
တကယ်တော့ ဗမာ ဆိုသည်မှာ ၁၉၃ဝပြည့်နှစ် မတိုင်မီ အထက်ကျော်ကာရီက “မြန်မာ” အများအပြားပင် မိမိတို့ကိုယ် မိမိတို့ “ဗမာ”ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းမှအပ မည်သည့် သမိုင်းမှတ်တမ်းတွင်မျှ မရှိခဲ့ဘူးသော အမည်ဖြစ်သည်။
အချို့ပုဂ္ဂိုလ်များက လည်း အာဓကပ္ပ ကမ္ဘာဦးကျမ်းအရ လူသည် ဗြဟ္မာက ဆင်းသက်သည်ဟူသောအယူဖြင့် ဗြဟ္မာလူမျိုးဟုခေါ်ရာမှ ဗြဟ္မာကို သရ ချေပြီး ဗမာဟူ၍ ဖြစ်လာခဲ့ကြောင်း ပြောဆိုကြသည်။ ဤသည်မှာ ပါးစပ်ရာဇဝင်မျှသာဖြစ်ပြီး သမိုင်းကြောင်းအရမူ ခိုင်မာသည့် သက်သေအထောက်အထားတခု မဟုတ်နိုင်ချေ။
မြန်မာဟူသော အမည်ကိုသာ စာလုံးပေါင်းသတ်ပုံ အမျိုးမျိုးဖြင့် လွန်ခဲ့သော နှစ် ပေါင်း ၉ဝဝခန့်က အစပြု၍ ကျောက်စာမင်စာတို့တွင် တွေ့လာခဲ့ရကြောင်း သိရှိရသည်။ ဗမာဟူ၍ မရှိ။
ရှင်းရှင်းဆိုရလျှင် ဗမာ သည် သခင်ဘသောင်း ဦးစီးတည်ထောင်ခဲ့သော တို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃နှင့် ၂၁၅တို့တွင် တို့ဗမာဟု အဘယ့်ကြောင့် သုံးနှုန်းရပုံ၊ ဗမာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းချက်နှင့် ဗမာပြည််ဟူသော အခေါ်အဝေါ်အပေါ် တို့ဗမာ အစည်းအရုံးဝင် သခင်အများစု၏ သဘောထား စေတနာကို ဖော်ပြထားသည်။
တို့ဗမာအစည်းအရုံးသမိုင်းမှာ ဗမာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ရာနှင့်ချီသော တို့ဗမာအစည်းအရုံးဝင်များ ပါဝင်သည့် သမိုင်းပြုစုရေးအဖွဲ့က ကော်မတီဖွဲ့လျက် ၁၉၆၄ခု နှစ်မှ ၁၉၆၇ ခုနှစ်အထိ အချိန်ယူပြုစုခဲ့သော အားထားလောက်ဖွယ်ရာ သမိုင်းတစောင်ဖြစ်ရာ ထွက်ရှိပြီး လများမကြာမီမှာပင် မဆလ၏ ပိတ်ပင်ခြင်းခံခဲ့ရသည့် စာအုပ်ဖြစ်သည်။
အထက်ဖော်ပြပါ စာမျက်နှာတို့မှ စာပိုဒ်အချို့ကို မူရင်းစာလုံးပေါင်း သတ်ပုံ များအတိုင်း ဖော်ပြပါမည်။
“တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအမှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။
မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။
ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြံု၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။
အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ဝါဒအစ၊ စာ ၁၃၃) (ပုံ-၁))
တို့ဗမာအစည်းအရုံးသည် မူလ တည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေးပေးခဲ့ ကြောင်း၊
“တို့” ဟူသောစကား၊ “ဗမာ” ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသောစကားတို့ကို တီထွင်၍ တိုင်းရင်းသားစစ် စစ်ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာထင်ရှားပေသည်။
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသောစကားမှာ မြန်မာလူမျိုးများ နေထိုင်သော မြန်မာနိုင်ငံဟုအဓိပ္ပါယ်ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည် ဖြစ်သည်။ မမှန်ကန်။
ဗမာနိုင်ငံသည် မြန်မာလူမျိုးတမျိုးတည်း နေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်း သားလူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြန်မာပြည်ဟု မသုံး။ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။
ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟု ခေါ်သည်။ ထို့ကြောင့်ပင် တို့ဗမာ သီချင်းတွင် “တို့ဗမာ …၊ ဟေ့ … တို့ဗမာ၊ ဗမာပြည်တဝှမ်းအကုန် တို့အိမ်မှတ်ပါ။ တို့ယာမှတ်ပါ၊ အဲဒါ “တို့ဗမာ”ဟု ထည့် သွင်းသီဆိုခဲ့ကြသည်။
“မြစ်ကြီးနားမှ တို့ဗမာတယောက် အစော်ကားခံရလျှင် ယေး၊ မြိတ်၊ ထားဝယ်မှ တို့ဗမာများက ဆတ်ဆတ် ခါအောင် နာကြပါ”ဟု ဟောပြောခဲ့ကြသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ လူမျိုးစုများ သွေးစည်းညီညွတ်ခြင်း၊ စာ ၂၁၅)(ပုံ-၂))
ထိုစာမျက်နှာတွင် အောက်ခြေမှတ်စုအဖြစ် မဆလ၏ ဇွတ်အတင်း မလိမ့်တပတ် လုပ်မှုကို အောက်ပါအတိုင်း ဖော်ပြထားသည်။
ဗမာ သို့မဟုတ် မြန်မာဟူသော အသုံးအနှုန်းအတွက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်ပတ်သက်သော အဓိပ္ပါယ် ရှင်းလင်းချက်များ စာတမ်း၊ စာမျက်နှာ ၁၈ အောက်ဆုံးပိုဒ်တွင် အောက်ပါအတိုင်း ရှင်းလင်းထားပါ သည်။ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်ထားခြင်းမှာ တိုင်းရင်းသားလူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ် နှင့် တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ သမိုင်းစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်ဆောက်ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စံနစ်ဖြင့် အုပ်စိုးသော နိုင်ငံမဟုတ်ဘဲ လုပ်သားပြည်သူတို့ အာဏာပိုင်စိုးသော နိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများကို သိမ်းကျံုးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသော လူမျိုးများ မှီတင်းနေထိုင်ရာ နိုင်ငံတော်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဖြစ်သည်။
အထက်ပါစာတွင် တို့ဗမာအစည်းအရုံးက “ဗမာ”ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြသလိုမျိုး “မြန်မာ”ဟူသော အ သုံးအနှုန်းအပေါ် သေချာကျနစွာ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းဖော်ပြထားခြင်း မရှိချေ။ ကျင့်သုံးအုပ်ချုပ်မည့်ပုံစံကို မဆီမ ဆိုင် ဖော်ပြကာ ဘာ့ကြောင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို မြန်မာဟု သိမ်းကျံုးပေါင်းရုံးခေါ်ဆိုရကြောင်း မရှင်းဘဲ မြန်မာနိုင်ငံဟု ဇွတ်အတင်း ခေါ်ဝေါ်လိုက်ခြင်း သာဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။


0 comments:
Post a Comment