"ဗမာ" ဟူ၍ စာတတ်ပေတတ် ပုဂ္ဂိုလ်၊မူးမတ် အစိုးရမင်းများက မသုံးကြ၊ မရေးကြ။ "ဗမာ" ဟူသည် ဗြဏ္မာမှ ဆင်းသက်ကောင်း ဆင်းသက်နိုင်မည်။ သို့သော် မြန်မာစာပေဟု မားမားမတ်မတ်ပေါ်လာသော အနော်ရထာပုဂံခေတ်မှ စတင်၍ "မြန်မာလူမျိုး၊ မြန်မာနိုင်ငံ"သာလျှင် အက္ခရာရေးထုံး၊ ရုံးသုံး (ဝါ) ထီးနန်းသုံးဖြစ်သည်။
သီပေါမင်းပါတော်မူသည်အထိ တိုင်းရင်းသားအားလုံး ပါဝင်သောအမည်ကို မည်သည့်ဘုရင်မှ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ပေးသွားခြင်းမရှိ။ မြန်မာပြည်၊ ရှမ်းပြည်၊ ရခိုင်ပြည်ဟူသော လူမျိုးအမည်ကိုသာ နိုင်ငံအမည် သတ်မှတ်ခဲ့ကြသည်။
ရှေးက လူမျိုးတမျိုးတည်း နေထိုင်ပြီး တထီးတနန်း မင်းအစိုးရရှိသော သီးခြား နယ်မြေကို ရှမ်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်ဟု သတ်မှတ်ကြသည်။ ထိုစဉ်က တိုင်းရင်းသားဟူသော သတ်မှတ်ချက်မရှိ။ လူမျိုး (၁၀၁)ပါး စသည်ဖြင့် လူမျိုးသတ်မှတ်ချက်သာရှိ၏။
ထိုလူမျိုးတမျိုးက တခြားလူမျိုး၏ နယ်မြေကို သိမ်းပိုက်သောအခါလည်းရှိသည်။ ထိုအခါ စစ်နိုင်လူမျိုး၏ အမည်ကို နိုင်ငံ၏ အမည်အဖြစ် ယေဘုယျ သိမ်းကြံုး သတ်မှတ်ခေါ်ဝေါ်ကြသော်လည်း ရှမ်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်ဟူသော အမည်ကို ပယ်ဖျက်ခြင်းမရှိခြေ။ ထိုကာလတွင် ပြည်နယ်ခွဲ သတ်မှတ်မှုမရှိ။

သက္ကရာဇ် ၈၁၇ ရခိုင်ဘုရင် ဘစောဖြူမင်း လက်ထက် အမတ်ကြီး ဘဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း ခေါ် မောက်တော် ဧချင်း

၁၇၉၉ ထုတ် Francis Buchanan ရေးသားသည့် "A Comparative Vocabulary of Some of the Languages Spoken in the Burma Empire " စာအုပ်
ဗမာ
လူမျိုးအားလုံးပါဝင်ရေး မူဝါဒ နှင့် အမည်သစ် သတ်မှတ်မှုမှာ ၁၉၃ဝတွင် ရှေးရိုးစဉ်လာမှ ခွဲထွက်ပြီး စည်းလုံးမှုတည်ဆောက်လိုသော ပညာတတ်လူငယ်တစုမှ စတင်ကြိုးစားခဲ့သည်။ လူထုပွဲတခုတွင် "ဒို့ဗမာ" ဟု ဟစ်ကြွေးသံကြားပြီး ထိုအမည်သစ် စိတ်ကူးရလာကြသည်။
အသစ်အဆန်းရှာဖွေမည့်အစား နှုတ်ကျိုးနေသော ထိုအာမေဒိဋ်သံကို ပြည်သူအားလုံး၏အမည်သစ် အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ကြသည်။ ပြည်သူအားလုံးဆိုသည်မှာ (ယနေ့သတ်မှတ်သော တိုင်းရင်းသားများ သာမက) တပြည်လုံးရှိ ပြည်သူအားလုံးကို ရည်ရွယ်သည်။လူမျိုး ခွဲခြားမှုမရှိ။
"ဗမာ" ဟူသော အရပ်သုံးစကားကို ထီးသုံးနန်းသုံး (ရုံးသုံး) အဖြစ် နိုင်ငံရေးရည်ရွယ်ဖြင့် ပြည်သူ့အမည်သစ်အဖြစ် သတ်မှတ်ကြခြင်းဖြစ်သည်။ ယနေ့ခေတ် "ပဲခူး"ကို "ပဂိုး" အဖြစ် ပုံနှိပ်လျှင် သတ်ပုံမှားသည်ဟု ဝေဖန်ကြလိမ့်မည်။ ထိုခေတ်တွင်လည်း တောခြံုကြားက "ဗမာ"ကို စာရွက်ပေါ်တင်လာသော အခါ စာတတ်ပေတတ် လူကြီးများမှ ဝေဖန်ကန့်ကွက်ကြသည်။ ဤကား ခေတ်စမ်းတီတွင်မှုတည်း။
တခြားအမည် မရှာဘဲ အဘယ့်ကြောင့် "ဗမာ"ကို ရွေးချယ်သနည်း။ စဉ်းစားစရာ ဖြစ်ပေမည်။ အကယ်၍ လုံးဝပြည်သူနှင့် မနီးစပ်သော အသစ်အဆန်းကို တီတွင်ပါက ပြည်သူကြား ကျယ်ပြန့် ပေါက်မြောက်မည်မဟုတ်။ သို့တိုင် "ဗမာ" အမည် နှင့် ဝါဒကို လူသိများစေရန် "တို့ဗမာ" သီချင်းဖြင့် အခမ်းအနားကျင်းပကာ လှံု့ဆော်မြှင့်တင်ခဲ့ရသည်။ တို့ဗမာသီချင်းသည် ရိုးရိုးသီချင်း မဟုတ်၊ ဝါဒဖြန့် သီချင်းဖြစ်သည်။ အစည်းအရုံးထက် သီချင်းက ရှေးပိုကျသည်။ အစည်းအရုံး ရုံးခန်း မထူထောင်နိုင်ခင် သီချင်းက ထွက်နှင့်ပြီး ဖြစ်သည်။ မူလရည်ရွယ်အဓိပ္ပာယ်ကို သီချင်းတွင် "တိုင်းရင်းသားစုံညီ တို့ပြည်လို့ မှတ်ထင်၊ တို့ဗမာခင်" ဟု အတိအလင်းဖော်ပြခဲ့သည်။
ထိုနည်းတူ မူလအဓိပ္ပာယ်ရှိပြီး အမည်တခုကို ရည်ရွယ်အဓိပ္ပာယ်သို့ ပြောင်းလဲတီတွင်မှု များစွာပြုလုပ်ခဲ့သည်။
အထင်ရှားဆုံး သာဓက တခုမှာ "သခင်" ဝေါဟာရဖြစ်သည်။ မူလအဓိပ္ပာယ် "သခင်" သည် ပုဂ္ဂလိကပိုင်သဘော ဆောင်သည်။ တဦးတယောက်၏ ပိုင်ဆိုင်မှု သဘောဆောင်သည်။ တို့ဗမာဝါဒမှ သတ်မှတ်သော "သခင်"သည် ပြည်သူပိုင်၊ အများပိုင်သဘောဆောင်သည်။ တတိုင်းပြည်လုံး၏ အရှင်သခင်သည် တဦးတယောက်တဖွဲ့ပိုင် မဟုတ်၊တိုင်းရင်းသားနှင့် ပြည်သူလူထု အများပိုင်ဖြစ်သည်။ ပြည်သူသည် သခင်ဖြစ်သည်၊ "ဗမာ" သည် သခင်ဖြစ်သည်။ ဤကား တဦးပိုင် ရှင်ဘုရင်သခင်ကို ပလ္လင်ပေါ်က ဆွဲချလိုက်ခြင်း ဖြစ်သည်။
အုပ်ချုပ်သူတို့သည် ပြည်သူ့အခွန်ကို စားကြ၏။ ပြည်သူ့အစေခံဖြစ်၏ ဟု ပြောင်ပြောင်တင်းတင်း ရည်ရွယ်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ အုပ်ချုပ်သူသည် အစေခံ၊ အအုပ်ချုပ်ခံ ပြည်သူသည် သခင် ဟူသော ဝါဒကို အဘယ်အာဏာရှင်အစိုးရက ကြိုက်မည်နည်း။
မကြိုက်၍ ကိုလိုနီခေတ်၊ မ-ဆ-လခေတ်တွင် မတရားအသင်း ကြေညာခံရ၏၊ သမိုင်းဖျောက်ခံရ၏။ ဖျောက်မရသော အမည်ကို မလိမ့်တပတ် ဖလှယ်ခံရ၏။ [ လွတ်လပ်ရေးရပြီးအထိ (၁၉၄၈ လွတ်လပ်ရေးကြေညာစာတမ်းတွင်ပင်) မြန်မာလူမျိုးဟု တရားဝင်သုံးစွဲဆဲဖြစ်၏။ ] မ-ဆ-လ ခေတ်ရောက်မှသာ ပြည်သူ့ကိုယ်စားပြု ဗမာအမည်ကို ဗမာလူမျိုးအမည်အဖြစ် မလိမ့်တပတ် ဖလှယ်ခံရ၏။
မူလအဓိပ္ပာယ် ဝေါဟာရရှုထောင့်မှ ကြည့်လျှင် "သခင်" ကို တို့ဗမာအစည်းအရုံးက တီတွင်သည် မဟုတ်။ သခင်အမည် ရှေ့တပ်ခေါ်ခြင်းသည်လည်း တို့ဗမာအစည်းအရုံးက စတင်ခဲ့သည် မဟုတ်။ "ဝဏ္ဏသေး"ရွာတွင် ရွာသားတိုင်း နာမည်ရှေ့တွင် "သခင်" တပ်ခေါ်သော ဓလေ့ရှိခဲ့ပြီး ဖြစ်သည်။
သို့ဆိုလျှင် တို့ဗမာအစည်းအရုံးသည် မည်သည်ကို တီတွင်သနည်း။ နိုင်ငံရေးသဘောပါသော ရည်ရွယ်အဓိပ္ပာယ်ကို ပထမဆုံး သတ်မှတ်ခြင်းဖြင့် အမည်သစ် တီတွင်ခြင်းဖြစ်သည်။
ထိုနည်းတူ "အတွင်းရေးမှူး"၊ "အမှတ်စဉ်" စသော ဝေါဟာရများကို တီတွင်ခဲ့သည်။
အုပ်ချုပ်ရေးသီးခြားဖြစ်သော တောင်တန်းသားတို့ ဆန္ဒပါဝင်သလောဟု မေးကြပေလိမ့်မည်။ ပညာတတ် လူငယ် တစုမှ သတ်မှတ်ခြင်းဖြစ်ပါသည်၊ ရန်ကုန်ရှိ အိမ်လေးတလုံးမှ စတင်ပါသည်။ သတ်မှတ်နေစဉ် နယ်ခြားဒေသ မဆိုထားနှင့် ရန်ကုန်မြို့ရှိ လူထုပင် မသိလိုက်ပါ။ ထို့အတွက် ဝါဒဖြန့်ရပါသည်။
သီချင်းရေးစပ်၍ ရွှေတိဂုံ၊ ကျောင်းသားသမဂ္ဂမှစ၍ တောမြို့မကျန် နေရာအနှံ့ သီချင်းဆိုပြ၊ ရှင်းလင်းပြရပါသည်။ လက်ခံသူရှိသလို၊ လက်မခံသူများလည်း ရှိပါသည်။ ကန့်ကွက်ကြသူများတွင် ပညာတတ် မြန်မာအမျိုးသားကြီးများပင် ပါဝင်ပါသည်။လ ( မြန်မာ့အလင်းဦးစိန် နှင့် ဦးဘဖေတို့က တောသုံးရပ်သုံးစကားကို စာပေထဲဆွဲခေါ်ပြီး မြန်မာဝေါဟာရကို မဖျက်စီးရန် သခင်လူငယ်တွေကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ မြန်မာ့အလင်းသတင်းစာမှ ပြည်သူများအား လွဲမှားသောအမည်ရှိ ထိုအဖွဲ့အစည်း၌ မပါဝင်ကြရန် ဆော်ဩရေးသားခဲ့သည်။ ဦးဘဖေဦးစီးသော သူရိယသတင်းစာမှလည်း တို့ဗမာအစည်းအရုံးသတင်းများ ဖော်ပြရာတွင် "တို့ဗမာ" အစား "တို့မြန်မာ" ဟု ၁၉၃၆ ဝန်းကျင်အထိ ပြောင်းလဲပုံနှိပ်ခဲ့သည်။)
45. Ibid, p. 3.
46. Thuriya, dated 24. 7. 36, pp. 11-2, 27. 7. 36, p. 50, 31. 7. 36, pp. 13-4.)
(ဦး) ဇော်စိုးဝင်း "မြန်မာအမျိုးသားရေးလှုပ်ရှားမှုတွင် တို့ဗမာအစည်းအရုံး နှင့် သခင်များ ပေါ်ထွန်းလာခြင်းစာတမ်း"

စနေနဂါးနီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊ ၁၉၄၀ နိုဝင်ဘာ ၁၆
သို့သော် အောင်မြင်ပါသည်။လူမျိုးစံု ရှမ်း၊မွန်၊ ရခိုင် စသော တိုင်းရင်းသားများ သာမက ကုလား၊တရုတ်လူမျိုးများပင် ပါဝင်လက်ခံပြီး သခင်ဘွဲ့ ခံကြသည်။ အဘယ့်ကြောင့်နည်း။ ရည်ရွယ်ရာ စေတနာမှန်သောကြောင့် ဖြစ်သည်။ အစည်းအရံုးအင်အားကြီးထွားလာပြီး "ဗမာ"ဝေါဟာရကို သတင်းစာများကပါ ပံုနှိပ်သံုးစွဲလာကြသည်။
ဒေါက်တာဘမော် အစရှိ ပညာတတ်များလက်ခံလာပြီး ဗမာအမည်ဖြင့် အဖွဲ့အစည်းများစွာပေါ်ပေါက်ခဲ့သည်။ နိုင်ငံလံုးဆိုင်ရာ ညီလာခံကြီးများကျင်းပနိုင်ပြီး ဆရာစံ၊ ၁၃၀၀ ပြည့်အရေးတော်ပံုမှသည် ရဲဘော်သံုးကျိပ်၊ ဗမာ့တပ်မတော်အလယ်၊ လွတ်လပ်ရေးအဆံုး ဦးဆောင်နိုင်ခဲ့သည်။
ရည်ရွယ်အဓိပ္ပာယ်ကို ပွင့်လင်းစွာချပြနိုင်ခြင်းကြောင့် သိ၍ ကြိုက်၍ လိုက်ကြခြင်း ဖြစ်သည်။ မလိမ့်တပတ်မလုပ်။
သို့ဆိုလျှင် ဒို့ဗမာအမည်ကို တိုင်းရင်းသားအားလံုး ကျေနပ်ပါ၏လော။ ဆန္ဒပါ ပါ၏လော။ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ရာတွင် မဲပေးခြင်း စနစ်သည် ကိရိယာတခုသာ ဖြစ်သည်။ သခင်ပေါက်စ ထောင်ခြောက်လခေတ်၊ ပြည်မတောင်တန်းခွဲခြားသောခေတ်တွင် မဲစနစ်ကို အသံုးမပြုနိုင်။ လူထုလိုက်ပါကျင့်သံုးမှုကို ကြည့်ပြီး သိသာနိုင်ပါသည်။
သတိပြုရန်မှာ"ဗမာ" အမည် တီတွင်ခြင်းသည် တစိတ်တပိုင်းသာဖြစ်သည်။ အဓိကမှာ သခင်ဝါဒဖြစ်သည်။ တို့ဗမာဝါဒ ကျင့်သံုးနိုင်ခြင်းသည် ပင်မရည်ရွယ်ချက်ဖြစ်သည်။
အမည်သစ် အသံုးပြုရာ၌ ရောထွေးမှုများရှိသည်။ တပြည်လံုး ကျယ်ပြန့်လာသည်နှင့် အမျှ အချို့သူများသည် "မြန်မာ" "ဗမာ" လူမျိုး၊ နိုင်ငံ ရောထွေးရေးသားမှုများရှိလာသည်။ သမိုင်းမမှီသူ နှောင်းခေတ်လူတို့ မျက်စိလည်စရာဖြစ်လာသည်။

နိုင်ငံအမည်
ကိုလိုနီခေတ် ထီလက်မှတ် ၁၉၃၉
ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က နိုင်ငံအမည်ကို "မြန်မာနိုင်ငံ" ဟုသာ သံုးစွဲသည်။ "ဗမာနိုင်ငံ"ဟု မသံုးနှုန်းချေ။ တို့ဗမာအစည်းအရံုးမှ တီတွင်သော "ဗမာ" အမည်ကို ၁၉၄၃ ဂျပန်မှ ပေးသော လွတ်လပ်ရေးတွင် စတင်အသံုးပြု၏။ "ဗမာနိုင်ငံတော်" ဟု ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ သခင်နု စသော လွတ်လပ်ရေးခေါင်းဆောင်တို့ သတ်မှတ်ကြ၏။ ပြည်သူ့"ဗမာ" အမည်သည် ပြည်သူကြားမှ နိုင်ငံတော်အစိုးရအထိ ရောက်ရှိခဲ့သည်။
ထိုခေါင်းဆောင်တို့ပင် ၁၉၄၈ အင်္ဂလိပ်မှ ပေးသော လွတ်လပ်ရေးတွင် "ပြည်ထောင်စုမြန်မာနိုင်ငံတော်" ဟု သတ်မှတ်ပြန်သည်။ အဘယ်သို့နည်း။ မည်သို့ ကွာခြားသနည်း။
၁၉၄၃ နိုင်ငံအမည် "ဗမာ"ဟူသည် တိုင်းရင်းသားပြည်သူအပေါင်းကို ရည်ရွယ်ကြောင်း ရှင်းပြပြီးဖြစ်သည်။
ရှေးယခင်က ဂျပန်ဥပဒေ ပြဒါန်းထားခြင်း မရှိခဲ့၍ ဂျပန်ထံမှ ယူသော လွတ်လပ်ရေးကား ဥပဒေကြောင်းအရ ညှိယူရန် မလိုအပ်ပေ။ "ဗမာ" ကိုယ်၌က ပြည်ထောင်စုသဘော သက်ဝင်ပြီး ဖြစ်သည်။
၁၉၄၈ နိုင်ငံအမည်ကို သတိထားကြည့်လျှင် "ပြည်ထောင်စု" ဟူသော ဝေါဟာရ ပါဝင်လာကြောင်း တွေ့ရမည်။ (၁) အင်္ဂလိပ်ထံမှ လွဲပြောင်းယူခြင်းဖြစ်ခြင်းကြောင့် နဂိုပြဒါန်းထားသော အင်္ဂလိပ်ဥပဒေများနှင့် လိုက်လျောညီစေရန် "မြန်မာနိုင်ငံ" (၂) ထို "မြန်မာနိုင်ငံ" ပြည်မအား တောင်တန်းဒေသပူးပေါင်းသဖြင့် "ပြည်ထောင်စု" ဟူသော ဝေါဟာရ နှစ်မျိုးဖြင့် ပေါင်းစုထားခြင်းဖြစ်သည်။
( ၁၉၄ရဖွဲ့စည်းပံုအခြေခံဥပဒေတွင် "မြန်မာနိုင်ငံ"ဟူသော စကားရပ်သည် ၁၉၃၅ မြန်မာနိုင်ငံ စီမံအုပ်ချုပ်မှု ဥပဒေကို ရည်ညွန်းချက်ပါဝင်သည်။)
၁၉၄၈ အမည်ဖြစ်သော "ပြည်ထောင်စု+ မြန်မာ"ကို ပူးတွဲခေါ်ရမည်။ "မြန်မာနိုင်ငံ" ဟု ခွဲခြား မခေါ်သင့်။ "မြန်မာနိုင်ငံ" ချည်းသက်သက် သံုးစွဲလျှင် ပြည်မနေ မြန်မာလူမျိုးကိုသာ အဓိက ရည်ရွယ်ရာ ရောက်သည်။ မပြည့်စံု။ ခွဲခြားခေါ်သောကြောင့် ပြသနာတတ်ခဲ့သည်။ ၁၉၆၂ တွင် ကုလသမဂ္ဂသို့ တင်သွင်းသော နိုင်ငံအမည်တွင် "ပြည်ထောင်စု"ကို ချန်လှပ်ပြီး "မြန်မာနိုင်ငံ = Burma " ဟုသာ ရေးသားမိ၍ တိုင်းရင်းသားတို့ ကန့်ကွက်ခဲ့ကြသည်။
လူမျိုးအမည်
အထက်တွင် နိုင်ငံအမည်ကို ရှင်းလင်းပြီး ဖြစ်သည်။ လူမျိုးအမည်ကို ဆက်လက် သံုးသပ်ရသော်.....
တို့ဗမာခေတ်အလွန်တွင် သတင်းဂျာနယ်နှင့် ပြည်သူအကြား လူမျိုးအမည်ကို မြန်မာ-ဗမာရောထွေး အသံုးပြုလာကြသည်။ ရည်ရွယ်ချက်မရှိ၊ မသိ၍သော်လည်းကောင်၊ အမှတ်မဲ့သော်လည်းကောင်း မှားယွင်းတတ်ကြသည်။ တရားဝင် "ဗမာ"လူမျိုးဟု အစိုးရမှ ထုတ်ပြန်ခြင်းမရှိ။ မြန်မာဘုရင်မှအစ၊ အင်္ဂလိပ်အစိုးရအလယ်၊ ဖ-ဆ-ပ-လအစိုးရ အဆံုး အစိုးရကိုယ်တိုင် "မြန်မာ"လူမျိုးဟုသာ အစဉ်အဆက် သံုးစွဲခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းတွင် "ပြည်ထောင်စုမြန်မာနိုင်ငံ"၊ " မြန်မာလူမျိုး" ဟု အတိအလင်းပါရှိသည်။
ဦးနေဝင်း အစိုးရ လက်ထက်မှ စ၍ လူမျိုးအမည်ကို "ဗမာ" ဟု မသိမသာ ဖလှယ်ထုတ်ပြီး နဝတ-နအဖ စစ်အစိုးရလက်ထက်တွင် ဥပဒေထုတ်၍ ပြောင်းလဲခဲ့သည်။တို့ဗမာအစည်းအရံုးကဲ့သို့ ရည်ရွယ်အဓိပ္ပာယ်ကို မထုတ်ပြန်၊ မဖွင့်ဆို။ ၁၉၄၇ တိုင်းပြုပြည်ပြုလွတ်တော်ကဲ့သို့ ပြည်သူ့ဆန္ဒမပါဝင်။
ဤသို့အားဖြင့် သမိုင်းမှတ်တမ်း ရာဇဝင် အဆက်ဆက်ပါ "မြန်မာ"လူမျိုးသည် တိုင်းရင်းသားအားလံုးအမည်ဖြစ်သွားသည်။ မြန်မာဘုရင်တို့သည် တိုင်းရင်းသားအားလံုး၏ မင်းတရားများဖြစ်သွားသည်။ ရာဇာဓိရာဇ်အရေးတော်ပံုလာ မွန်-မြန်မာစစ်ပွဲသည် လူမျိုး နှစ်မျိုးကြား စစ်ပွဲမဟုတ်တော့။ မွန်က တဘက်၊ မြန်မာဟူသော တိုင်းရင်းသားပေါင်းစံုက တဘက်တိုက်သော စစ်ပွဲဖြစ်သွားသည်။ တို့ဗမာအစည်းအရံုး သမိုင်းပျောက်ကွယ် သည့်နောက် မြန်မာလူမျိုးတို့သည်လည်း မြန်မာ-ဗမာ မရေရာသော လူမျိုးဖြစ်သွားတော့မည်။
အချုပ်ဆိုရသော် "မြန်မာ"သည် လူမျိုးအမည် ဖြစ်ကြောင်း၊ နိုင်ငံအမည်ဖြင့်ကား "ပြည်ထောင်စုမြန်မာနိုင်ငံ" နှင့် "ဗမာနိုင်ငံ" သည် သဘောသဘာဝ အတူတူပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟု သီးခြားမသံုးစွဲသင့်ပဲ "ပြည်ထောင်စု" ဟူသော နာမဝိသေသနဖြင့် အမြဲယှဉ်တွဲခေါ်ဝေါ်သင့်ကြောင်း၊ ဗမာနိုင်ငံဟူသည် မူလရည်ရွယ်အဓိပ္ပာယ်၌ပင် ပြည်ထောင်စုသဘော ကိန်းဝပ်ပြီးဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
မြန်မာ ဝေါဟာရ သမိုင်းကြောင်း နှင့် ဒို့ဗမာ

၁၉၄၃ ခုနှစ် စာပို့တံစိပ်ခေါင်း နှင့် စာအိတ်
ရေးသားသူ - ဗမာ့သား
0 comments:
Post a Comment