ဗမာ ဆိုတဲ့ စကားလုံးဟာ ပြည်မနေ လူများစု လူမျိုးကို ခေါ်တာလား။ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်တွေ အားလုံး အပါအဝင် တိုင်းရင်းသား အားလုံးကို ခေါ်တာပါလား။
ဒို့ဗမာ အစည်းအရုံး သမိုင်း စာမျက်နှာ ၂၁၅ မှာတော့
"ဒို့ဗမာ အစည်း အရုံးသည် မူလ တည်ထောင် စဉ်မှ စ၍ သမိုင်း တလျှောက်လုံး လူမျိုးစု အားလုံး၏ ညီညွတ်ရေးကို အလေးပေး ခဲ့ကြောင်း၊ 'ဒို့' ဟူသော စကား၊ 'ဗမာ နိုင်ငံ ဗမာပြည်' ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာ ထင်ရှား ပေသည်။"
"မြန်မာ နိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာ လူမျိုးများ နေထိုင်သော မြန်မာ နိုင်ငံဟု အဓိပ္ပါယ် ရောက်သည်။ မြန်မာနိုင်ငံ ဆိုသည်မှာ မြန်မာ ပဒေသရာဇ်များက ပေးသော နာမည် ဖြစ်သည်။ မမှန်ကန်။ ဗမာ နိုင်ငံသည် မြန်မာ လူမျိုးတမျိုးတည်း နေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြန်မာပြည် ဟုမသုံး၊ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသား အားလုံးကို ဗမာဟု ခေါ်သည်။"
လို့ ဖွင့်ဆိုထားပါတယ်။
ဘာသာဗေဒ ပညာရှင် ဆရာ မောင်သာနိုးကလည်း ဗမာ ဆိုတာ ဗြဟ္မာ( အသံထွက် ဗရမာ) ဆိုတဲ့ စကားလုံးက လာတာဖြစ်တဲ့ အတွက် ဗမာဟာ မူလ ဖြစ်တယ်၊ မြန်မာ ဆိုတဲ့ စကားကို တော့ ပုဂံခေတ်မှာ မြန်မာပဒေသရာဇ်တို့ သုံးနှုန်းခဲ့တာ ဖြစ်တယ်၊ ဒါ့ကြောင့် ဗမာဟာ တနိုင်ငံလုံး မြန်မာဟာ ပြည်မနေလူမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
အိန္ဒိယ နိုင်ငံမှာ ဗမာလူမျိုးကို ဗြဟ္မာ (ဗရမာ)၊ ဗမာစာကို ဗြဟ္မီ (ဗရမီ) လို့ ဒီနေ့အထိ ခေါ်ဝေါ် သုံးနှုန်းနေသေးတယ်လို့လည်း ဆရာ မောင်သာနိုးက ထောက်ပြပါတယ်။
ဆရာ ဦးစောထွန်းကလည်း ထိုင်းနိုင်ငံမှာ ဗမာကို ဖမာလို့ ဒီနေ့အထိ ခေါ်နေသေးတာဟာ စဉ်းစား စရာဖြစ်တယ်လို့ ဆိုပါတယ်။
ဗမာနဲ့ မြန်မာမှာ ဘယ်စကားလုံးကိုမှ တိုင်းရင်းသား အားလုံး အပါအဝင် တနိုင်ငံလုံးကို ခေါ်ခဲ့ ကြောင်း ရှေး အထောက်အထား ဇစ်မြစ် မတွေ့ဘူးလို့ ဆရာ ဦးစောထွန်းက ဆိုပါတယ်။
ဒို့ဗမာ အစည်းအရုံးရဲ့ သမိုင်းဝင် အဓိပ္ပါယ် သတ်မှတ်ချက်ကို ဗိုလ်ချုပ် နေဝင်းနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့က ပြောင်းပြန်လှန်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဒို့ဗမာ အစည်း အရုံးရဲ့ နယ်ချဲ့တော်လှန်ရေး သမိုင်းကို မထောက်ထားဘဲ ပြောင်းလဲခဲ့ရခြင်း အတွက် အကြောင်းအရာ မယ်မယ်ရရ မရှိဘဲ၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြောင်းလဲပစ်ခဲ့ တာသာ ဖြစ်ပါတယ်။
အသံလွှင့် အစီအစဉ်ကို အထက်က အသံဖိုင်ဖွင့်ပြီး နားဆင်နိုင်ပါတယ်။
0 comments:
Post a Comment