ ၁၉၆၄ ခုနှစ်မှာ တနိုင်ငံလုံး​က သခင်​ခေါင်း​ဆောင်​တွေ ရန်ကုန်မှာ စု​ဝေး​ရောက်ရှိလာခဲ့​ကြရာက​နေစတင်ပြီး​ ၁၉၆၈ ခုနှစ်အထိကာလအတွင်း​မှာ တနိုင်ငံလုံး​က သခင်​ခေါင်း​ဆောင်​တွေ စု​ပေါင်း​ပြီး​ ​ရေး​သား​ခဲ့​တဲ့​ သမိုင်း​စာအုပ်ဖြစ်ပါတယ်။

တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ရဲ့​ အဲဒီ စာမျက်နှာ ၂၁၅ မှာပဲ

“မြစ်ကြီး​နား​မှ တို့​ဗမာတ​ယောက် အ​စော်ကား​ခံရလျှင် ​ယေး​၊​ မြိတ်၊​ ထား​ဝယ် မှ တို့​ဗမာများ​က ဆတ်ဆတ်ခါ​အောင် နာကြပါ”

လို့​ ​ဟော​ပြောခဲ့​ကြ​ကြောင်း​ကိုလည်း​ အတိအလင်း​ ​ရေး​သား​ထား​ပါတယ်။

တို့​ဗမာ အစည်း​အရုံး​သမိုင်း​ စာမျက်နှာ ၁၃၃ မှာ​တော့​ ဒီလို​ရေး​ထား​ပါတယ်။

“ တို့​ဗမာ အစည်း​အရုံး​ဟူရာ၌ တို့​ဗမာပြည်ထဲ၌ ရှိ​သော လူမျိုး​အား​လုံး​ကို ကိုယ်စား​ပြုသည့်​ အဓိပ္ပါယ်​ဖော်​ဆောင်ခြင်း​ အထိမ်း​အမှတ်အဖြစ် တို့​ဗမာဟု ​ခေါ်​ဝေါ်သုံး​နှုန်း​ခြင်း​ ဖြစ်သည်။ မြန်မာဟူ​သော စကား​မှာ မြန်သည်၊​ မာသည်ဟူ​သော အဓိပ္ပါယ်ကို ​ဆောင်​သော်လည်း​ နှာသံပါ၍ ​ဘောင်ကျဉ်း​သည်၊​ အား​နည်း​သည်၊​ ရှမ်း​၊​ ကရင်၊​ ချင်း​၊​ ကချင်၊​ မွန်၊​ ရခိုင်၊​ ပ​လောင်၊​ ​တောင်သူ၊​ ဆလုံ၊​ နာဂ၊​ မြန်မာ စ​သော ဗမာတိုင်း​ရင်း​သား​ အား​လုံး​ကို ခြံု၍ ငုံမိ​စေရန် ဗမာ ဟူ​သောစကား​လုံး​ကို ​ရွေး​သည်၊​ အသံထွက်မာ​ကျော၍ သုံး​စွဲသည်။ တဖန် ဘ ကုန်း​နှင့်​ ဘမာဟု မ​ရေး​ပဲ ဗ လချိုက်နှင့်​ ​ရေး​ခြင်း​မှာလည်း​၊​ ဘ သည် ရံဖန်ရံခါ ဖ သံ ထွက်သဖြင့်​ စိတ်မချရ ​သော​ကြောင့်​ ဗလချိုက်နှင့်​ ဗမာဟု​ရေး​သည်”

လို့​ ဖွင့်​ဆိုထား​ပါတယ်။

မြန်မာ၊​ ဗမာ ​ဝေါဟာရ ဘယ်ကစသလဲ။

မြန်မာဆိုတဲ့​ ​ဝေါဟာရကို အ​စောဆုံး​တွေ့​ရတာဟာ ပုဂံ​ခေတ်ဖြစ်တယ်ဆိုတဲ့​ အချက်ကို မြန်မာစာ ပညာရှင် သမိုင်း​ပညာရှင် အများ​အပြား​ သ​ဘောထား​ကိုက်ညီကြပါတယ်။

ဆရာ သိပ္ပံစိုး​ရင်ရဲ့​ ၁၉၆၈ ခုနှစ် မှာ ထုတ်တဲ့​ မြန်မာ့​ ယဉ်​ကျေး​မှု သမိုင်း​၊​ စာမျက်နှာ ၅၆ က​နေ ၅၈ အတွင်း​မှာ ​ဖော်ပြထား​တာက မြန်မာဟူ​သော ​ဝေါဟာရကို ပထမဦး​စွာ အ​စောဆုံး​ သက္ကရာဇ် ၄၅၂ (​အေဒီ ၁၁၉၀) ပုဂံမြို့​ ​တောင်ဂူနီ​ကျောက်စာတွင် စတင် ​တွေ့​ရပါသည်။ ထိုသက္ကရာဇ်ထက် အနှစ် ၉၀ ခန့်​ ​စော​သော ကျန်စစ်မင်း​ကြီး​၏ နန်း​တည်မွန်​ကျောက်စာ (၁၁၀၂ ​အေဒီ) တွင် မြန်မာကို “မိရမာ” ဟူ၍ ​ရေး​ထိုး​ထား​သည်ကို ​တွေ့​ရ၏။ ​

အေဒီ ၁၃၄၂ ခုနှစ်တွင် ​ရေး​ထိုး​သည့်​ မြန်မာ ​ကျောက်စာတွင် “မြံမာ” ဟူ၍ ​ရေး​ထိုး​ထား​သည်ကို အ​စောဆုံး​တွေ့​ရ၏။ ထို့​နောက် ​ကျောက်စာများ​နှင့်​ မင်စာများ​တွင် “မြန်မာ” “မြံမာ” “မြမ္မာ” ဟူ၍​ရေး​ထိုး​လာကြသည်ကို ​တွေ့​ရှိရပြန်သည်။

တရုတ်ရာဇဝင် မှတ်တမ်း​များ​အလိုအား​ဖြင့်​ ​ရှေး​က မြန်မာနိုင်ငံကို “​စောပိုး​” ဟူ၍ ​ခေါ်ဆိုကြ၍ တရုတ်ဟန်မင်း​များ​ လက်ထက် (ဘီစီ ၂၀၂- ​အေဒီ ၂၆၃) တွင် မြန်မာနိုင်ငံကို “တန်” ဟူ၍ ​ခေါ်ဆိုလျက် တရုတ်တန်မင်း​များ​ လက်ထက် (​အေဒီ ၆၁၈ - ၉၀၇ )တွင် မြန်မာနိုင်ငံကို “ပိ​ယော (ပျူ)” ဟု​ခေါ်ဆိုကြသည်။ ဆွန်မင်း​များ​လက်ထက် (​အေဒီ ၉၆၀) တွင် “မိယင်” ဟု​ခေါ်ဆိုသည်ဟု သိရှိရပါသည်။ ထိုမင်း​တို့​လက်ထက်မှ “မိယင်” တို့​သည် တရုတ်တို့​နှင့်​ ဆက်ဆံ သွား​လာမှုများ​ စတင်ပြုလုပ်ကြသည်ဟု ဆို၏။

“မိယင်” ဆို​သော အမည်မှာ “မြန်မာ” ဆို​သော အမည်ကို အဖျား​ဆွတ်၍ ​ခေါ်ဆို​ရေး​မှတ်ခြင်း​ဖြစ်လိမ့်​မည်ဟု သု​တေသီများ​က ယူဆကြသည်။ တနည်း​အာဖြင့်​ ဆို​သော် တရုတ်မင်း​တို့​က ​အေဒီ ၆၁၈ - ၉၀၇ ခုနှစ်အထိ မြန်မာနိုင်ငံကို ပျူဟူ၍သာ အသိအမှတ်ပြုခဲ့​သည်။ “မြန်မာ” ဟူ၍ ထင်​ပေါ်ခြင်း​ရှိဟန်မတူ​သေး​ပေ။ မြန်မာတို့​ကို အသိအမှတ်ပြုလာသည်မှာ ​အေဒီ ၉၆၀ ခုနှစ်ခန့်​မှ အစပြုသည်ဟု ယူဆရပါသည်။ မြန်မာ့​ ​ရှေး​ဟောင်း​ သမိုင်း​ အဆိုအရလည်း​ ပုဂံကို သက္ကရာဇ် ၂၁၁ (​အေဒီ ၈၄၉) ခုနှစ်တွင် တည်သည်ဟု ဆိုထား​သဖြင့်​ ယုတ္တိရှိသည်ဟု ဆိုရ​ပေမည်။

ဒီ​တော့​ မြန်မာဆိုတဲ့​စကား​ဟာ ပုဂံ​ခေတ်ကတည်း​က ​ပေါ်လာခဲ့​တာဖြစ်​ကြောင်း​ထင်ရှား​ပါတယ်။ အဲဒီတုန်း​က​ခေါ်တဲ့​ မြန်မာဟာလည်း​ အခုပြည်မမှာ ​နေကြတဲ့​ လူမျိုး​ကိုသာ ​ခေါ်ကြတာဖြစ်ပြီး​၊​ ရှမ်း​၊​ ကချင်၊​ ကရင်၊​ မွန်၊​ ရခိုင်၊​ ကယား​ ဆိုတဲ့​ လူမျိုး​တွေ မပါ​ကြောင်း​ ထင်ရှား​ပါတယ်။

ဒါဆိုရင် ဗမာဆိုတဲ့​စကား​က​ရော ဘယ်တုန်း​က​ပေါ်လာတဲ့​စကား​ပါလဲ။ ထူး​ခြား​တာက ဗမာဆိုတဲ့​ စကား​ကို ​ကျောက်စာ​တွေမှာ အ​ထောက်အထား​နဲ့​ မ​တွေ့​ရတဲ့​ အချက်ပါပဲ။

ဒီ​တော့​ ဗမာဆိုတဲ့​ စကား​ရဲ့​ မူလရင်း​မြစ်က​ရော ဘာပါလဲ။ မြန်မာဆိုတဲ့​ စကား​က​ရော မူလရင်း​မြစ်ကဘာပါလဲ။

ဗမာ၊​ မြန်မာဆိုတဲ့​ စကား​ရဲ့​ မူလရင်း​မြစ်ကို ​လေ့​လာ ဆန်း​စစ်တဲ့​အခါ ဆရာအမျိုး​မျိုး​က အယူအဆအမျိုး​မျိုး​ တင်ပြကြပါတယ်။ ၁၉၃၃ ခုနှစ်မှာ ထုတ်တဲ့​ မြန်မာနိုင်ငံ သု​တေသနအသင်း​ဂျာနယ် JBRS အတွဲ ၂၃ ၊​ အမှတ် ၂ မှာ ဆရာ ဦး​ကျော်ထွန်း​က အယူကွဲ၊​ မူကွဲ အမျိုး​မျိုး​ကို ​ဖော်ပြပြီး​ မြန်မာဆိုတဲ့​စကား​လုံး​ရော၊​ ဗမာဆိုတဲ့​ စကား​လုံး​ရောဟာ ဗြဟ္မာ ဆိုတဲ့​ ပါဠိစကား​လုံး​ကဆင်း​သက် လာတဲ့​ ​ဝေါဟာရ ဖြစ်​ကြောင်း​ ရှင်း​လင်း​ ​ပြောဆိုခဲ့​ပါတယ်။ အဲဒီ​ဆောင်း​ပါး​ဟာ အယူအဆကွဲမျိုး​စုံ၊​ Argument မျိုး​စုံကို ​ဖော်ပြပြီး​ သုံး​သပ်ထား​တဲ့​ ​တော်​တော်ပြည့်​စုံတဲ့​ ​ဆောင်း​ပါး​တပုဒ်ဖြစ်ပါတယ်။ (အ​သေး​စိတ်သိလိုသူ​တွေ ဆရာ ဦး​ကျော်ထွန်း​ရဲ့​ ​ဆောင်း​ပါး​ကို ဖတ်ရှုကြပါ။ ရှာ​ဖွေမရသူများ​ ဗကသနဲ့​ ဆက်သွယ် ​တောင်း​ခံနိုင်ပါတယ်။ ဆရာဦး​ ​ကျော်ထွန်း​ရဲ့​ အယူအဆကို ဒီ​နေ့​ခေတ် မြန်မာဘာသာ ​ဗေဒပညာရှင် အများ​စုက ​ထောက်ခံကြပါတယ်။)

ဗြဟ္မာ ဆိုတဲ့​ စကား​က​နေ ဗြမ္မာ၊​ ဗြမ္မာက​နေ မြမ္မာ၊​ မြမ္မာက​နေ မြန်မာ အဖြစ် ​ပြောင်း​လဲလာတယ်လို့​ ဆရာ ဦး​ကျော်ထွန်း​ကဆိုပါတယ်။ ဗမာဆိုတဲ့​စကား​လုံး​ဟာလည်း​ ဗြဟ္မာဆိုတဲ့​စကား​က​နေ ဗမ္မာ၊​ ဗမ္မာက​နေ ဗမာဖြစ်လာတယ်လို့​ ဆိုပါတယ်။

အိန္ဒိယမှာလည်း​ကျွန်​တော်တို့​ကို ဗြဟ္မာ (အသံထွက်အား​ဖြင့်​ တချို့​က ဗရမာ) လို့​ ​ခေါ်ပါတယ်။ အိန္ဒိယကုလား​တွေက ကျွန်​တော်တို့​ကို ဗရမာ ​ခေါ်တာကို ကြား​ကြတဲ့​ အတွက် အင်္ဂလိပ်က ဗမာကို ​ခေါ်တဲ့​ အခါ Burma လို့​ R ထည့်​ပေါင်း​ခဲ့​တာဖြစ်ပါတယ်။ တကယ်လို့​ ဗမာ​တွေ​ခေါ်တဲ့​ အသံကိုသာ အရင်ကြား​ရင် Bamar သို့​မဟုတ် Bama လို့​ခေါ်​ကောင်း​ခေါ်နိုင်ပါတယ်။ ထိုင်း​နိုင်ငံကလည်း​ ကျွန်​တော်တို့​ကို ဖမာလို့​ ​ခေါ်ပါတယ်။ ဘမာက​နေ ဖမာ အဖြစ် အသံ ​ပြောင်း​သွား​တာဖြစ်နိုင်ပါတယ်။
ဒါဖြင့်​ ​ကျောက်စာ​တွေမှာ မြမ္မာ၊​ မြံမာ၊​ မြန်မာဆိုတဲ့​စကား​လုံး​တွေကို အကြိမ်ကြိမ်​တွေ့​ရပြီး​ ဗမာဆိုတဲ့​စကား​ကို မ​တွေ့​ကြရတာက ဘာ့​ကြောင့်​လဲ။

ဘာ့​ကြောင့်​လဲ ဆို​တော့​ ကျွန်​တော်တို့​စာ​ပေမှာ အ​ရေး​နဲ့​ အဖတ် ကွာခြား​နေတတ်တဲ့​ “​ရေး​တော့​အမှန် ဖတ်​တော့​အသံ” ထုံး​စံ ထွန်း​ကား​ခဲ့​လေ​တော့​ မြန်မာနဲ့​ ဗမာဟာလည်း​ အ​ရေး​နဲ့​ အဖတ်ကွဲပြား​ခဲ့​တာ ဖြစ်ပုံရတယ်လို့​ ပညာရှင်များ​က ယူဆကြပါတယ်။ ​ရေး​တဲ့​ အခါမှာ မြန်မာလို့​ပဲ ​ရေး​ခဲ့​ကြပြီး​ ​ပြောတဲ့​ အခါမှာ​တော့​ ဗမာလို့​ပဲ ​ပြောခဲ့​၊​ တွင်ကျယ်ခဲ့​ကြမယ်လို့​ ပညာရှင်များ​က ယူဆကြပါတယ်။ တချို့​ကလည်း​ ​ကျောက်စာ အ​ထောက်အထား​ မ​တွေ့​ရတဲ့​ အတွက် ဗမာဆိုတဲ့​ စကား​လုံး​ဟာ ​ပေါ်တာ သိပ်မကြာ​သေး​ဘူး​လို့​ ယူဆကြတာမျိုး​ရှိပါတယ်။

 ဒါ​ပေမဲ့​ မြန်မာ၊​ ဗမာဟာ ရင်း​မြစ်တခု တည်း​က​နေ လာရိုး​မှန်ရင် မြန်မာက ​ရှေး​ပ​ဝေသဏီကတည်း​က ​ပေါ်ခဲ့​ပြီး​ ဗမာက မ​နေ့​တ​နေ့​ကမှ (ကုန်း​ဘောင်​ခေတ်​နှောင်း​လောက်မှ) ​ပေါ်တယ်ဆိုတာ ဖြစ်နိုင်​ခြေ ​တော်​တော် နည်း​ပါတယ်။ ဒီ​တော့​ ​ကျောက်စာ၊​ ​ရှေး​စာ အ​ထောက်အထား​ မ​တွေ့​ရတဲ့​ အတွက် ဗမာဟာ ​နောက်မှ ​ပေါ်တယ်ဆိုတဲ့​ အယူအဆထက် ဗမာဟာ ​ပြောစကား​မို့​သာ ​ကျောက်စာ၊​ ​ရှေး​စာမှာ မ​တွေ့​ရတာဆိုတဲ့​ အချက်က ပိုပြီး​ ဖြစ်နိုင်​ခြေများ​ပါတယ်။ အ​ပြောနဲ့​ အ​ရေး​ဆိုတာဟာ အ​ပြောက ပို​ရှေး​ကျတာမို့​ ဗမာက​တောင် မြန်မာထက်​စောချင်​စောနိုင်ပါ​သေး​တယ်။ အ​ပြောကပို​ရှေး​ကျတဲ့​ အတွက် ဗမာကပို​စောနိုင်တယ်ဆိုတဲ့​ အယူအဆမျိုး​ကို ​တော့​ ဆရာ​မောင်သာနိုး​က ယူဆ​ကြောင်း​ ဘီဘီစီ အလင်္ကာပုလဲပန်း​ အစီအစဉ်မှာ ​ပြောထား​ပါတယ်။

 ပါဠိအဘိဓါန်ကို နိဿယ ပြန်ဆိုခဲ့​တဲ့​ ကျမ်း​တတ်ပုဂ္ဂိုလ် အ​ကျော်အ​မော်တဦး​ ဖြစ်သူ ​တောင်​ပေါက် ဆရာ​တော် ဦး​စက္ခပါလ ကလည်း​ ဗမာကသာ အမှန်၊​ ဗမာကသာ သင့်​တော်တဲ့​ အသုံး​အနှုန်း​လို့​ယူပြီး​ သူ့​တသက်လုံး​ဗမာဆိုတဲ့​ မူတမျိုး​တည်း​ကို သာ သုံး​နှုန်း​ခဲ့​ဖူး​တာလည်း​ ရှိပါတယ်။
အထက်အညာ​ဒေသနဲ့​ ဗမာလူမျိုး​တွေ​နေထိုင်တဲ့​ ​ကျေး​လက်​တောရွာ​တွေကို သွား​ကြည့်​ရင် ဒီအယူအဆမှန်နိုင်​ကြောင်း​ ပိုမို သိမြင်နိုင်ပါတယ်။ ​ကျေး​လက်​တွေမှာ မြန်မာလို့​ ​ခေါ်​ဝေါ်သုံး​နှုန်း​တာသိပ်နည်း​ပါတယ်။ ဗမာလို့​သာ ​ခေါ်​ဝေါ် သုံး​နှုန်း​ကြပါတယ်။ (အညာ​ကျေး​လက်​ဒေသ​တွေဟာ ဗမာစကား​ မပျက်စီး​သေး​ (corrupt အဖြစ်နည်း​ပါး​သေး​) တဲ့​ အရပ်​ဒေသ​တွေ အဖြစ် ဘာသာစကား​ ပညာရှင် အများ​က လက်ခံထား​ပြီး​ ဖြစ်ပါတယ်။)

တကယ်​တော့​ ​ရှေး​ပ​ဒေသရာဇ် ​ခေတ်အဆက်ဆက်မှာ စာတတ်​ပေတတ်ဆိုတာကလည်း​ ပ​ဒေသရာဇ် အနွယ်​တွေ၊​ မှူး​မျိုး​ မတ်မျိုး​တွေ ကသာ များ​ပါတယ်။ သူတို့​ပ​ဒေသရာဇ်​တွေက သာမန် အရပ်စကား​ အရပ်ဟန်နဲ့​ ​ပြောတာကို ​တောဆန်တယ်ထင်ပြီး​ စာသံ​ပေသံနဲ့​ ဟန်လုပ်​ပြော တတ်ကြပါတယ်။ ဒါ့​ကြောင့်​ ပ​ဒေသရာဇ်​ခေတ်တ​လျောက်မှာ မြန်မာဆိုတဲ့​ စကား​ကို ထီး​ရိပ်နန်း​ရိပ်၊​ ပ​ဒေသရာဇ် အရိပ်နင်း​တဲ့​သူ​တွေကသာ အသုံး​ပိုများ​ကြပြီး​ ရပ်ထဲရွာထဲက သာမန်လက်လုပ်လက်စား​တွေက​တော့​ ကိုယ့်​ကိုယ်ကိုယ် ဗမာလို့​သာ ​ခေါ်ကြပါတယ်။

ဒါ့​ကြောင့်​လည်း​ တို့​ဗမာအစည်း​အရုံး​က “မြန်မာ”ဟာ ပ​ဒေသရာဇ်​တွေ ​ပေး​တဲ့​ နာမည်လို့​ ဆိုတာဖြစ်ပါတယ်။ တို့​ဗမာ သခင်​တွေဟာ ပ​ဒေသရာဇ်​ခေတ်နဲ့​ သိပ်အ​ဝေး​ကြီး​ အလှမ်း​မကွာလှ​သေး​တဲ့​ အတွက် ဒီအချက်ကို ​ကောင်း​ကောင်း​သ​ဘော​ပေါက်ပါတယ်။ တခြား​တိုင်း​ရင်း​သား​လူမျိုး​စု ​တွေကို တိုက်ခိုက်ဖျက်ဆီး​ပြီး​ နှိပ်စက်ကလူပြုတာဟာလည်း​ ပ​ဒေသရာဇ်​တွေသာဖြစ်ပြီး​ သာမန်အရပ်သား​တွေ မပါဝင်တဲ့​ အတွက် “မြန်မာ”ဆိုတဲ့​ ပ​ဒေသရာဇ်နာမည်ဟာ တိုင်း​ရင်း​သား​လူမျိုး​စု​တွေနဲ့​ ရန်ငြိုး​ရန်စရှိပြီး​၊​ “ဗမာ”ဆိုတဲ့​နာမည်ဟာ တိုင်း​ရင်း​သား​နဲ့​ ရန်ငြိုး​အစဉ်အ လာ မရှိဘူး​လို့​ တို့​ဗမာ အစည်း​အရုံး​က ယူဆခဲ့​တာဖြစ်ပါတယ်။

ဒါ​ပေမဲ့​ မူလ ရင်း​မြစ်ကို ကြည့်​မယ်ဆိုရင်​တော့​ မြန်မာ​ရော၊​ ဗမာပါ တိုင်း​ရင်း​သား​နဲ့​ မဆိုင်၊​ ပြည်မ​နေလူမျိုး​နဲ့​သာ သက်ဆိုင်တယ်လို့​ ဆိုရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် “ဗမာ” ဆိုတဲ့​စကား​ဟာ ကချင်၊​ ကရင်၊​ ရှမ်း​၊​ ရခိုင်၊​ မွန်၊​ ကယား​၊​ ပအိုး​၊​ ပ​လောင် စတဲ့​ တိုင်း​ရင်း​သား​ လူမျိုး​စုအား​လုံး​ ပါဝင်တယ်ဆိုတဲ့​ အယူအဆဟာ ဘယ်တုန်း​က စဖြစ်လာတာပါလဲ။
တို့​ဗမာအစည်း​အရုံး​က စဖြစ်လာတာပါ။ တို့​ဗမာအစည်း​အရုံး​ သမိုင်း​ စာမျက်နှာ ၂၁၅ မှာ ဒီလိုဆိုထား​ပါတယ်။

“တို့​ဗမာ အစည်း​အရုံး​သည် မူလတည်​ထောင် စဉ်မှစ၍ သမိုင်း​တ​လျှောက်လုံး​ လူမျိုး​စုအား​လုံး​၏ ညီညွတ်​ရေး​ကို အ​လေး​ပေး​ခဲ့​ကြောင်း​၊​ “တို့​” ဟူ​သော စကား​၊​ “ဗမာ” ဟူ​သော စကား​၊​ “ ဗမာနိုင်ငံ၊​ ဗမာပြည်” ဟူ​သော စကား​တို့​ကို တီထွင်၍ တိုင်း​ရင်း​သား​ စစ်စစ်ဟူ​သော အမည်နာမ တပ်ဆင်ခဲ့​ခြင်း​ဖြင့်​ သိသာ ထင်ရှား​ပေသည်။”

လို့​ ဆိုထား​ပါတယ်။

ဒီ​နေရာမှာ တီထွင်၍ ဆိုတဲ့​ စကား​လုံး​ကို အထူး​သတိပြုဖို့​လိုမယ်ထင်ပါတယ်။ မြန်မာ ပ​ဒေသရာဇ်​တွေ သုံး​တဲ့​ မြန်မာဆိုတဲ့​စကား​လုံး​ကို တနိုင်ငံလုံး​အတွက်သုံး​ရင် လူမျိုး​ကြီး​ဝါဒ သ​ဘော သက်ဝင်မှာ စိုး​လို့​ “ဗမာနိုင်ငံ” ဆိုတဲ့​ အသုံး​ကို တို့​ဗမာ အစည်း​အရုံး​က တီထွင် သုံး​စွဲခဲ့​ တယ်လို့​ ဆိုလိုတာဖြစ်ပါတယ်။ ဗမာဆိုတဲ့​ ​ဝေါဟာရကို တို့​ဗမာအစည်း​အရုံး​က တီထွင်တယ်လို့​တော့​ ဆိုလိုတာ ဟုတ်ဟန်မတူပါဘူး​။ ဒီ​တော့​ ဗမာဆိုတာ တနိုင်ငံလုံး​ တိုင်း​ရင်း​သား​ အား​လုံး​ အပါအဝင်ဆိုတာဟာ တို့​ဗမာ အစည်း​အရုံး​က ပြဌာန်း​ခဲ့​တဲ့​ “ပြဌာန်း​ အသုံး​အနှုန်း​” ဖြစ်ပါတယ်။ ပြဌာန်း​ခြင်း​ရဲ့​ ရည်ရွယ်ချက်ဟာလည်း​ ​ခေတ်အဆက်ဆက် ပ​ဒေသရာဇ်များ​သုံး​စွဲခဲ့​ပြီး​ ပုဂံ​ခေတ်ကတည်း​က ပြည်မ​နေလူမျိုး​နဲ့​ ယှဉ်တွဲ ထင်ရှား​လာတဲ့​ မြန်မာဆိုတဲ့​ အသုံး​အနှုန်း​ကို သုံး​ခြင်း​အား​ဖြင့်​ လူမျိုး​ကြီး​ဝါဒ၊​ မဟာမြန်မာဝါဒ ကျင့်​သုံး​ရာ မကျ​စေချင်လို့​ ဖြစ်ပါတယ်။

ဒီ​တော့​ ဗမာနိုင်ငံ၊​ ဗမာပြည်ဆိုတဲ့​ စကား​ဟာ စတင်သုံး​နှုန်း​လာကတည်း​က မြန်မာလူမျိုး​ကြီး​ လွှမ်း​မိုး​ရေး​ ဝါဒကို ဆန့်​ကျင်တဲ့​ စိတ်ဓါတ်၊​ လူမျိုး​စုအား​လုံး​ ညီညွတ်​ရေး​ကို ​ရှေ့​ရှုတဲ့​ စိတ်ဓါတ်နဲ့​ ​ပေါ်​ပေါက်လာတယ်လို့​ အတိအကျ မှတ်ယူနိုင်ပါတယ်။

တို့​ဗမာ အစည်း​အရုံး​ရဲ့​ အဲဒီမူကိုပဲ အထက်မှာ ဗမာနာမည်သုံး​ခဲ့​ကြတဲ့​ နိုင်ငံ​ရေး​ အဖွဲ့​အစည်း​တွေက လက်ခံကျင့်​သုံး​ကြတာဖြစ်ပါတယ်။ အဲသလို လက်ခံကျင့်​သုံး​ကြတဲ့​ အဖွဲ့​အစည်း​တွေထဲမှာ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​သမဂ္ဂ (ဗကသ) နဲ့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ဗကသများ​ အဖွဲ့​ချုပ်) တို့​လည်း​ အပါအဝင်ဖြစ်တယ်လို့​ ဆိုချင်ပါတယ်။

ဗမာ၊​ မြန်မာ ​ရော​ထွေး​သုံး​စွဲလာကြခြင်း​
နယ်ချဲ့​တော်လှန်​ရေး​ ကာလတ​လျောက်လုံး​မှာ တို့​ဗမာ အစည်း​အရုံး​ရဲ့​ “ဗမာသည် တိုင်း​ရင်း​သား​ အပါအဝင် တနိုင်ငံလုံး​” မူကို စွဲစွဲမြဲမြဲ ကျင့်​သုံး​လာကြ​ပေမဲ့​ ​နောက်ပိုင်း​မှာ အထူး​သဖြင့်​ တို့​ဗမာ အစည်း​အရုံး​ ​မှေး​မှိန်​ပျောက်ကွယ်ပြီး​နောက်ပိုင်း​မှာ ဗမာနဲ့​ မြန်မာကို အ​လေး​အနက် မစဉ်း​စား​ဘဲ အ​ရော​ရော အ​နှော​နှော သုံး​စွဲလာခဲ့​ကြပါတယ်။ ဒါ​ပေမဲ့​ ဗမာဆိုတဲ့​စကား​ကို ​ဖျောက်ဖျက်ပြီး​ မြန်မာ လူမျိုး​ကြီး​ဝါဒ ပြန်လည် အ​ကောင်အထည်​ဖော် အသက်သွင်း​ချင်တဲ့​ အတွက် ရည်ရွယ်ချက်ရှိရှိ ​ပြောင်း​လဲ သုံး​စွဲ လာကြတယ် လို့​တော့​ ဗိုလ်​နေဝင်း​ မတိုင်ခင်ကာလ​တွေမှာ သက်​သေ အ​ထောက်အထား​ မ​တွေ့​ရပါဘူး​။

မြန်မာဆိုတဲ့​ နာမည်ကို သိသိသာသာ ပြန်လည်သုံး​စွဲလာတာက ၁၉၄၇ ခုအ​ခြေခံဥပ​ဒေမှာ ဖြစ်ပါတယ်။ ဒါ​ပေမဲ့​ ၁၉၄၇ အ​ခြေခံဥပ​ဒေ​ရေး​ ဆွဲရာမှာ နိုင်ငံရဲ့​ နာမည်ကို အ​လေး​အနက်စဉ်း​စား​ခဲ့​ပုံမရပါဘူး​။ အငြင်း​ပွား​မှု တစုံတရာ ရှိခဲ့​ကြောင်း​လည်း​ အ​ထောက်အထား​ မ​တွေ့​ရသလို အ​လေး​အနက် ​ဆွေး​နွေး​ခဲ့​တဲ့​ အ​ထောက်အထား​မျိုး​လည်း​ မ​တွေ့​ရပါဘူး​။ တို့​ဗမာအစည်း​အရုံး​ မူကိုလည်း​ ​မေ့​လျော့​နေခဲ့​ပုံရပါတယ်။ အင်္ဂလိပ် အ​မွေခံပြီး​ အင်္ဂလိပ် သုံး​လက်စနာမည်ကိုပဲ လွယ်လွယ်ဆက်ခံ မှည့်​ခေါ်လိုက်တာ ​တွေ့​ရပါတယ်။ ဘာ့​ကြောင့်​ အင်္ဂလိပ် အ​မွေခံပြီး​ အလွယ်သုံး​လိုက်တယ်လို့​ ​ပြောသလဲ ဆို​တော့​ ၁၉၄၇ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပုဒ်မ ၂၂၂ မှာ အခုလို ​ရေး​သား​ထား​တဲ့​ အတွက် ဖြစ်ပါတယ်။

မြန်မာပြည်၊​ မြန်မာနိုင်ငံ၊​ မြန်မာနိုင်ငံ​တော်ဟူ​သော စကား​ရပ်တို့​သည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ​တော် စီရင်အုပ်ချုပ်မှု ဥပ​ဒေ၌ ပါရှိ​သော အဓိပ္ပါယ်မျိုး​ကို​ဆောင်သည်။

အင်္ဂလိပ်​ခေတ်တ​ခေတ်လုံး​မှာ အင်္ဂလိပ်အစိုး​ရက Burma မြန်မာပြည် လို့​ ကို့​လို့​ကန့်​လန့်​သုံး​ခဲ့​တဲ့​ အသုံး​ကို ၁၉၄၇ အ​ခြေခံဥပ​ဒေက လွယ်လွယ်ပဲ အ​မွေခံခဲ့​ပါတယ်။ ဒီလိုနဲ့​ လွတ်လပ်တဲ့​ နိုင်ငံ​တော်ဟာလည်း​ မြန်မာနိုင်ငံ Burma ဖြစ်လာခဲ့​ပါတယ်။ ဒါ​ပေမဲ့​ ဒါဟာ မြန်မာ လူမျိုး​ကြီး​ဝါဒကို အသက်သွင်း​ချင်တဲ့​ အတွက် တမင်သက်သက်လုပ်ခဲ့​ သလား​ဆိုတာကို​တော့​ သက်​သေ အ​ထောက်အထား​ပြသစရာ မရှိပါဘူး​။ သ​ဘောရိုး​နဲ့​ပဲ အင်္ဂလိပ်အ​မွေကို အမှုမဲ့​ အမှတ်မဲ့​ ဆက်ခံလိုက်တယ်လို့​ ထင်ရပါတယ်။

အဲဒီက​နေ​နောက်ပိုင်း​ ဖဆပလ ​ခေတ်တ​လျောက်လုံး​မှာလည်း​ ဗမာ၊​ မြန်မာ​ဝေါဟာရ ကို နိုင်ငံ​ရေး​ လက်နက်တခုအ​နေနဲ့​ ထုတ်သုံး​တာ မ​တွေ့​ရ​သေး​ပါဘူး​။ မြန်မာနဲ့​ ဗမာကို မူမရှိဘဲ အုတ်အ​ရော​ရော၊​ ​ကျောက်အ​ရော​ရော ​ရော​နှောသုံး​စွဲခဲ့​တာမျိုး​ကိုပဲ ​တွေ့​ရပါတယ်။

ဒါ​ပေမဲ့​ ဗိုလ်ချုပ်​နေဝင်း​ အာဏာသိမ်း​ပြီး​နောက်ပိုင်း​မှာ​တော့​ ဗမာက​နေ မြန်မာကို ရည်ရွယ်ချက်ရှိရှိ ​ပြောင်း​လဲလာတဲ့​ လက္ခဏာတချို့​ ​တွေ့​ရပါတယ်။ အထင်ရှား​ဆုံး​ ဥပမာက​တော့​ ဗမာ့​တပ်မ​တော်ကို မြန်မာ့​တပ်မ​တော်အဖြစ် မသိမသာ ​ပြောင်း​လဲပစ်လိုက်တာကို ကြည့်​ရင် သိနိုင်ပါတယ်။ ​ကျောင်း​သား​သမဂ္ဂကိုလည်း​ ဖျက်ဆီး​လိုက်ပါတယ်။ ဗိုလ်ချုပ်​နေဝင်း​ဟာ သူ့​ဘဝတ​လျောက်လုံး​ ​ကျောင်း​သား​ သမဂ္ဂမှာ ပါဝင်လှုပ်ရှား​ခဲ့​ဖူး​တဲ့​ သမိုင်း​အစဉ်အလာ မရှိသူမို့​ တကသ၊​ ဗကသ​တွေ အ​ပေါ်မှာ ဝန်တိုစိတ်ရှိပါတယ်။ ဗကသရဲ့​ ကြီး​မား​တဲ့​ အစဉ်အလာကိုလည်း​ ​ဖျောက်ဖျက်ချင်တဲ့​ ဆန္ဒရှိပါတယ်။

 တို့​ဗမာအစည်း​အရုံး​မှာလည်း​ ဗိုလ်ချုပ်​နေဝင်း​ဟာ ပါဝင်လှုပ်ရှား​ခဲ့​ဖူး​သူ မဟုတ်ပါဘူး​။ သခင်ရှု​မောင်နာမည်ဟာလည်း​ ဂျပန်သွား​ကာနီး​ကျမှ အ​ရေး​ပေါ်​ကောက်တပ်လိုက်တဲ့​ သခင်နာမည်မျှသာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်​နေဝင်း​ ဂျပန်ကို လိုက်ပါသွား​ခွင့်​ရတာကလည်း​ သူ့​ရဲ့​ ဦး​လေး​ဖြစ်သူ သခင်ညီ မကျန်း​မာလို့​ လူစား​ထိုး​ လိုက်ပါခဲ့​ရ တာသာဖြစ်ပါတယ်။ (ကိုကို​မောင်ကြီး​ရေး​တဲ့​ တရံ​ရောအခါတွင် ကြည့်​ပါ) သူမပါခဲ့​တဲ့​ တို့​ဗမာအစည်း​အရုံး​ရဲ့​ အစဉ်အလာကိုလည်း​ ဗိုလ်ချုပ်​နေဝင်း​ဟာ လိုလား​နှစ်သက်မှု မရှိပါဘူး​။

ဒီလိုအ​ခြေအ​နေ မှာ ဗိုလ်ချုပ်​နေဝင်း​ဟာ ဗမာအစား​၊​ မြန်မာကို တဖြည်း​ဖြည်း​ အစား​ထိုး​လာပါတယ်။ ဗမာနာမည်နဲ့​ အဖွဲ့​အစည်း​တွေကိုလည်း​ ​မှေး​မှိန်​အောင် လုပ်ပါတယ်။ တခြား​ တဘက်မှာ လည်း​ မြန်မာလူမျိုး​ကြီး​ဝါဒကို တဖြည်း​ဖြည်း​ ကျင့်​သုံး​လာပါတယ်။ ဒါ​ပေမဲ့​ ဗမာအစား​ မြန်မာကို အစား​ထိုး​ ​ပြောင်း​လဲလိုက် ​ကြောင်း​တော့​ တရား​ဝင် နာမည်တပ် ​ကြေညာတာမျိုး​ လုပ်တဲ့​ အထိ အတင့်​မရဲခဲ့​ပါဘူး​။

တို့​ဗမာအစည်း​အရုံး​သမိုင်း​ကို ၁၉၇၆ ခုနှစ်မှာ ထုတ်​ဝေတဲ့​အခါ တို့​ဗမာ အစည်း​အရုံး​သမိုင်း​မှာပါတဲ့​ ဗမာ၊​ မြန်မာ အဓိပ္ပါယ်ဖွင့်​ဆိုချက် ဟာ မဆလရဲ့​ “မြန်မာ” နဲ့​ နိုင်ငံ​ရေး​ အနှစ်သာရအား​ဖြင့်​ ​ဖြောင့်​ဖြောင့်​ကြီး​ဆန့်​ကျင်​ကြောင်း​ပေါ်လွင်လာပါတယ်။ အဲဒီအခါမှာ တို့​ဗမာ အစည်း​အရုံး​သမိုင်း​ စာအုပ်ထဲက ဗမာ၊​ မြန်မာ အဓိပ္ပါယ်ဖွင့်​ဆိုချက် ပါတဲ့​ စာမျက်နှာ ၂၁၅ မှာ ​အောက်​ခြေမှတ်စု အဖြစ်နဲ့​ ၁၉၇၄ ခုနှစ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ အဓိပ္ပါယ်ရှင်း​လင်း​ချက် စာတမ်း​ စာမျက်နှာ ၁၈ မှာပါတဲ့​ စာပိုဒ်ကို ထည့်​သွင်း​ခိုင်း​ခဲ့​ပါတယ်။ အဲဒီမှတ်စုက..

“ပြည်​ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ​တော် ဟု​ခေါ်ထား​ခြင်း​မှာ တိုင်း​ရင်း​သား​ လူမျိုး​စုံတို့​ စု​ပေါင်း​နေထိုင်သည့်​ ပြည်နယ်နှင့်​ တိုင်း​များ​ ဖွဲ့​စည်း​ထား​သော ပြည်​ထောင်စုနိုင်ငံဖြစ်​ကြောင်း​ သမိုင်း​အစဉ်တ​လျှောက် ​မြှော်မှန်း​ခဲ့​ကြသည့်​ ဆိုရှယ်လစ်စနစ်ကို မြဲမြံ ခိုင်မာစွာ တည်​ဆောက် ကျင့်​သုံး​သွား​မည့်​ နိုင်ငံဖြစ်​ကြောင်း​၊​ ဘုရင်စနစ်ဖြင့်​ အုပ်စိုး​သော နိုင်ငံမဟုတ်ပဲ၊​ လုပ်သား​ပြည်သူတို့​ အာဏာ ပိုင်စိုး​သော နိုင်ငံဖြစ်​ကြောင်း​နှင့်​ တိုင်း​ရင်း​သား​ လူမျိုး​များ​ကို သိမ်း​ကျံုး​ပေါင်း​ရုံး​၍ ​ခေါ်ဆိုသည့်​ မြန်မာဟူ​သော လူမျိုး​များ​ မှီတင်း​နေ ထိုင်ရာ နိုင်ငံ​တော် ဖြစ်​ကြောင်း​ ​ပေါ်လွင် ထင်ရှား​စေရန်ဖြစ်သည်”

ဗိုလ်ချုပ်​နေဝင်း​ဟာ တိုင်း​ရင်း​သား​လူမျိုး​အား​လုံး​ကိုယ်စား​ပြုပြဌာန်း​ထား​တဲ့​ ဗမာစကား​လုံး​အစား​၊​ မြန်မာ လူမျိုး​ကြီး​စိုး​ရေး​ ကိုသာ လိုလား​ကြောင်း​ ထင်ရှား​ပါတယ်။ ဒါ​ပေမဲ့​ ဘာ့​ကြောင့်​ မြန်မာကို တိုင်း​ရင်း​သား​အား​လုံး​ကိုယ်စား​ပြု သုံး​စွဲသင့်​ကြောင်း​ကို​တော့​ အကျိုး​သင့်​ အ​ကြောင်း​သင့်​ ရှင်း​မပြနိုင်တာကို လည်း​ ထင်း​ထင်း​ကြီး​ မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့​အပြင် ဗိုလ်ချုပ်​နေဝင်း​ဟာ ဗမာနဲ့​ မြန်မာကို ​ပြောင်​ပြောင်တင်း​တင်း​ ​ပြောင်း​ပြန် မလှန်ရဲ​သေး​ တာကိုလည်း​ သတိပြုရင် ​တွေ့​နိုင်ပါတယ်။

နယ်ချဲ့​ ​တော်လှန်​ရေး​ သမိုင်း​ကာလနဲ့​ သိပ်အလှမ်း​မကွာ​သေး​တဲ့​ အတွက်၊​ သိမှီသူ​တွေ သိပ်များ​သေး​တဲ့​ အတွက် မလှန်ရဲ​သေး​တာ ဖြစ်ပါတယ်။ ဗမာနဲ့​ မြန်မာကို အဓိပ္ပါယ်အတိအကျ ခွဲခြား​ ပြဌာန်း​ သတ်မှတ်တာမျိုး​ မလုပ်ဘဲ သူ့​သက်တမ်း​တ​လျောက်မှာ မသိမသာပဲ ဆက်လက် ​ရော​ထွေး​ သုံး​စွဲသွား​ခဲ့​ပါတယ်။


နိုင်ငံ​ရေး​ ပ​ယောဂ ဝင်လာခြင်း​
တကယ်တန်း​ ဗမာနဲ့​ မြန်မာကို ​ပြောင်​ပြောင်တင်း​တင်း​ကြီး​ ​ပြောင်း​ပြန်လှန်ပစ်ရုံသာမက ဗ၊​ မ အ​ပြောင်း​အလဲကို နိုင်ငံ​ရေး​ လက်နက် အဖြစ် အသုံး​ချခဲ့​သူက​တော့​ ဗိုလ်ချုပ်​နေဝင်း​ရဲ့​ လူယုံတပည့်​ကျော်ကြီး​ ဗိုလ်ချုပ်ခင်ညွန့်​ဖြစ်ပါတယ်။ အခွင့်​အ​ရေး​ ​ပေါ်လာလို့​လည်း​ ထုတ်သုံး​ခဲ့​တာဖြစ်ပါတယ်။
အခွင့်​အ​ရေး​ ​ပေါ်လာပုံက ဒီလိုပါ။

၁၉၈၈ မတ်လမှာ ဖုန်း​မော် အ​ရေး​ အခင်း​ ​ပေါ်လာ​တော့​ ဦး​ဆောင် လှုပ်ရှား​ခဲ့​သူ ​ကျောင်း​သား​တွေထဲမှာ အခုပါတီ​ထောင်ထား​တဲ့​ ကို​အေး​လွင်တို့​၊​ ​မြေလတ်​ကျောင်း​သား​သမဂ္ဂ​ခေါင်း​ဆောင် လုပ်ခဲ့​တဲ့​ ကို​ကျော်နိုင်မင်း​တို့​ ပါဝင်ခဲ့​ပါတယ်။ မတ်လ ၁၆ ရက် တံတား​နီ အ​ရေး​ အခင်း​မှာ ကို​ဌေး​ကြွယ်၊​ ကိုလှမျိုး​နောင်၊​ ကို​အောင်မျိုး​တင့်​ ၊​ ကိုညိုထွန်း​၊​ ကိုတင်​အေး​ စတဲ့​သူ​တွေ ပါဝင်ခဲ့​ပါတယ်။ မတ်လ ၁၇ ရက် ရန်ကုန်တက္ကသိုလ်ထဲမှာ စစ်တပ်က ​ကျောင်း​သား​တွေကို ​ကျောင်း​ဝိုင်း​ ပိတ်ဆို့​ပြီး​ ရိုက်နှက်ဖမ်း​ဆီး​တဲ့​ အထဲမှာ ကိုမင်း​ဇေယျပါဝင်ခဲ့​ပါ တယ်။ အကျဉ်း​ချုပ်​ပြောရရင် မတ်လ လှုပ်ရှား​မှုမှာ ​ခေါင်း​ဆောင်ခဲ့​သူတချို့​ဟာ ​စော​စောစီး​စီး​ အဖမ်း​ခံခဲ့​ကြရပါတယ်။

ဇွန်လ ​မြေနီကုန်း​လှုပ်ရှား​မှုမှာ​တော့​ ​မောင်​မောင်​ကျော်၊​ မင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ မိုး​သီး​ဇွန်၊​ ​အောင်ဒင်တို့​ ပါဝင် လှုပ်ရှား​ခဲ့​ကြပါတယ်။ မတ်လမှာ အဖမ်း​မခံရဘဲ လွတ်​နေ​သေး​တဲ့​ ညိုထွန်း​လည်း​ အဲဒီ အဖွဲ့​နဲ့​ အတူ ပါလာပါတယ်။ သူတို့​ဟာ ဒုတိယ ​ကျောင်း​သား​ ​ခေါင်း​ဆောင် အသုတ် ဖြစ်လာပါတယ်။

ဇူလိုင်လ ၇ ရက်​နေ့​မှာ အဖမ်း​ခံထား​ရတဲ့​ ကိုမင်း​ဇေယျ၊​ ကို​ဌေး​ကြွယ်၊​ ကိုလှမျိုး​နောင်၊​ ကို​ကျော်နိုင်မင်း​၊​ ကို​အေး​လွင် စတဲ့​ ပထမအုပ်စု ပြန်လွတ်လာကြ ပါတယ်။ မန္တ​လေး​ဆောင်မှာ ရုံး​ခန်း​ဖွင့်​ပါတယ်။

မတ်လ ၂၈ ရက် သမဂ္ဂရင်ပြင်မှာ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ် ဗကသ အဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​တဲ့​ အခါ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ ကို​အောင်ဒင်၊​ ကိုမိုး​သီး​ဇွန်တို့​ဟာ အလုပ်အမှု​ဆောင်​တွေ ဖြစ်လာကြပြီး​ ကိုမင်း​ဇေယျ၊​ ကို​ဌေး​ကြွယ်၊​ ကိုလှမျိုး​နောင်၊​ ကို​ကျော်နိုင်မင်း​၊​ ကို​အေး​လွင် စတဲ့​ ပထမအသုတ်​ခေါင်း​ဆောင်​တွေ ကျန်​နေခဲ့​ပါတယ်။

အဲဒီလို အ​ခြေအ​နေအ​ပေါ်မှာ သ​ဘောထား​ကွဲလွဲကြပြီး​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ ဖွဲ့​စည်း​ရေး​ကော်မတီ မကသဖ ဟာ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂ မကသ ရဲ့​ ​ရှေ့​ပြေး​ဖြစ်လာပါတယ်။ ဇွန်လအုပ်စု​တွေဟာ ဗကသ ဖြစ်လာပြီး​၊​ မတ်လအုပ်စုထဲက တချို့​ဟာ မကသ ဖြစ်လာပါတယ်။ ​နေရပ်အရ ​ပြောရရင်လည်း​ ဇွန်လအုပ်စု အများ​စုဟာ သင်္ကန်း​ကျွန်း​၊​ ​တောင်ဥက္ကလာဘက်မှာ ​နေကြပြီး​ မတ်လ အုပ်စု ​တော်​တော်များ​များ​ဟာ စမ်း​ချောင်း​ဘက်မှာ ​နေကြပါတယ်။ သူ့​အုပ်စု​လေး​နဲ့​သူ သီး​ခြား​လိုလို ဖြစ်​နေပါတယ်။

​ကျောင်း​သား​တွေကြား​မှာ ဒီလို သ​ဘောထား​ကွဲပြား​နေတာကို ဗိုလ်ချုပ်ခင်ညွန့်​က နိုင်ငံ​ရေး​ လက်နက် အဖြစ် အခွင့်​အ​ရေး​ယူ အသုံး​ချပြီး​ ​ကျောင်း​သား​တွေ ပိုကွ ိုကွဲ​အောင်လုပ်ပါ​တော့​တယ်။ တနိုင်ငံလုံး​က ​ကျောင်း​သား​ထုကြီး​ပါ နှစ်ခြမ်း​ကွဲသွား​အောင်အထိ ရည်ရွယ်ချက် ကြီး​ကြီး​မား​မား​ထား​ပါတယ်။ ​ကျောင်း​သား​တွေ မလိမ္မာခဲ့​ရင် ​ကျောင်း​သား​ထုကြီး​ကြား​မှာ ​သွေး​ထွက်သံယို ဖြစ်ရပ်​တွေ​တောင် ဖြစ်လာနိုင်တဲ့​ အထိ အန္တရာယ်ကြီး​နိုင်တဲ့​ ဧရာမ နိုင်ငံ​ရေး​ လုပ်ကြံမှုကြီး​တခုပါ။ ( အခု ၂၀၁၂ ခုထဲမှာ အလား​တူ ​နောက်ထပ်လုပ်ကြံမှုမျိုး​ အတွက် ​ခြေလှမ်း​ပြင်လာတာကိုလည်း​ ​တွေ့​နေရပြီဖြစ်ပါတယ်။)

အဲဒီတုန်း​က လုပ်ကြံပုံက ဒီလိုပါ။ စစ်တပ်အာဏာသိမ်း​ပြီး​ သူတို့​ အာဏာ မခိုင်မာ​သေး​ခင်၊​ ​ကျောင်း​သား​နဲ့​ ပြည်သူလူထု​တွေ ​နောက်တခါ အုံကြွ ဆန့်​ကျင်လာမှာကို ​ကြောက်​နေတဲ့​ အချိန်ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်​ဟာ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို ​ခေါ်ပြီး​တွေ့​ခဲ့​ပါတယ်။ ပထမ အဆင့်​မှာ ဗိုလ်ချုပ်ခင်ညွန့်​ရဲ့​ တပည့်​ ဗိုလ်မှူး​လှသန်း​က ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို ​တွေ့​ဆုံပြီး​ ​ကျောင်း​သား​သမဂ္ဂ တရား​ဝင်တည်​ထောင်ခွင့်​ ​ပေး​မယ်လို့​ ကမ်း​လှမ်း​ခဲ့​ပါတယ်။ ​

ကျောင်း​သား​တွေဘက်က ဗိုလ်ချုပ်ခင်ညွန့်​ကို မယုံကြည်တဲ့​ အတွက် အဲဒီ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို ရာဇဝတ်ပြစ်မှုကျူး​လွန်သည်မှ တပါး​ တခြား​ ပြစ်မှုနဲ့​ ဖမ်း​ဆီး​အ​ရေး​ယူတာမျိုး​ မလုပ်ပါဘူး​လို့​ ဗိုလ်ချုပ်ခင်ညွန့်​ ကိုယ်တိုင် လက်မှတ်​ရေး​ထိုး​ပေး​ခဲ့​ပါတယ်။ ​ကျောင်း​သား​တွေအား​လုံး​ရဲ့​ နာမည်ပါဝင်ပြီး​ ဗိုလ်ချုပ်ခင်ညွန့်​ ကိုယ်တိုင် လက်မှတ်​ရေး​ထိုး​ထား​တဲ့​ စာမူရင်း​ကို သုံး​စောင်လက်မှတ်​ရေး​ထိုး​ပေး​တဲ့​ အတွက် ​ကျောင်း​သား​တွေ ခွဲပြီး​ သိမ်း​ဆည်း​ခဲ့​ကြပါတယ်။

အဲဒီတုန်း​က ဗိုလ်ချုပ်ခင်ညွန့်​ နဲ့​ သွား​ရောက်​တွေ့​ဆုံခဲ့​ကြသူ​တွေထဲမှာ ကိုမင်း​ဇေယျ၊​ ကို​ဌေး​ကြွယ်၊​ ကိုဝင်း​ကြွယ်၊​ ကို​ကျော်နိုင်မင်း​၊​ ကိုညိုထွန်း​၊​ ကိုလှမျိုး​နောင်၊​ မခင်ဥမ္မာ၊​ ကို​အေး​လွင်၊​ မခင်မာ​ဝေ၊​ ကို​ဇော်မင်း​ တို့​ အပါအဝင် ​ကျောင်း​သား​ပေါင်း​ ၂၈ ​ယောက် လို့​ထင်ပါတယ်၊​ သွား​တွေ့​ခဲ့​ကြပါတယ်။ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ ကိုမိုး​သီး​၊​ ကို​အောင်ဒင်တို့​က သွား​မ​တွေ့​ခဲ့​ကြပါဘူး​။

ဗိုလ်ချုပ်ခင်ညွန့်​က မကသ နာမည်နဲ့​ ​ကျောင်း​သား​သမဂ္ဂဖွဲ့​စည်း​ဖို့​ ခွင့်​ပြုခဲ့​ပါတယ်။ ​နေရာနဲ့​ ​ထောက်ပံ့​မှု တချို့​ ​ပေး​ခဲ့​ပါတယ်။ ဗကသကို တရား​ဝင် အသိအမှတ်မပြုဘဲ၊​ မကသကိုသာ တရား​ဝင် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ​ကျောင်း​သား​အုပ်စု နှစ်အုပ်စုကို ပိုပြီး​ကွဲ​အောင် သပ်လျှိုလိုက်တာဖြစ်ပါတယ်။ မကသ​တွေ ​ထောက်လှမ်း​ရေး​နဲ့​ ​ပေါင်း​သလား​။ ​ထောက်လှမ်း​ရေး​ကို ဒူး​ထောက်ခဲ့​သလား​။

 ​ထောက်လှမ်း​ရေး​ ကဘာ့​ကြောင့်​ သူတို့​ကို ​ထောက်ပံ့​သလဲ။ စသည်ဖြင့်​ သံသယ​တွေလည်း​ ထွက်​ပေါ်လာပါတယ်။ ဒီလိုဖြစ်​အောင် ဗိုလ်ချုပ်ခင်ညွန့်​က ​ထောင်​ချောက်ဆင်တာပါ။

အ​ကောက်ဉာဏ်သုံး​ပြီး​ အဖွဲ့​အစည်း​တွေကြား​ထဲဝင် သပ်လျှိုဖြိုခွဲတဲ့​နေရာမှာ နာမည်ဆိုး​နဲ့​ ​ကျော်ကြား​သူ ဗိုလ်ချုပ်ခင်ညွန့်​ဟာ အကွဲပိုကြီး​အောင် အား​ဖြည့်​တဲ့​ အ​နေနဲ့​ ၁၉၈၉ ခုနှစ် ​မေလမှာ နိုင်ငံ​ရေး​လက်နက်ကို ထုတ်သုံး​ပါတယ်။ ပြည်မ​နေလူမျိုး​ကို ဗမာလို့​ခေါ်ရမယ်၊​ ရှမ်း​၊​ ကချင်၊​ ကရင်၊​ ကယား​၊​ မွန်၊​ ရခိုင်၊​ ချင်း​ စတဲ့​ တိုင်း​ရင်း​သား​ အား​လုံး​ အပါအဝင် တနိုင်ငံလုံး​နေလူ​တွေအား​လုံး​ကို​တော့​ မြန်မာလို့​ ​ခေါ်ရမယ်လို့​ ဗိုလ်ချုပ်ခင်ညွန့်​က အမိန့်​ထုတ်ပြီး​ အစဉ်အလာကို ​ပြောင်း​ပြန်လှန်ပစ်လိုက်ပါတယ်။

ဘာ့​ကြောင့်​ ဒီလို ​ပြောင်း​ပြန်လှန်သလဲ။ အ​ဖြေကရှင်း​ရှင်း​လေး​ပါ။


  • ၁။ ​ကျောင်း​သား​တွေကြား​ထဲမှာ အကွဲအပြဲကို ကြီး​သထက်ကြီး​အောင် လုပ်တာပါ။ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကြား​မှာ ကွဲဖို့​ ဆိုတာထက် ​ကျောင်း​သား​ထုကြီး​ပါ နှစ်ခြမ်း​ကွဲ​အောင် ရည်ရွယ်ချက်ကြီး​ကြီး​မား​မား​ထား​ပြီး​ လုပ်တာပါ။
  • ၂။ ဗမာနိုင်ငံလုံး​ ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်၊​ တို့​ဗမာအစည်း​ရုံး​တို့​ရဲ့​ အစဉ်အလာကို ကျဉ်း​မြောင်း​ ​သေး​သိမ်သွား​အောင် လုပ်တာဖြစ်ပါ တယ်။ ဒီအဖွဲ့​အစည်း​တွေဟာ တိုင်း​ရင်း​သား​နဲ့​ မဆိုင်သ​ယောင်ဖြစ်သွား​အောင် လုပ်တာပါ။


အဲဒီတုန်း​က “ဗ” မှန်သမျှကို အကုန် “မ” နဲ့​ အစား​ထိုး​ ​ပြောင်း​လဲ​ရေး​ကို စစ်ဆင်​ရေး​ တခုလိုလုပ်လိုက်တာဟာ ​တော်​တော် မျက်စိ​နောက်စရာ ဖြစ်ခဲ့​ပါတယ်။ “ဗ” မှန်သမျှကို “မ” နဲ့​ လိုက်အစား​ထိုး​လို့​ ဗကသ ​ကျောင်း​သား​ခေါင်း​ဆောင် ညိုထွန်း​က မခံနိုင်ဖြစ်ပြီး​ ဗိုလ်ခင်ညွန့်​လုပ်ပုံနဲ့​တော့​ ဗုဒ္ဓ​တောင် မုဒ္ဓ ​ပြောင်း​ရ ​တော့​မလို ဖြစ်​နေပြီလို့​ ​ပြောခဲ့​ပါတယ်။

ဒါကို ဗိုလ်ချုပ်ခင်ညွန့်​က စကား​လုံး​နည်း​နည်း​ ဖြတ်ညှပ်ကပ်လုပ် ၊​ လိုရာဆွဲပြီး​ ဗုဒ္ဓကို မုဒ္ဓဟု​ခေါ်သူ ညိုထွန်း​ ဆိုပြီး​ သတင်း​စာထဲမှာ ​ခေါင်း​စီး​စာလုံး​မဲကြီး​နဲ့​ ​ဖော်ပြခဲ့​ပါ​သေး​တယ်။ တကယ်တန်း​ ​နောက်ပိုင်း​မှာ​တော့​ မကသ​တွေဟာလည်း​ ​ကျောင်း​သား​ထုကို သစ္စာ​ဖောက်သူ​တွေ မဟုတ်ဘူး​ဆိုတာ ​ပေါ်လွင်ထင်ရှား​လာပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်​ဟာ သူကိုယ်တိုင် စာရွက်စာတမ်း​နဲ့​ လက်မှတ်ထိုး​ ​ပေး​ထား​တဲ့​ ကတိကို ဖျက်ပြီး​ သူမဖမ်း​ဘူး​လို့​ အာမခံထား​တဲ့​ ​ကျောင်း​သား​တွေ အား​လုံး​ကို သိမ်း​ကျံုး​ဖမ်း​ဆီး​ခဲ့​ပါတယ်။ မကသ​ခေါင်း​ဆောင်​တွေဟာ ​ရှေ့​ဆုံး​က အဖမ်း​ခံကြရပါတယ်။ ဗကသ​တွေလည်း​ အဖမ်း​ခံရပါတယ်။ ညှင်း​ပမ်း​နှိပ်စက်မှု အမျိုး​မျိုး​ကို ခံရပါတယ်။ စစ်ဗိုလ်ဆိုတာ ​ပေး​ထား​တဲ့​ ကတိဘယ်​တော့​မှ မဖျက်ဘူး​လို့​ ဒီ​နေ့​ စစ်ဗိုလ်​တွေ အ​ပြောကြီး​ ​နေကြ​ပေမဲ့​ စစ်ဗိုလ်​တွေဟာ သူတို့​ ​ပေး​ထား​တဲ့​ ကတိကို ဖျက်ခဲ့​ကြတာဟာ မ​ရေမတွက်နိုင်​အောင် များ​လှပါတယ်။

စာ​ပေစိစစ်​ရေး​ကလည်း​ ဗမာမြန်မာကို ​စောင့်​ပြီး​ စိစစ်​ရေး​လုပ်ပါတယ်။ ထုတ်​ဝေပြီး​သား​ဖြစ်တဲ့​ ဆရာ ​မောင်သာနိုး​ရဲ့​ ဗမာစာ၊​ ဗမာစကား​ စာအုပ်​တောင်မှ ​နောက်တကြိမ်ထုတ်​တော့​ မြန်မာစာ၊​ မြန်မာစကား​လို့​ ​ပြောင်း​ခိုင်း​ပါတယ်။ ဒီလိုနဲ့​ အာဏာသုံး​ပြီး​ သူတို့​ပြဌာန်း​ချက်ကို လူ​တွေ စွဲသွား​အောင် နှစ်​ပေါင်း​ နှစ်ဆယ်အစိတ်ကျင့်​သုံး​ခဲ့​ပါတယ်။ ဒါ့​ကြောင့်​လည်း​ ဒီ​နေ့​ခေတ် တိုင်း​ရင်း​သား​လူငယ်​လေး​တွေဟာ စစ်အာဏာရှင်ရဲ့​ ​ပြောင်း​ပြန်ပြဌာန်း​ချက်ကိုပဲ အမှန်လို့​ထင်လာကြတာဖြစ်ပါတယ်။ သူတို့​မွေး​ကတည်း​က ဒီအတိုင်း​တွေ့​လာရတာကိုး​။

စစ်အာဏာရှင်ရဲ့​ အဓိကရည်ရွယ်ချက်က​တော့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​ သမဂ္ဂများ​အဖွဲ့​ချုပ်ဟာ တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံ အဖွဲ့​အစည်း​ မဟုတ်ဘဲ၊​ ပြည်မ​နေလူမျိုး​တမျိုး​တည်း​ကိုသာ ကိုယ်စား​ပြုတဲ့​ ကျဉ်း​မြောင်း​တဲ့​ အဖွဲ့​အစည်း​လို့​ တိုင်း​ရင်း​သား​တွေ အထင်မှား​အောင် သပ်လျှိုချင်တဲ့​ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါတွင်မကဘဲ ​နောင်​ခေတ်အဆက်ဆက်မှာ ဗ၊​မ ပြဿနာ အ​မွေဆိုး​ကို လက်ဆင့်​ကမ်း​ သယ်​ဆောင်ပြီး​ ​ကျောင်း​သား​တွေကြား​ထဲမှာ အကွဲ​ကြောင်း​ ဆက်တိုက်​ပေါ်​နေ​အောင် ရည်ရွယ်တာဖြစ်ပါတယ်။

ဒီ​တော့​ ခြံုငုံပြီး​ ​ပြောရရင် “ဗမာသည် တနိုင်ငံလုံး​” မူဟာ လူမျိုး​ကြီး​ဝါဒကို ဆန့်​ကျင်တဲ့​ အ​ခြေခံ​ပေါ်မှာ စတင်သုံး​စွဲလာတဲ့​ မူဖြစ်ပါတယ်။ ​ခေတ်အဆက်ဆက်မှာ ဂုဏ်​ရောင်ထွန်း​ပြောင်ခဲ့​တဲ့​ သမိုင်း​တန်ဖိုး​ကိုလည်း​ ကိုယ်စား​ပြုပါတယ်။ “မြန်မာသည် တနိုင်ငံလုံး​” မူ က​တော့​ လူမျိုး​ကြီး​ဝါဒကို ကိုယ်စား​ပြုပါတယ်။ ​သွေး​ခွဲသပ်လျှိုခဲ့​တဲ့​ သမိုင်း​ကို ကိုယ်စား​ပြုပါတယ်။

“ဗမာသည် တနိုင်ငံလုံး​” မူဟာ တို့​ဗမာ အစည်း​အရုံး​မူဖြစ်ပါတယ်။ “မြန်မာသည် တနိုင်ငံလုံး​” မူ က​တော့​ ဗိုလ်ချုပ်ခင်ညွန့်​ မူဖြစ်ပါတယ်။

ဒါ့​ကြောင့်​ နိုင်ငံ​တော်ရဲ့​ နာမည်သည်ပင် စစ်အာဏာရှင် အ​ငွေ့​အသက်၊​ ပ​ဒေသရာဇ် အ​ငွေ့​အသက်လွှမ်း​ခြံု​နေတဲ့​ မြန်မာဆိုတဲ့​ နာမည်အစား​၊​ ဗမာဆိုတဲ့​ နာမည်ကိုယူသင့်​ပါတယ်။ ပြည်​ထောင်စု ဗမာနိုင်ငံ​တော် ဖြစ်သင့်​ပါတယ်။ လူမျိုး​စုံ​သွေး​စည်း​ညီညွတ်​ရေး​ အစဉ်အလာနဲ့​ မှည့်​ခေါ်ထား​တဲ့​ ဗမာကသာ အသင့်​တော်ဆုံး​ဖြစ်ပါတယ်။ အင်္ဂလိပ်လို ​ရေး​ရင်လည်း​ Bamar သို့​မဟုတ် Bama လို့​သာ ​ရေး​သင့်​ပါတယ်။

ဗမာဆိုတဲ့​ နာမည်​ရော၊​ မြန်မာဆိုတဲ့​နာမည်​ရောဟာ ရင်း​မြစ်ကိုကြည့်​ရင် ပြည်မ​နေလူမျိုး​စုနဲ့​သာ သက်ဆိုင်တဲ့​အတွက် နာမည်နှစ်မျိုး​လုံး​ကို မကြိုက်ဘူး​ဆိုတဲ့​ အမြင်မျိုး​လည်း​ တိုင်း​ရင်း​သား​တွေကြား​မှာ ရှိခဲ့​ဖူး​ပါတယ်။ ၁၉၉၀ ဝန်း​ကျင် ကစပြီး​ ၁၉၉၄ ခုနှစ် ဝန်း​ကျင်အထိ မာနယ်ပ​လော အား​ကောင်း​စဉ်ကာလတုန်း​က ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့​ချုပ် DAB ကဦး​စီး​ ကျင်း​ပတဲ့​ ဖက်ဒရယ် ပြည်​ထောင်စု ဖွဲ့​စည်း​ပုံ ပြန်လည်​ရေး​ဆွဲ​ရေး​ အစည်း​အ​ဝေး​တွေထဲမှာ နိုင်ငံအမည် ပြင်ဆင်​ပြောင်း​လဲ​ရေး​ ​ဆွေး​နွေး​ပွဲ တခုပါဝင်ခဲ့​ဖူး​ပါတယ်။

 မြန်မာ​ရော၊​ ဗမာပါ မပါ​အောင် ​ရှောင်ပြီး​ ​ရွှေပြည်ဗိမာန်၊​ ​ရွှေနိုင်ငံ၊​ သံလွင်ဧရာ၊​ ​ဇေယျာသီရိ ဆိုပြီး​ နာမည် အမျိုး​ မျိုး​ စမ်း​ပေး​ကြည့်​ဖူး​ပါတယ်။ သူတို့​ပေး​တဲ့​ နာမည်​တွေကို သူတို့​ကိုယ်တိုင် မကြိုက်နိုင်ခဲ့​ကြပါဘူး​။ နာမည်​တွေက သ​င်္ဘောနာမည်လိုလို၊​ ကား​ဂိတ်နာမည်​တွေလိုလို အများ​စိတ်ထဲမှာ ရယ်စရာ​တွေ ဖြစ်​နေခဲ့​ပါတယ်။ တကယ်​တော့​ ကြိုက်နိုင်တယ်ဆို​စေဦး​တော့​၊​ အဲဒီနာမည်​တွေဟာလည်း​ မြန်မာဘာသာနဲ့​ ​ပေး​ထား​တဲ့​ နာမည်​တွေ ဖြစ်​နေပါ​သေး​တယ်။

တကယ်​တော့​လည်း​ တရား​ဝင်နိုင်ငံနာမည် ဆိုတာဟာ အသံထွက် တမျိုး​တည်း​ပဲ ဖြစ်သင့်​တယ်မဟုတ်လား​။ ဒီ​တော့​ ဘာသာစကား​တမျိုး​တည်း​နဲ့​ပဲ ​ပေး​ရ​တော့​မှာပါ။ ဒါမှမဟုတ် မြန်မာအရိပ်နဲ့​ လွတ်​အောင် ချင်း​စာ၊​ ရှမ်း​စာ၊​ မွန်စာ၊​ ကချင်စာနဲ့​ နာမည်​ပေး​မယ်ဆိုရင်​ရော၊​ တိုင်း​ရင်း​သား​ အား​လုံး​ကို ကိုယ်စား​ပြုနိုင်မှာပါလား​။

ဒါမှ မဟုတ် အင်္ဂလိပ်လို ​ပေး​ဦး​မလား​။ ဒါဆိုရင် ပို​တောင် ဆိုး​ပါဦး​မယ်။ ဒီ​တော့​ ဒီ​လောက်အထိ အသစ်ထွင်ဖို့​ စဉ်း​စား​ချက်ဟာ နာမည်ဆိုတဲ့​ ပညတ်အ​ပေါ် အယူသီး​လွန်း​ရာကျတဲ့​ သ​ဘောဖြစ်​နေပါလိမ့်​မယ်။ ပညတ်က အဓိကမဟုတ်ပါဘူး​။ နိုင်ငံ​ရေး​ သ​ဘောထား​၊​ နိုင်ငံ​ရေး​ ရည်ရွယ်ချက်၊​ ထား​ရှိတဲ့​ ​စေတနာကသာ အဓိကဖြစ်ပါတယ်။ လူမျိုး​စု စည်း​လုံး​ညီညွတ်​ရေး​ကို ရည်ရွယ်ပြီး​ တီထွင်သုံး​စွဲထား​တဲ့​ သမိုင်း​ အစဉ်အလာ​ကောင်း​တဲ့​ ဗမာနိုင်ငံဆိုတဲ့​ စကား​လုံး​ဟာ တိုင်း​ရင်း​သား​ လူမျိုး​စုအား​လုံး​ အပါအဝင်ဖြစ်တဲ့​ နိုင်ငံ​တော်ကို ​ခေါ်ဆိုထိုက်တဲ့​ အသင့်​တော်ဆုံး​နာမည်ဖြစ်တယ်လို့​ ဆိုချင်ပါတယ်။


ဒါ့​အပြင် တခြား​နိုင်ငံ​တွေရဲ့​ နမူနာကိုလည်း​ ကြည့်​ပါ။ ဂျာမနီမှာ ဂျာမန်လူမျိုး​တမျိုး​တည်း​နေတာ မဟုတ်ပါဘူး​။ ဒါ​ပေမဲ့​ အများ​စု ဂျာမန်​တွေရဲ့​ နာမည်ကိုပဲ နိုင်ငံ နာမည် ​ပေး​ထား​ပါတယ်။ ရုရှား​မှာလည်း​ ရုရှား​လူမျိုး​တမျိုး​တည်း​ ​နေတာ မဟုတ်ပါဘူး​။ တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံ​နေထိုင်ကြပါတယ်။ ဒါ​ပေမဲ့​ ဆိုဗီယက်ယူနီယံ မတိုင်ခင်နဲ့​ ဆိုဗီယက်လွန်ကာလမှာ သူ့​နိုင်ငံနာမည်ကို ရုရှား​လို့​ ​ပေး​ထား​ တာနဲ့​ ပတ်သက်ပြီး​ ဘာမှ ပြဿနာ အကြီး​အကျယ် မတက်ပါဘူး​။ ထိ်ုင်း​နိုင်ငံ၊​ မ​လေး​ရှား​၊​ အင်ဒိုနီး​ရှား​တို့​ဟာလည်း​ အလား​တူ ​နောက်ထပ်ဥပမာ​တွေ ဖြစ်ကြပါတယ်။ မှန်ပါတယ်။

သူတို့​မှာလည်း​ သမိုင်း​မှာ အသာရခဲ့​တဲ့​ လူမျိုး​၊​ အ​ရေအတွက် များ​တဲ့​ လူမျိုး​ရဲ့​ နာမည်က ကြီး​စိုး​သွား​တာပါ။ ဒါမျိုး​ဟာ ကျွန်​တော်တို့​ နိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံအများ​အပြား​မှာ ဖြစ်ခဲ့​တယ်လို့​ ဆိုချင်တာပါ။ သမိုင်း​ထဲက ထွက်​ပေါ်လာတဲ့​ ရလဒ်လို့​ ဆိုချင်တာပါ။ ဒီ​တော့​ သူတို့​မှာ ပြဿနာမတက်ဘဲ ကျွန်​တော်တို့​မှာ ပြဿနာတက်တာက ဘာ့​ကြောင့်​ပါလဲ။ အဓိကက လက်ရှိ နိုင်ငံ​ရေး​ကြောင့်​ပါ။ မျက်​မှောက်ကာလမှာ လူမျိုး​စု​တွေအ​ပေါ်မှာ ကျွန်​တော်တို့​ အစိုး​ရက လူမျိုး​ရေး​ဖိနှိပ်မှု​တွေ လုပ်ထား​လို့​ပါ။ အနှစ်သာရ ဖြစ်တဲ့​ အဲဒီနိုင်ငံ​ရေး​ကို ​ပြောင်း​လဲနိုင်ဖို့​က လိုရင်း​ပါ။

 နာမည်အ​နေနဲ့​က​တော့​ ​စော​စောက ​ပြောသလို ရည်ရွယ်ချက်​ကောင်း​၊​ သမိုင်း​အစဉ်အလာ​ကောင်း​တဲ့​ ဗမာဆိုတဲ့​ နာမည်ကို ခံယူသင့်​ပါတယ်။ လူမျိုး​စု အ​ပေါ်မှာ ရည်ရွယ်ချက်​စေတနာလည်း​ မ​ကောင်း​၊​ သမိုင်း​အစဉ်အလာလည်း​ မ​ကောင်း​တဲ့​ ပ​ဒေသရာဇ်နဲ့​ စစ်အာဏာရှင်​တွေသုံး​တဲ့​ “မြန်မာဟာ လူမျိုး​အား​လုံး​ အကြံုး​ဝင်တယ်” ဆိုတဲ့​မူဟာ မနှစ်မြို့​စရာ နာမည်ဖြစ်ပါတယ်။


ဒါ့​ကြောင့်​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်အ​နေနဲ့​လည်း​ “ဗမာ” နာမည်ကို ရဲရဲရင့်​ရင့်​၊​ လိပ်ပြာသန့်​သန့်​နဲ့​ ခံယူဖို့​ လိုပါတယ်။ အခုလို “ဗ” နာမည် ရဲရဲ ခံယူဖို့​လိုအပ်တယ်လို့​ ​ပြောတာဟာ “ဗ” နဲ့​ “မ” ကွဲပြား​ခဲ့​ဖူး​တဲ့​ ကိုမင်း​ကိုနိုင်တို့​နဲ့​ ကိုမင်း​ဇေယျတို့​ ကြား​မှာရှိခဲ့​တဲ့​ ပြဿနာ​ဟောင်း​ကို အစပြန်​ဖော်တာ မဟုတ်​ကြောင်း​ကို​တော့​ အတိအလင်း​ ​ပြောကြား​ချင်ပါတယ်။ ပြဿနာ အစပြန်​ဖော်တာ မဟုတ်သလို ကိုမင်း​ကိုနိုင်တို့​ဘက်ကို ဘက်လိုက်တာလည်း​ မဟုတ်ဘူး​။

 အား​လုံး​ အတူတကွ တိုင်း​ပြည်အ​ရေး​ ​ဆောင်ရွက်ကြသူ​တွေ ဖြစ်ကြတဲ့​ အတွက် ဘယ်သူ့​ဘက်မှလည်း​ လိုက်စရာမလိုပါဘူး​။

“ဗ” နာမည်ခံယူတာဟာ ပြဿနာကို အစ​ဖော်တာလည်း​ မဟုတ်ပါဘူး​။ ပြဿနာကို အဆုံး​သတ်တာဖြစ်ပါတယ်။ ​နောက်​နောင် မျိုး​ဆက်​တွေလက်ထဲမှာ ဒီပြဿနာပါမလာ​တော့​အောင် အဆုံး​သတ်တာပါ။ ကွဲ အ​မွေကို လက်ဆင့်​မကမ်း​ချင်လို့​ ဒီမှာ အဆုံး​သတ်ဖို့​ ကြိုး​စား​တာဖြစ်ပါတယ်။


ဒီ့​ထက် ပိုအ​ရေး​ကြီး​တဲ့​ စကား​ကို ဆိုရရင် ဗ၊​မ ပြဿနာရဲ့​ အဓိက နိုင်ငံ​ရေး​ ဝိ​ရောဓိဟာ ၈၈ ​နောက်ပိုင်း​ ​ပေါ်​ပေါက်ခဲ့​တဲ့​ ဗကသ၊​ မကသ အုပ်စုနှစ်စုကြား​က ဝိ​ရောဓိက အဓိက မဟုတ်ဘူး​။ ဗကသ၊​ မကသ ကို အ​ကြောင်း​ပြုပြီး​ ဒီပြဿနာစခဲ့​တာဖြစ်​ပေမဲ့​ တကယ့်​ ဝိ​ရောဓိ တကယ့်​ ပဋိပက္ခက ဒီ့​ထက်ပိုကြီး​ကျယ်ပါတယ်။
တကယ့်​အဓိက ဝိ​ရောဓိက စစ်အာဏာရှင်​တွေရဲ့​ “မ” နဲ့​ တို့​ဗမာအစည်း​အရုံး​ရဲ့​ “ဗ”၊​ ကို​အောင်ဆန်း​၊​ ကိုဗဟိန်း​တို့​ရဲ့​ “ဗ” ကြား​က ဝိ​ရောဓိ ၊​ စစ်အာဏာရှင်ကိုယ်စား​ပြု “မ” နဲ့​ တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံကိုယ်စား​ပြု “ဗ” ကြား​က ဝိ​ရောဓိ​တွေကသာ တကယ့်​ဝိ​ရောဓိ၊​ တကယ့်​ ပဋိပက္ခဖြစ်ပါတယ်။
ဗကသနာမည် ခံယူဖို့​လိုအပ်တယ်လို့​ ​ပြောတာဟာ


  • ၁။ ကို​အောင်ဆန်း​၊​ ကိုဗဟိန်း​တို့​ခံယူခဲ့​တဲ့​ သမိုင်း​အစဉ်အလာ၊​ ​ကျောင်း​သား​ထုကြီး​တခုလုံး​က မျိုး​ဆက်အဆင့်​ဆင့်​ လက်ဆင့်​ကမ်း​ ခံယူခဲ့​တဲ့​ သမိုင်း​အစဉ်အလာကို ကိုယ့်​သ​ဘောနဲ့​ ကိုယ် ပြုပြင်​ပြောင်း​လဲဖို့​ မဖြစ်နိုင်လို့​၊​
  • ၂။ တို့​ဗမာအစည်း​အရုံး​က အတိအလင်း​ ​ကြေညာ ပြဌာန်း​ထား​တဲ့​ သတ်မှတ်ချက်ကို ခိုင်လုံတဲ့​ အ​ကြောင်း​ပြချက် မရှိဘဲ ဆန့်​ကျင်ဖို့​ မဖြစ်နိုင်လို့​၊​
  • ၃။ စစ်အာဏာရှင်တို့​ရဲ့​ သမိုင်း​ကို ​ပြောင်း​ပြန်လှန်တဲ့​လုပ်ရပ်ကို မ​ထောက်ခံနိုင်လို့​၊​
  • ၄။ စစ်အာဏာရှင်တို့​ရဲ့​ မြန်မာ မဟာလူမျိုး​ကြီး​ဝါဒကို လက်မခံနိုင်လို့​၊​
  • ၅။ ဗကသကို တမင်သက်သက် ကျဉ်း​မြောင်း​အောင် ရည်ရွယ်ချက်ရှိရှိ လုပ်​ဆောင်တဲ့​ စစ်အာဏာရှင်တို့​ရဲ့​ ဦး​ချိုး​တဲ့​ လုပ်ရပ်ကို ဒူး​ထောက်လက်ခံတာမျိုး​ မလုပ်နိုင်လို့​
  • ဆိုတဲ့​ အချက်ငါး​ချက်​ကြောင့်​ဖြစ်ပါတယ်။


ဗမာ၊​ မြန်မာပြဿနာဟာ ပြည်​ထောင်စုကြီး​ တခုလုံး​နဲ့​ ဆိုင်တဲ့​ ပြဿနာ ဖြစ်ပါတယ်။ ဗကသများ​ အဖွဲ့​ချုပ်ဆိုတာဟာလည်း​ ​ကျောင်း​သား​ထုကြီး​ တခုလုံး​နဲ့​ ဆိုင်တဲ့​ နာမည်ပါ။ သမိုင်း​အစဉ်အလာကြီး​မား​လှတဲ့​ ဒီနာမည် အ​ပေါ်မှာ ​ကျေနပ်မှုမရှိဘူး​ဆိုရင်ဖြင့်​ လွတ်လွတ်လပ်လပ် စည်း​ရုံး​ပြောဆိုခွင့်​ရတဲ့​ အ​ခြေအ​နေတခု​အောက်မှာ စာ​ပေပညာရှင်၊​ သမိုင်း​ပညာရှင်​တွေ၊​ ဝါရင့်​ နိုင်ငံ​ရေး​ ​ခေါင်း​ဆောင်​တွေ အ​ကြေအလည် ပါဝင်​ဆွေး​နွေး​ပြီး​နောက် ​ကျောင်း​သား​ထုညီလာခံကြီး​ခေါ်ယူပြီး​၊​ ဒါမှမဟုတ် ​ကျောင်း​သား​ အား​လုံး​ဆန္ဒခံယူပွဲကြီး​လုပ်ပြီး​မှသာ ​ပြောင်း​လဲသင့်​ပါတယ်။ ဗကသနာမည်ကို ကိုယ့်​သ​ဘောနဲ့​ကိုယ် လွယ်လွယ်​ပြောင်း​ဖို့​ ဆိုတာဟာ မကြံ​ကောင်း​ မစည်ရာ ကိစ္စကြီး​ပါ။

သိန်း​ဇော်မြင့်​

ကိုး​ကား​

  • ၁။ တို့​ဗမာ အစည်း​အရုံး​သမိုင်း​ 
  • ၂။ သိပ္ပံစိုး​ရင်ရဲ့​ မြန်မာ့​ယဉ်​ကျေး​မှု သမိုင်း​ 
  • ၃။ ဦး​ကျော်ထွန်း​ရဲ့​ မြန်မာဟူ​သော စကား​ဖြစ်လာရင်း​ မူလအ​ကြောင်း​။ မြန်မာနိုင်ငံ သု​တေသန အသင်း​ဂျာနယ်။ အတွဲ ၂၃၊​ အမှတ် ၂။ 
  • ၄။ ၁၉၄၇ ခုနှစ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ 
  • ၅။ ဘီဘီစီ အလင်္ကာပုလဲပန်း​ အမှတ် ၃။ ဗမာ၊​ မြန်မာပြဿနာ။
  •  ၆။ ကိုကို​မောင်ကြီး​ရဲ့​ တရံ​ရောအခါ