စာပေဗိမာန်သည် ကမ္ဘာ့နိုင်ငံအ များအပြားတွင် ထုတ်ဝေသည့် စွယ်စုံကျမ်းများနည်းတူ မိမိတိုင်းပြည် အပါအဝင် တကမ္ဘာလုံးရှိ တိုးတက်တီထွင် မှုများ၊ သိပ္ပံပညာရပ်များ၊ ကမ္ဘာ့သမိုင်းနှင့် နိုင်ငံ့သမိုင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းသွားလာရေးနှင့် ယဉ် ကျေးမှု၊ စာပေ၊ ဂီတ၊ ပန်းချီ၊ အနုပညာ အရပ်ရပ်မှ ကျော်ကြားထင်ရှားသူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ ကမ္ဘာ့နိုင်ငံများ၊ မြို့ရွာများ၊ သက်ရှိသတ္တဝါများ စသဖြင့် ကောင်းကင်၊ ရေ၊ မြေ၊ စကြာဝဠာ ကဏ္ဍအသီးသီး၊ ဒေသန္တရ အရပ်ရပ်ရှိ သိစရာ မှတ်စရာ၊ ဗဟုသုတ အဖြာဖြာကို စုဆောင်းလျက် စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ် မြန်မာ့စွယ်စုံကျမ်းအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
စွယ်စုံကျမ်းများမှာ ကြားဖူးသိဖူးသော အကြောင်းအရာများကို ပိုမိုသိရှိလာစေသလို၊ အနည်းငယ်မျှ မကြားခဲ့ မသိခဲ့ဖူးသော အကြောင်းအရာများကိုလည်း လေ့လာသိရှိလာစေသည့် ဗဟုသုတ ဟင်းလေးအိုးကြီး များဖြစ်သည်။
၁၉၆ရခုနှစ် ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀) (မြတ်-ယူး)တွင် မြန်မာလူမျိုးအကြောင်းကို စာမျက်နှာ ၃၃ရမှ ၃၅၃အထိ တွေ့ရှိရသည်။ မြန်မာလူမျိုးနှင့် ပတ်သက်၍ မျိုးနွယ်စု၊ မျိုးရိုးဗီဇ၊ မြန်မာဟူသော အမည်ဖြစ်ပေါ်လာပုံနှင့် အခြားမျိုးနွယ်စုများက ခေါ်ဝေါ်ပုံများ၊ မိရမာ၊ မရမာ၊ မြံမာ၊ မြန်မာ၊ မြမ္မာ စသဖြင့် ကျောက်စာ၊ မင်စာတို့တွင် ရေးထိုးလာခဲ့ပုံများနှင့် မြန်မာတို့၏ စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အထွေထွေကို အကိုးအကား အထောက်အထားများဖြင့် အတော်ကလေး ပြည့်စုံစွာ ဖော်ပြထားသည်။
မြန်မာလူမျိုးအကြောင်းကို သမိုင်းကြောင်းနှင့်ချီ၍ ပြည့်စုံစွာ ဖော်ပြထားသော စွယ်စုံကျမ်းကြီး၌ တိုင်း ပြည်နှင့်အဝှမ်း တွင်တွင်ကျယ်ကျယ် သုံးစွဲခေါ်ဝေါ်နေကြသော ဗမာဟူသည့် ဝေါဟာရနှင့် ဗမာလူမျိုးအကြောင်း လည်း အနည်းငယ်မျှပင်ဖြစ်စေ ပါကို ပါရှိရမည်ဟု ယူဆကာ ရှာကြည့်သည်။
ထိုမျှ ဖတ်စရာ မှတ်စရာ ဗဟုသုတအထွေထွေ စုံလင်ကြွယ်ဝသော မြန်မာ့စွယ်စုံကျမ်း၌ အတွဲ (၅) (တူ-နိ) စာမျက်နှာ ၄၄ မှ ၄၉တွင် ဖော်ပြပါရှိသည့် တို့ဗမာအစည်းအရုံး အကြောင်းမှလွဲ၍ ‘‘ဗမာ”ဟူသော လူမျိုးအ ကြောင်းကိုမူ ဗထက်ခြိုက် အက္ခရာပါသော အတွဲ (၇) (ပဉ်-ဗီး)နှင့် အတွဲ (၈) (ဗီး-မဟော)တွင်သာမက ရှိရှိသမျှ အတွဲများအားလုံး ကုန်အောင် ရှာကြည့်သော်လည်း တစွန်းတစမျှပင် မတွေ့ရှိရချေ။ ကမ္ဘာတွင် ဗမာလူမျိုးဟူ၍ မရှိ။ မြန်မာလူမျိုးဟူ၍သာရှိကြောင်း မြန်မာ့စွယ်စုံကျမ်းက သက်သေပြနေလေသည်။ ပုံ-(၃)
မြန်မာ့စွယ်စုံကျမ်းမှ မြန်မာလူမျိုး
မြန်မာ့ စွယ်စုံကျမ်း အတွဲ (၁၀)တွင် ပါရှိသည့် မြန်မာလူမျိုးအကြောင်းတွင် ရှေးမြန်မာလူမျိုးတို့ ဝင် ရောက်လာပုံ၊ မြန်မာအစုဝင် လူမျိုး အမျိုးအနွယ်များ၊ ပြည်ထောင်စု၏ အပသို့ ရောက်နေသော မြန်မာများ၊ ရှေးဦးမြန်မာစကားပြောသူများ၊ ရှေးမြန်မာတို့၏ စရိုက်သဘာဝ ယျေဘုယျလက္ခဏာနှင့် မြန်မာများ ရွှေ့ပြောင်း ရောက်ရှိလာကြပုံ သမိုင်းကြောင်း အထောက်အထားများ၊ ခန့်မှန်းသုံးသပ်ချက်များဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
မြန်မာအစတကောင်းက ဆိုသည်မှာ မြန်မာလူမျိုး၏ အစကို ဆိုလိုခြင်းမဟုတ်ဘဲ မြန်မာမင်းတို့၏ အစ ကို ဆိုခြင်းဖြစ်ကြောင်း၊ မဇ္ဈိမဒေသ ကပ္ပိလဝတ်မှ သကျသာကီဝင်မင်း အဘိရာဇာမှ အစပြုခဲ့သော တကောင်း မင်းဆက်၊ ၎င်းမင်းဆက်၏ အနွယ်တို့က၊ ဓညဝတီနှင့် သရေခေတ္တရာတို့ကို တည်ခဲ့ပြီးနောက်၊ သရေခေတ္တရာ အနွယ်ဝင် ပျဉ်ပြားမင်းက ပုဂံကို အေဒီ ၈၄၉ခုနှစ်မှာ တည်ခဲ့ကြောင်း၊ တကယ့်မြန်မာလူမျိုး၏ အစသည် တိဘက်ပြည် အရှေ့မြောက်ဖက် ကန်စုနယ်၏ တောင်ပိုင်းဒေသမှ ဖြစ်ခဲ့ဟန်တူကြောင်း သမိုင်းပညာရှင် ဒေါက်တာဂျီအိတ်ချ်လု(စ်)၏ အဆိုများကို ကိုးကား ဖော်ပြထားသည်။
ရှေးမြန်မာတို့၏ အရည်အသွေးများတွင် ရှေးမြန်မာတို့သည် ယဉ်ကျေးမှုနှင့် လူမျိုး၏ အခြေအနေ တိုး တက်မှုတို့ထက် လွတ်လပ်ရေးကို မြတ်နိုးကြသူများဖြစ်ကြောင်း၊ တရုပ်တို့၏ ဖိနှိပ်မှုကြောင့် မူရင်းဒေသ ကန်စုမှ ဖဲခွာရှောင်တိမ်းလာကြရာ ဆင်းရဲဒုက္ခကျပ်တည်းပင်ပမ်းမှုမျိုးစုံကို အခြားသော တိဘက်-မြန်မာ အနွယ်ဝင်များ ထက် ပိုမိုတွေ့ကြံုခံစားခဲ့ရသူများဖြစ်ကြောင်း၊ ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံ၍ ရွှေ့ပြောင်းခဲ့ကြရာမှ ဆင်းရဲမှုတို့ကို ခံယူနိုင်ခြင်း၊ ဇွဲ၊ သတ္တိနှင့် အမျိုးအတွက် ဂုဏ်ယူတတ်ခြင်း၊ လူမျိုးစု ယဉ်ကျေးမှုနှင့် ဓလေ့တို့ကို ထိန်းသိမ်း လိုခြင်း၊ စည်းလုံးညီညွတ်လိုခြင်း စသည့် စိတ်ဓာတ်နှင့် အရည်အသွေးများကို ခိုင်ခိုင်မြဲမြဲ ရခဲ့ကြသူများဖြစ် ကြောင်း၊ ထိုအရည်အသွေးများအပြင် ယူနန်နယ် အနောက်ပိုင်း နန်ကျောဝ် (နန်ချောင်) ဒေသတွင် နေခဲ့ရစဉ်က ကိုယ်တိုင်ပါဝင်ဆင်နွဲရသော စစ်များနှင့် တိုက်ပွဲများမှ ရရှိခဲ့သော အတွေ့အကြံုတို့ကြောင့် စစ်ဆင်စစ်ထိုးအ တတ်နှင့် တိုက်ရည်ခိုက်ရည်တို့မှာ ပိုမိုတိုးတက်ကောင်းမွန်ခဲ့မည်သာ ဖြစ်ကြောင်း၊ နန်ကျောဝ်ဒေသတွင် နေစဉ် က ၎င်းလူမျိုးတို့အား မန်၊ မန်ကျောဝ်၊ ဝမ်ကျု၊ ဝမ်ဖိုင်ယု၊ ဖူ စသော အမည်များဖြင့် တရုတ်တို့က ခေါ်ဝေါ်ခဲ့ ကြောင်း၊ စစ်ထိုးကောင်းသူများ၊ မြင်းသည်ကျော်များ၊ ခွန်အားကြီးသူများ၊ သတ္တိကောင်းသူများဖြစ်ကြောင်း ဖော်ပြ ထားသည်။
စွယ်စုံကျမ်းမှ မြန်မာအကြောင်းတွင် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ၊ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပမှုများ၊ ဘာသာရေး ယုံကြည်ကိုးကွယ်မှုများ စသည်တို့ မပါရှိပဲ စစ်ရေးနှင့် ပတ် သက်၍သာ စစ်ထိုးကောင်းသူများ၊ သန်စွမ်းသူများ၊ နည်းပရိယာယ်ကျွမ်းကျင်သူများ စသဖြင့် စစ်ရေးကို အဓိက ထား၍ ဂုဏ်ယူစွာ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
စစ်ရေးနှင့်ပတ်သက်၍ ဖော်ပြရာတွင်လည်း လက်ဦးမဆွ ရောက်ရှိအခြေချနေထိုင်ကြသည့် ပျူ၊ မွန်၊ ကရင်၊ ပလောင်၊ ချင်း စသော တိုင်းရင်းသားတို့၏ နယ်မြေများသို့ ကျူးကျော်စစ်ပြု၊ တိုက်ခိုက်သိမ်းပိုက် နယ်ချဲ့မှုများ။ ယိုးဒယားနှင့် အာသံ မဏိပူရအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် တရုတ်တပ်များကိုပင် အနိုင်တိုက်နိုင်ခဲ့ကြောင်းများလည်း အကျဉ်းမျှ ဖော်ပြထားသည်။
တရုတ်တပ်ကြီးကို ရင်မဆိုင်ဝံ့ဘဲ အရှံုးပေးပြီး ပြေးရသည့် တရုတ်ပြေးမင်းဟူ၍ ရှိခဲ့သည့် ရာဇဝင်ကြောင်းကိုတော့ တစွန်းတစမျှ မဖော်ပြ။
တိုင်းရင်းသားနှင့် မြန်မာ
ဗမာလူမျိုးကို စွယ်စုံကျမ်းထဲ၌ အဘယ့်ကြောင့် မထည့်သွင်းရသနည်း။ ဗမာလူမျိုးဟူသည်မှာ တကယ်မရှိခဲ့၍ ဖြစ်သည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်များ နှောင်းပိုင်း၊ ဗြိတိသျှတို့၏ အခေါ်အဝေါ် “ဘားမား”ကို မှီး၍ မိမိတို့ကိုယ်မိမိတို့ ခေါ်ဝေါ်သည့် “ဘမာ”ဆိုသည်မှာလည်း စွယ်စုံကျမ်းထဲတွင် မရှိ။ နှုတ်အ ခေါ်အဝေါ်အားဖြင့်သာ ရှိနေသော ဘမာ စာလုံးကို ဘကုန်းဖြင့် မပေါင်းဘဲ အသံထွက် ပိုမိုမာကျော၍ ဖဦးထုပ် သံနှင့် အရောရောအထွးထွေး ဖြစ်စရာလည်း မလိုသော ဗထက်ခြိုက်ဖြင့် “ဗမာ”ဟု ရေးသားခေါ်ဝေါ်ခဲ့ခြင်းမှာ တို့ဗမာအစည်းအရုံး၏ တီထွင်မှုသာ ဖြစ်လေသည်။
တို့ဗမာအစည်းအရုံးသည် မြန်မာနှင့် မြန်မာမဟုတ်သော တိုင်းရင်းသားအားလုံးကို သိမ်းကျံုးပေါင်းရုံး ခေါ်ဆိုသည့် အမည်အဖြစ် မည်သည့်အခါကမျှ မရှိခဲ့သော “ဗမာ ပြည်” “ဗမာလူမျိုး”ဟူသော အသုံးအနှုန်းကို တီထွင်သုံးနှုန်း အသိအမှတ်ပြုစေခဲ့သည်။
ဤနိုင်ငံသည် မြန်မာလူမျိုးတဦးတည်း နေသည့်နိုင်ငံမဟုတ်။ မြန်မာများ ဤနိုင်ငံသို့ မရောက်မီ နှစ်ကာ လကြာရှည်စွာကပင် တိုင်းရင်းသားလူမျိုးအချို့ ရေကြည်ရာ မြက်နုရာ၊ အင်အားကြီးသူများ၏ ထိပါးနှောက်မှု အန္တရာယ်ကင်းဝေး ငြိမ်းအေးရာ ရှာဖွေရွှေ့ပြောင်းရောက်ရှိ နေထိုင်လာခဲ့ကြသည်။ မူလဒေသခံများဟု ဆိုနိုင်သည်။
ထီးကျိုးစည်ပေါက် သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရသော နိုင်ငံအား လွတ်မြောက်ရန် တော်လှန် တိုက်ခိုက်ခဲ့ရာတွင်လည်း တိုင်းရင်းသားတို့၏ အခန်းကဏ္ဍမှာ အတော်ပင် အရေးပါအရာရောက်သည်။
မိမိတို့ ထက် လက်နက်အင်အားသာလွန်သည့် နယ်ချဲ့ကို အရှံုးမပေး အညံ့မခံဘဲ တိုက်ခိုက်ခဲ့သော တိုင်းရင်းသားများ အကြောင်း နိုင်ငံ့သမိုင်းမှာ ရှိခဲ့သည်။
ဝန်းသိုစော်ဘွား၊ စကားစော်ဘွား၊ ရှမ်းပြည်မှ လင်းပင်မင်းသား၊ ကျိုင်းတုံ၊ မိုးနဲ၊ မောက်မယ် ရပ်စောက်၊ မိုင်းပွန်တို့မှ စော်ဘွားများ၊ ကယား စောလပေါ၊ ချင်းတောင် ဗိုလ်ဆွန်ပက်၊ ကချင် ဖုန်ကန်ဒူးဝါး၊ ဆမားဒူးဝါး၊ လွယ်ဆိုင်ဒူးဝါး၊ ဆဒုံးဒူးဝါး၊ ဝနယ်မှ စောမဟာ၊ နော်ခမ်းဦး၊ ဓနုဖြူနယ်သား ဗိုလ်မြတ်ထွန်းနှင့် မန်းလုံး၊ ရခိုင် ဗိုလ်ဇော်ဂျီ၊ ဗိုလ်မျက်ကန်း၊ ပအိုဝ်းအမျိုးသား မရမ်းချောင်းဘုန်းကြီးနှင့် ဗိုလ်ခန့် ဦးစီးသည့် မွန်အမျိုးသား ကရင်အမျိုးသားများ စသဖြင့် နယ်ချဲ့လက်အောက် သူ့ကျွန်မခံ ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့ကြသော တိုင်း ရင်းသားများ၏ အခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ နေ၍ မရ။
ဂျပန်ကို တော်လှန်ရာတွင်လည်း တိုင်းရင်းသား တို့၏ ကြိုးပမ်းမှုကို လျစ်လျူရှု၍ မရ။
ထို့ကြောင့် ဗမာပြည်လွတ်လပ်ရေး တောင်းဆိုရာတွင် တိုင်းရင်းသားတွေမပါဘဲ အလုပ်ဖြစ်မည်မဟုတ်။ ဗြိတိသျှက ပြည်နယ်နှင့် ပြည်မကို တသီးတခြားစီ ခွဲထုတ်ချင်သည်။ တိုင်းရင်းသားတွေမပါဘဲ ပေးမည့်လွတ်လပ် ရေးမှာ မြန်မာတို့အတွက် အကျိုးရှိနိုင်မည့် လွတ်လပ်ရေးမဟုတ်။
ပြည်မနှင့် ပေါင်းစည်းရန်အတွက် တိုင်းရင်း သားတို့၏ သဘောဆန္ဒကို ရယူဖို့လိုသည်။ အထူသဖြင့် တောင်တန်းဒေသ တိုင်းရင်းသားတွေကို စည်းရုံးဖို့ လို သည်။
တိုင်းရင်းသားတွေကို စည်းရုံးရန်မှာ ၎င်းတို့အပေါ် သဘောထား စေတနာမှန်ဖို့ လိုသည်။ ၎င်းတို့၏ အခွင့် အရေးတွေကို သိနားလည်ရမည်။ ၎င်းတို့ကို နေရာပေးရမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသ တိုင်းရင်းသားများ၏ ယုံကြည်မှုကို ရယူနိုင်ခဲ့၏။
မြန်မာလူမျိုးနှင့် တိုင်းရင်းသားတို့၏ သမိုင်းကြောင်းကို သိထားနားလည်ကြသော ခေတ်ပညာတတ်များ သည်လည်း ထိုအချိန်တွင် တိုင်းရင်းသားတို့အနေဖြင့် ဘမာလည်းမြန်မာ၊ မြန်မာလည်းဘမာဟု နားလည်မှုလွဲစွာ သိမြင်ထားကြသည်ကို ချေဖျက်ရှင်းလင်းပြီး တို့ဗမာအစည်းအရုံး၏ ရပ်တည်ချက်နှင့် “တို့ဗမာ”ဟူသော ဝေါဟာ ရအပေါ် အဓိပ္ပါယ်ဖော်ဆောင်မှုများအားဖြင့် ဗမာနှင့် မြန်မာ အသုံးအနှုန်းကို ကွဲကွဲပြားပြား သဘောပေါက်စေခဲ့ လေသည်။
“မဟာ” ပြဿနာ
တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့်အချိန်က တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု သည့် အခေါ်အဝါ်အဖြစ် “ဗမာပြည်” “ဗမာလူမျိုး”ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း တိုင်းပြည်လွတ်လပ်ရေးရသည့်အခါမှာတော့ မြန်မာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများ နေထိုင်နေကြသည့်နိုင်ငံကို မြန်မာနိုင်ငံဟူ၍ မှည့်ခေါ် လိုက်ခြင်းမှာ သခင်ဘသောင်း စတင်တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းတို့ ပါဝင် သော တို့ဗမာအစည်းအရုံးက ချမှတ်ထားခဲ့သည့်မူကို ပြောင်ပြောင်ကြီး ဖောက်ဖျက်ကျူးလွန်လိုက်ခြင်းပင် ဖြစ် သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားတို့ အရေးကိစ္စအပေါ် နားလည်ထောက်ထားတတ်သော ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရပြီးဖြစ်၍ တိုင်းရင်းသားတို့အရေးအတွက် ကျန်ခေါင်းဆောင်များကို ဂရုစိုက်စရာ မလိုဟု ဖဆပလတွင်းမှ မဟာလူမျိုးကြီးဝါဒီများက မှတ်ယူခဲ့ကြသည်။ ထိုသူတို့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မည် သည့်အခါကမျှ မတည့်ခဲ့သော စားဖားကြီးများ၊ ကိုယ်ကျိုးရှာသူများ၊ ဝိသမလောဘသမားများ၊ ဒီမိုကရေစီ အရေ ခြံုနိုင်ငံရေးသမားများဖြစ်သည်။
မြန်မာလူမျိုးဟူသည်မှာ သမိုင်းကြောင်းနှင့်ချီ၍ ရှိနေခဲ့ပြီး ဖြစ်၏။ ဗမာလူမျိုးဆိုသည်ကတော့ မရှိ။ ဤနိုင်ငံ၌ မြန်မာလူမျိုးဟူ၍ ရှိနေသည်ကို မြန်မာနိုင်ငံဟူ၍ အမည်မှည့်လိုက်ခြင်းမှာ မြန်မာလူမျိုးတို့၏ နိုင်ငံဟု ဆိုလိုရာရောက်ပြီး။ ရှေးယခင်ကတည်းကပင် ရောက်ရှိနေထိုင်နေခဲ့ကြသော တိုင်းရင်းသားလူမျိုးစုများ၏ သဘောထားကို ဂရုမစိုက်ဘဲ နိုင်ငံအပေါ် လက်ဝါးကြီးအုပ်လိုက်သည့် အပြုအမူပင်ဖြစ်သည်။


0 comments:
Post a Comment