ဗ၊ မ ပြဿနာ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နာမည်မှာ ဗမာနေရာကို မြန်မာနဲ့ အစားထိုး ပြောင်း လဲဖို့ ပြောကြတဲ့အသံတွေကို ဒီနေ့ခေတ်မှာ အသစ်တဖန်ပြန်ကြားလာရပါတယ်။ အထူးသဖြင့် အဲသ လို ပြောကြ တဲ့ အထဲမှာ တိုင်းရင်းသားလူငယ်တွေလည်း ပါဝင်လာကြတဲ့ အတွက် ဒီကိစ္စဟာ ပိုပြီး အလေး အနက်ထားရမယ့် အကြောင်းအရာ ဖြစ်လာပါတယ်။
အဲဒီတိုင်းရင်းသား လူငယ်တွေထင်နေတာက ဗမာနိုင်ငံလုံးဆိုင်ရာ ဟာ တိုင်းရင်းသားတွေ မပါဘူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုမှ သူတို့ပါမယ်လို့ ထင်နေကြ တာကိုး။ ဒီတော့ အဲသလို မဟုတ်ကြောင်း၊ သူတို့ထင်တာဟာ ပြောင်းပြန်ဖြစ်နေကြောင်း ရှင်းလင်းဖို့ အရေးတကြီးလိုအပ်လာပါတယ်။
သမိုင်း အစဉ်အလာ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ဆိုတဲ့ နာမည်ကို ၁၉၅၁ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး နာမည်ခံခဲ့တာဖြစ်ပါတယ်။ သူ့ထက်အရင်စောတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABSU) ကိုတော့ ဒုတိယကျောင်းသားသပိတ်အပြီး ၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ ခေတ်ပါ။
ခေတ်အဆက်ဆက် ဗကသနဲ့ ဗကသများအဖွဲ့ချုပ်ထဲမှာ တိုင်းရင်းသားကျောင်းသားခေါင်းဆောင်တွေ ပါဝင်လှုပ်ရှား ခဲ့ကြပါတယ်။ ရှမ်းကျောင်းသားခေါင်းဆောင် ကိုတင်ဧ (ပင်လုံ)၊ ရှမ်းကျောင်း သား ခေါင်းဆောင် ကိုခင်မောင်ကြီး (လက်ရှိ အမေရိကန်ပြည်ထောင်စု)၊ ရခိုင်ကျောင်းသားခေါင်းဆောင် ကိုသာဘန်း (လက်ရှိ ALD ခေါင်းဆောင်တဦး ဖြစ်တဲ့ ကြေးမုံဦးသာဘန်း)၊ ကရင်ကျောင်း သား ခေါင်းဆောင် စောဒေး ဗစ်သာကပေါ( လက်ရှိ KNU ခေါင်းဆောင်)၊ ကရင် ကျောင်း သား ခေါင်းဆောင် ပဒိုမန်းရှာလာဖန်း( ကွယ်လွန်သူ KNU ခေါင်းဆောင်)၊ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ( စစ်အစိုးရက ကြိုးမိန့်ပေးသတ်ဖြတ်)၊ မွန်ကျောင်းသားခေါင်းဆောင် မင်းစိုးမင်း၊ မင်းအုန်းမြိုင် တို့ အပါအဝင် တိုင်းရင်းသား ကျောင်းသား ခေါင်းဆောင်အများအပြားဟာ တကသ၊ ဗကသ၊ ဗကသများအဖွဲ့ချုပ်အလံတွေအောက်မှာ ပါဝင်လှုပ်ရှားခဲ့ကြဖူးပါတယ်။
အဲဒီဗကသ၊ ဗကသများအဖွဲ့ချုပ် သမိုင်းတလျောက်လုံးမှာ ဗ၊မ ပြဿနာကို မကြားခဲ့ရဖူးပါဘူး။ ဗမာနိုင်ငံလုံးဆိုင်ရာဟာ တိုင်းရင်းသား အကျံုးမဝင်ဘူးလို့ ငြင်းခုန် ပြောဆိုမှုမျိုး မတွေ့ခဲ့ပါဘူး။ ဘယ်တိုင်းရင်းသားကျောင်းသားခေါင်းဆောင်ကမှ ဗမာနိုင်ငံလုံးဆိုင်ရာ ဆိုတာ တိုင်းရင်းသားမပါဘူးလို့ သံသယဝင်ခဲ့ပုံ၊ စောဒကတက်ခဲ့ပုံလည်း မရပါဘူး။
ဒါ့အပြင် သမိုင်းဝင်အဖွဲ့အစည်းတွေထဲမှာလည်း ဗမာနာမည်ခံယူတဲ့ တခြားနိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ်၊ တို့ဗမာအစည်းရုံး၊ ဗမာ့တပ်မတော်၊ ဗမာ့လက်ရုံးတပ်ဖွဲ့၊ တို့ဗမာရဲတပ်ဖွဲ့၊ တို့ဗမာ ရှပ်နီတပ်၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ တို့ဗမာ ဆင်းရဲသား အစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၊ ဗမာပြည် တောင်သူလယ်သမား ညီညွတ်ရေး အစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအစည်းအရုံး၊ ဗမာပြည် အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်ဆိုရှယ်လစ် ပါတီ (ပြည်သူ့ အရေးတော်ပုံပါတီ)၊ ဗမာပြည် အလုပ်သမား၊ လယ်သမား ပါတီ တို့ ဟာ ဗမာနာမည်ခံခဲ့ကြတဲ့ သမိုင်းဝင် အဖွဲ့အစည်း တွေပါ။
အဲဒီအဖွဲ့အစည်းအားလုံးဟာ ဗမာဆိုတာကို တိုင်းရင်းသားအားလုံး အကြံုးဝင်တယ်လို့ မှတ်ယူသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးလို၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး လွတ်လပ်ရေး အဖွဲ့ချုပ်လို မြန်မာနာမည် ခံယူတဲ့ အဖွဲ့အစည်းမျိုးလည်း မရှိမဟုတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ တို့ဗမာ အစည်းအရုံးခေတ်ကနေ လွတ်လပ်ရေးရတဲ့ အချိန်အထိ ကာလတလျောက်မှာ ဗမာနာမည်ခံတဲ့ အဖွဲ့အစည်းတွေကသာ အများစုဖြစ်ပါတယ်။
ဗကသမှာလည်း မြန်မာနာမည်ခံယူသုံးနှုန်းခဲ့ဖူးတဲ့ ကာလတိုတခုရှိခဲ့ဖူးပါတယ်။ ဗကသ ဖွဲ့စည်းကာစ ကနဦးကာလမှာ ဖြစ်ပါတယ်။ ကနဦးကာလမှာ နာမည် သုံးစွဲမှုနဲ့ ပတ်သက်ပြီး တည်ငြိမ်မှု မရှိသေးဘဲ စမ်းသပ်သုံးစွဲခဲ့တယ်လို့ ယူဆဖွယ်ရာဖြစ်ပါတယ်။
၁၉၃၆ စတင်ဖွဲ့စည်းစဉ် ကနေ ၁၉၃၇ နှစ်ဆန်းပိုင်းလောက်အထိမှာ ဗမာနိုင်ငံလုံးဆိုင်ရာလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၃၇ နှစ်ဆန်းပိုင်းကနေ ၁၉၃၈ နှစ်ဆန်းပိုင်း လောက်ကာလအတွင်းထုတ်တဲ့ စာရွက်စာတမ်းတချို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာလို့ သုံးခဲ့တာမျိုးကို ထူးထူးခြားခြားတွေ့ရပါတယ်။
(မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂလို့ သုံးတာကို မှတ်တမ်းတချို့မှာ တွေ့ရပေမဲ့ အတိုကောက်အားဖြင့် မကသ လို့ သုံးတာမျိုးတော့ မတွေ့မိပါ။) တနှစ်ဝန်းကျင်လောက်ကြာမယ့် အဲဒီ ကာလတိုတခုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂလို့ သုံးစွဲတဲ့ စာရွက်စာတမ်းတချို့တွေ့ရတဲ့ အတွက် အဲဒီကာလမှာ မြန်မာဆိုတဲ့ စကားလုံးကို စမ်းသပ် သုံးစွဲခဲ့တယ်လို့ ယူဆစရာဖြစ်ပါတယ်။ ဒါမှ မဟုတ် မြန်မာနဲ့ ဗမာကို ပြတ်ပြတ်သားသား မခွဲခြားဘဲ ကြံုသလို အရောရော အနှောနှော သုံးစွဲခဲ့တာလည်းဖြစ်နိုင်ပါတယ်။
၁၉၃၈ ကနေ နောက်ပိုင်း တလျောက်လုံးမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ဆိုတဲ့ စကားကိုသာ တသမတ်တည်း တည်တည်ငြိမ်ငြိမ်သုံးစွဲ သွားခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆိုတဲ့ စကားလုံးကို နောက်ထပ် ကြားဖောက်သုံးစွဲတာမျိုး မတွေ့ရတော့ပါဘူး။ ဒီတော့ ဗကသဟာ တနှစ်လောက်ကြာအောင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမည်ကို စမ်းသပ်သုံးစွဲကြည့်ခဲ့ပြီး၊ သို့မဟုတ် သတ်သတ်မှတ်မှတ် မထားဘဲ ရောနှောသုံးစွဲပြီး နောက်ပိုင်းမှာတော့ အပြီး အပိုင် စွန့်လွှတ်လိုက်တယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။
ဘာ့ကြောင့် အဲသလို တနှစ်လောက် သုံးကြည့်ပြီးနောက်မှာ မြန်မာကို အပြီးအပိုင် စွန့်လွှတ်ပြီး ဗမာနာမည်ကို ခံယူလိုက်ပါသလဲ။
နောက်တခါ အဲဒီခေတ်မှာ အဖွဲ့အစည်း အများအပြားဟာ ဗမာကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ပါရက်နဲ့ ဘာ့ကြောင့် ဗမာဆိုတဲ့စကားလုံးဟာ တိုင်းရင်းသားတွေ ပါမှပါရဲ့လားဆိုတဲ့ သံသယစကားမျိုးကို (ဒီနေ့ခေတ်လို) တိုင်းရင်းသားတွေဘက်က မပြောမဆိုခဲ့ကြတာပါလဲ။
ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသား အားလုံး အပါအဝင်ဖြစ်တဲ့ တနိုင်ငံလုံးကို မြန်မာလို့ မသုံးဘဲ၊ ဗမာဆိုတဲ့ နာမည်နဲ့ပဲ ခေါ်ဝေါ်သုံးစွဲမယ်လို့ အဲဒီခေတ်က နိုင်ငံရေး အရ ဦးဆောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးအတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့လို့ ဖြစ်ပါတယ်။
အဲသလို ဆုံးဖြတ်ချက်ချပြီး ပြဌာန်း သတ်မှတ်ခဲ့ကြောင်းကို တို့ဗမာအစည်းအရုံးသမိုင်းမှာ အခုလို အတိအလင်းဖော်ပြထားပါတယ်။
တို့ဗမာ အစည်းအရုံး သမိုင်း စာမျက်နှာ ၂၁၅ မှာ…..
“သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးများ နေထိုင်သော မြန်မာနိုင်ငံဟု အဓိပ္ပါယ် ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသော နာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။
ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာပြည်ဟု မသုံး၊ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟု ခေါ်သည်။”
လို့ ရှင်းလင်း ရေးသားထားပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံ ဆိုတာဟာ ပြည်မနေ မြန်မာလူမျိုးတွေကပိုင်ဆိုင်တဲ့ နိုင်ငံလို့ အဓိပ္ပါယ် သက်ရောက်တဲ့ အတွက် တိုင်းရင်းသားအားလုံးပိုင်ဆိုင်တဲ့ နိုင်ငံကို မြန်မာနိုင်ငံလို့ မသုံးဘဲ ဗမာနိုင်ငံလို့ သုံးမယ်လို့ တို့ဗမာအစည်းအရုံး က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်ဟာ မြန်မာလူမျိုးကြီးဝါဒကို ဆန့်ကျင်ကြောင်း အထင်အရှား ပြသ နေပါတယ်။
တို့ဗမာအစည်းအရုံးသမိုင်းဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်မှာ တနိုင်ငံလုံးက သခင်ခေါင်းဆောင်တွေ ရန်ကုန်မှာ စုဝေးရောက်ရှိလာခဲ့ကြရာကနေစတင်ပြီး ၁၉၆၈ ခုနှစ်အထိကာလအတွင်းမှာ တနိုင်ငံလုံးက သခင်ခေါင်းဆောင်တွေ စုပေါင်းပြီး ရေးသားခဲ့တဲ့ သမိုင်းစာအုပ်ဖြစ်ပါတယ်။
တို့ဗမာ အစည်းအရုံး သမိုင်းရဲ့ အဲဒီ စာမျက်နှာ ၂၁၅ မှာပဲ
“မြစ်ကြီးနားမှ တို့ဗမာတယောက် အစော်ကားခံရလျှင် ယေး၊ မြိတ်၊ ထားဝယ် မှ တို့ဗမာများက ဆတ်ဆတ်ခါအောင် နာကြပါ”
လို့ ဟောပြောခဲ့ကြကြောင်းကိုလည်း အတိအလင်း ရေးသားထားပါတယ်။
တို့ဗမာ အစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃ မှာတော့ ဒီလိုရေးထားပါတယ်။
“ တို့ဗမာ အစည်းအရုံးဟူရာ၌ တို့ဗမာပြည်ထဲ၌ ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအမှတ်အဖြစ် တို့ဗမာဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသော စကားမှာ မြန်သည်၊ မာသည်ဟူသော အဓိပ္ပါယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်၊ အားနည်းသည်၊ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသား အားလုံးကို ခြံု၍ ငုံမိစေရန် ဗမာ ဟူသောစကားလုံးကို ရွေးသည်၊ အသံထွက်မာကျော၍ သုံးစွဲသည်။ တဖန် ဘ ကုန်းနှင့် ဘမာဟု မရေးပဲ ဗ လချိုက်နှင့် ရေးခြင်းမှာလည်း၊ ဘ သည် ရံဖန်ရံခါ ဖ သံ ထွက်သဖြင့် စိတ်မချရ သောကြောင့် ဗလချိုက်နှင့် ဗမာဟုရေးသည်”
လို့ ဖွင့်ဆိုထားပါတယ်။
မြန်မာ၊ ဗမာ ဝေါဟာရ ဘယ်ကစသလဲ။
မြန်မာဆိုတဲ့ ဝေါဟာရကို အစောဆုံးတွေ့ရတာဟာ ပုဂံခေတ်ဖြစ်တယ်ဆိုတဲ့ အချက်ကို မြန်မာစာ ပညာရှင် သမိုင်းပညာရှင် အများအပြား သဘောထားကိုက်ညီကြပါတယ်။
ဆရာ သိပ္ပံစိုးရင်ရဲ့ ၁၉၆၈ ခုနှစ် မှာ ထုတ်တဲ့ မြန်မာ့ ယဉ်ကျေးမှု သမိုင်း၊ စာမျက်နှာ ၅၆ ကနေ ၅၈ အတွင်းမှာ ဖော်ပြထားတာက
မြန်မာဟူသော ဝေါဟာရကို ပထမဦးစွာ အစောဆုံး သက္ကရာဇ် ၄၅၂ (အေဒီ ၁၁၉၀) ပုဂံမြို့ တောင်ဂူနီကျောက်စာတွင် စတင် တွေ့ရပါသည်။ ထိုသက္ကရာဇ်ထက် အနှစ် ၉၀ ခန့် စောသော ကျန်စစ်မင်းကြီး၏ နန်းတည်မွန်ကျောက်စာ (၁၁၀၂ အေဒီ) တွင် မြန်မာကို “မိရမာ” ဟူ၍ ရေးထိုးထားသည်ကို တွေ့ရ၏။ အေဒီ ၁၃၄၂ ခုနှစ်တွင် ရေးထိုးသည့် မြန်မာ ကျောက်စာတွင် “မြံမာ” ဟူ၍ ရေးထိုးထားသည်ကို အစောဆုံးတွေ့ရ၏။ ထို့နောက် ကျောက်စာများနှင့် မင်စာများတွင် “မြန်မာ” “မြံမာ” “မြမ္မာ” ဟူ၍ရေးထိုးလာကြသည်ကို တွေ့ရှိရပြန်သည်။
တရုတ်ရာဇဝင် မှတ်တမ်းများအလိုအားဖြင့် ရှေးက မြန်မာနိုင်ငံကို “စောပိုး” ဟူ၍ ခေါ်ဆိုကြ၍ တရုတ်ဟန်မင်းများ လက်ထက် (ဘီစီ ၂၀၂- အေဒီ ၂၆၃) တွင် မြန်မာနိုင်ငံကို “တန်” ဟူ၍ ခေါ်ဆိုလျက် တရုတ်တန်မင်းများ လက်ထက် (အေဒီ ၆၁၈ - ၉၀၇ )တွင် မြန်မာနိုင်ငံကို “ပိယော (ပျူ)” ဟုခေါ်ဆိုကြသည်။ ဆွန်မင်းများလက်ထက် (အေဒီ ၉၆၀) တွင် “မိယင်” ဟုခေါ်ဆိုသည်ဟု သိရှိရပါသည်။ ထိုမင်းတို့လက်ထက်မှ “မိယင်” တို့သည် တရုတ်တို့နှင့် ဆက်ဆံ သွားလာမှုများ စတင်ပြုလုပ်ကြသည်ဟု ဆို၏။
“မိယင်” ဆိုသော အမည်မှာ “မြန်မာ” ဆိုသော အမည်ကို အဖျားဆွတ်၍ ခေါ်ဆိုရေးမှတ်ခြင်းဖြစ်လိမ့်မည်ဟု သုတေသီများက ယူဆကြသည်။ တနည်းအာဖြင့် ဆိုသော် တရုတ်မင်းတို့က အေဒီ ၆၁၈ - ၉၀၇ ခုနှစ်အထိ မြန်မာနိုင်ငံကို ပျူဟူ၍သာ အသိအမှတ်ပြုခဲ့သည်။ “မြန်မာ” ဟူ၍ ထင်ပေါ်ခြင်းရှိဟန်မတူသေးပေ။ မြန်မာတို့ကို အသိအမှတ်ပြုလာသည်မှာ အေဒီ ၉၆၀ ခုနှစ်ခန့်မှ အစပြုသည်ဟု ယူဆရပါသည်။ မြန်မာ့ ရှေးဟောင်း သမိုင်း အဆိုအရလည်း ပုဂံကို သက္ကရာဇ် ၂၁၁ (အေဒီ ၈၄၉) ခုနှစ်တွင် တည်သည်ဟု ဆိုထားသဖြင့် ယုတ္တိရှိသည်ဟု ဆိုရပေမည်။
ဒီတော့ မြန်မာဆိုတဲ့စကားဟာ ပုဂံခေတ်ကတည်းက ပေါ်လာခဲ့တာဖြစ်ကြောင်းထင်ရှားပါတယ်။ အဲဒီတုန်းကခေါ်တဲ့ မြန်မာဟာလည်း အခုပြည်မမှာ နေကြတဲ့ လူမျိုးကိုသာ ခေါ်ကြတာဖြစ်ပြီး၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား ဆိုတဲ့ လူမျိုးတွေ မပါကြောင်း ထင်ရှားပါတယ်။
ဒါဆိုရင် ဗမာဆိုတဲ့စကားကရော ဘယ်တုန်းကပေါ်လာတဲ့စကားပါလဲ။ ထူးခြားတာက ဗမာဆိုတဲ့ စကားကို ကျောက်စာတွေမှာ အထောက်အထားနဲ့ မတွေ့ရတဲ့ အချက်ပါပဲ။
ဒီတော့ ဗမာဆိုတဲ့ စကားရဲ့ မူလရင်းမြစ်ကရော ဘာပါလဲ။ မြန်မာဆိုတဲ့ စကားကရော မူလရင်းမြစ်ကဘာပါလဲ။
ဗမာ၊ မြန်မာဆိုတဲ့ စကားရဲ့ မူလရင်းမြစ်ကို လေ့လာ ဆန်းစစ်တဲ့အခါ ဆရာအမျိုးမျိုးက အယူအဆအမျိုးမျိုး တင်ပြကြပါတယ်။ ၁၉၃၃ ခုနှစ်မှာ ထုတ်တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် JBRS အတွဲ ၂၃ ၊ အမှတ် ၂ မှာ ဆရာ ဦးကျော်ထွန်းက အယူကွဲ၊ မူကွဲ အမျိုးမျိုးကို ဖော်ပြပြီး မြန်မာဆိုတဲ့စကားလုံးရော၊ ဗမာဆိုတဲ့ စကားလုံးရောဟာ ဗြဟ္မာ ဆိုတဲ့ ပါဠိစကားလုံးကဆင်းသက် လာတဲ့ ဝေါဟာရ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ အဲဒီဆောင်းပါးဟာ အယူအဆကွဲမျိုးစုံ၊ Argument မျိုးစုံကို ဖော်ပြပြီး သုံးသပ်ထားတဲ့ တော်တော်ပြည့်စုံတဲ့ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်။ (အသေးစိတ်သိလိုသူတွေ ဆရာ ဦးကျော်ထွန်းရဲ့ ဆောင်းပါးကို ဖတ်ရှုကြပါ။ ရှာဖွေမရသူများ ဗကသနဲ့ ဆက်သွယ် တောင်းခံနိုင်ပါတယ်။ ဆရာဦး ကျော်ထွန်းရဲ့ အယူအဆကို ဒီနေ့ခေတ် မြန်မာဘာသာ ဗေဒပညာရှင် အများစုက ထောက်ခံကြပါတယ်။)
ဗြဟ္မာ ဆိုတဲ့ စကားကနေ ဗြမ္မာ၊ ဗြမ္မာကနေ မြမ္မာ၊ မြမ္မာကနေ မြန်မာ အဖြစ် ပြောင်းလဲလာတယ်လို့ ဆရာ ဦးကျော်ထွန်းကဆိုပါတယ်။ ဗမာဆိုတဲ့စကားလုံးဟာလည်း ဗြဟ္မာဆိုတဲ့စကားကနေ ဗမ္မာ၊ ဗမ္မာကနေ ဗမာဖြစ်လာတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာလည်းကျွန်တော်တို့ကို ဗြဟ္မာ (အသံထွက်အားဖြင့် တချို့က ဗရမာ) လို့ ခေါ်ပါတယ်။ အိန္ဒိယကုလားတွေက ကျွန်တော်တို့ကို ဗရမာ ခေါ်တာကို ကြားကြတဲ့ အတွက် အင်္ဂလိပ်က ဗမာကို ခေါ်တဲ့ အခါ Burma လို့ R ထည့်ပေါင်းခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဗမာတွေခေါ်တဲ့ အသံကိုသာ အရင်ကြားရင် Bamar သို့မဟုတ် Bama လို့ခေါ်ကောင်းခေါ်နိုင်ပါတယ်။ ထိုင်းနိုင်ငံကလည်း ကျွန်တော် တို့ကို ဖမာလို့ ခေါ်ပါတယ်။ ဘမာကနေ ဖမာ အဖြစ် အသံ ပြောင်းသွားတာဖြစ်နိုင်ပါတယ်။
ဒါဖြင့် ကျောက်စာတွေမှာ မြမ္မာ၊ မြံမာ၊ မြန်မာဆိုတဲ့စကားလုံးတွေကို အကြိမ်ကြိမ်တွေ့ရပြီး ဗမာဆိုတဲ့စကားကို မတွေ့ကြရတာက ဘာ့ကြောင့်လဲ။
ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့စာပေမှာ အရေးနဲ့ အဖတ် ကွာခြားနေတတ်တဲ့ “ရေးတော့အမှန် ဖတ်တော့အသံ” ထုံးစံ ထွန်းကားခဲ့လေတော့ မြန်မာနဲ့ ဗမာဟာလည်း အရေးနဲ့ အဖတ်ကွဲပြားခဲ့တာ ဖြစ်ပုံရတယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ ရေးတဲ့ အခါမှာ မြန်မာလို့ပဲ ရေးခဲ့ကြပြီး ပြောတဲ့ အခါမှာတော့ ဗမာလို့ပဲ ပြောခဲ့၊ တွင်ကျယ်ခဲ့ကြမယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ တချို့ ကလည်း ကျောက်စာ အထောက်အထား မတွေ့ရတဲ့ အတွက် ဗမာဆိုတဲ့ စကားလုံးဟာ ပေါ်တာ သိပ်မကြာသေးဘူးလို့ ယူဆကြတာမျိုးရှိပါတယ်။
ဒါပေမဲ့ မြန်မာ၊ ဗမာဟာ ရင်းမြစ်တခု တည်းကနေ လာရိုးမှန်ရင် မြန်မာက ရှေးပဝေသဏီကတည်းက ပေါ်ခဲ့ပြီး ဗမာက မနေ့တနေ့ကမှ (ကုန်းဘောင်ခေတ်နှောင်းလောက်မှ) ပေါ်တယ်ဆိုတာ ဖြစ်နိုင်ခြေ တော်တော် နည်းပါတယ်။ ဒီတော့ ကျောက်စာ၊ ရှေးစာ အထောက်အထား မတွေ့ရတဲ့ အတွက် ဗမာဟာ နောက်မှ ပေါ်တယ်ဆိုတဲ့ အယူအဆထက် ဗမာဟာ ပြောစကားမို့သာ ကျောက်စာ၊ ရှေးစာမှာ မတွေ့ရတာဆိုတဲ့ အချက်က ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ အပြောနဲ့ အရေးဆိုတာဟာ အပြောက ပိုရှေးကျတာမို့ ဗမာကတောင် မြန်မာထက်စောချင်စောနိုင်ပါသေးတယ်။ အပြောကပိုရှေးကျတဲ့ အတွက် ဗမာကပိုစောနိုင်တယ်ဆိုတဲ့ အယူအဆမျိုးကို တော့ ဆရာမောင်သာနိုးက ယူဆကြောင်း ဘီဘီစီ အလင်္ကာပုလဲပန်း အစီအစဉ်မှာ ပြောထားပါတယ်။
ပါဠိအဘိဓါန်ကို နိဿယ ပြန်ဆိုခဲ့တဲ့ ကျမ်းတတ်ပုဂ္ဂိုလ် အကျော်အမော်တဦး ဖြစ်သူ တောင်ပေါက် ဆရာတော် ဦးစက္ခပါလ ကလည်း ဗမာကသာ အမှန်၊ ဗမာကသာ သင့်တော်တဲ့ အသုံးအနှုန်းလို့ယူပြီး သူ့တသက်လုံးဗမာဆိုတဲ့ မူတမျိုးတည်းကို သာ သုံးနှုန်းခဲ့ဖူးတာလည်း ရှိပါတယ်။
အထက်အညာဒေသနဲ့ ဗမာလူမျိုးတွေနေထိုင်တဲ့ ကျေးလက်တောရွာတွေကို သွားကြည့်ရင် ဒီအယူအဆမှန်နိုင်ကြောင်း ပိုမို သိမြင်နိုင်ပါတယ်။ ကျေးလက်တွေမှာ မြန်မာလို့ ခေါ်ဝေါ်သုံးနှုန်းတာသိပ်နည်းပါတယ်။ ဗမာလို့သာ ခေါ်ဝေါ် သုံးနှုန်းကြပါတယ်။ (အညာကျေးလက်ဒေသတွေဟာ ဗမာစကား မပျက်စီးသေး (corrupt အဖြစ်နည်းပါးသေး) တဲ့ အရပ်ဒေသတွေ အဖြစ် ဘာသာစကား ပညာရှင် အများက လက်ခံထားပြီး ဖြစ်ပါတယ်။)
တကယ်တော့ ရှေးပဒေသရာဇ် ခေတ်အဆက်ဆက်မှာ စာတတ်ပေတတ်ဆိုတာကလည်း ပဒေသရာဇ် အနွယ်တွေ၊ မှူးမျိုး မတ်မျိုးတွေ ကသာ များပါတယ်။ သူတို့ပဒေသရာဇ်တွေက သာမန် အရပ်စကား အရပ်ဟန်နဲ့ ပြောတာကို တောဆန်တယ်ထင်ပြီး စာသံပေသံနဲ့ ဟန်လုပ်ပြော တတ်ကြပါတယ်။ ဒါ့ကြောင့် ပဒေသရာဇ်ခေတ်တလျောက်မှာ မြန်မာဆိုတဲ့ စကားကို ထီးရိပ်နန်းရိပ်၊ ပဒေသရာဇ် အရိပ်နင်းတဲ့သူတွေကသာ အသုံးပိုများကြပြီး ရပ်ထဲရွာထဲက သာမန်လက်လုပ်လက်စားတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဗမာလို့သာ ခေါ်ကြပါတယ်။
ဒါ့ကြောင့်လည်း တို့ဗမာအစည်းအရုံးက “မြန်မာ”ဟာ ပဒေသရာဇ်တွေ ပေးတဲ့ နာမည်လို့ ဆိုတာဖြစ်ပါတယ်။ တို့ဗမာ သခင်တွေဟာ ပဒေသရာဇ်ခေတ်နဲ့ သိပ်အဝေးကြီး အလှမ်းမကွာလှသေးတဲ့ အတွက် ဒီအချက်ကို ကောင်းကောင်းသဘောပေါက်ပါတယ်။ တခြားတိုင်းရင်းသားလူမျိုးစု တွေကို တိုက်ခိုက်ဖျက်ဆီးပြီး နှိပ်စက်ကလူပြုတာဟာလည်း ပဒေသရာဇ်တွေသာဖြစ်ပြီး သာမန်အရပ်သားတွေ မပါဝင်တဲ့ အတွက် “မြန်မာ”ဆိုတဲ့ ပဒေသရာဇ်နာမည်ဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရန်ငြိုးရန်စရှိပြီး၊ “ဗမာ”ဆိုတဲ့နာမည်ဟာ တိုင်းရင်းသားနဲ့ ရန်ငြိုးအစဉ်အ လာ မရှိဘူးလို့ တို့ဗမာ အစည်းအရုံးက ယူဆခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မူလ ရင်းမြစ်ကို ကြည့်မယ်ဆိုရင်တော့ မြန်မာရော၊ ဗမာပါ တိုင်းရင်းသားနဲ့ မဆိုင်၊ ပြည်မနေလူမျိုးနဲ့သာ သက်ဆိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် “ဗမာ” ဆိုတဲ့စကားဟာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ပအိုး၊ ပလောင် စတဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး ပါဝင်တယ်ဆိုတဲ့ အယူအဆဟာ ဘယ်တုန်းက စဖြစ်လာတာပါလဲ။
တို့ဗမာအစည်းအရုံးက စဖြစ်လာတာပါ။ တို့ဗမာအစည်းအရုံး သမိုင်း စာမျက်နှာ ၂၁၅ မှာ ဒီလိုဆိုထားပါတယ်။
“တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင် စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေးပေးခဲ့ကြောင်း၊ “တို့” ဟူသော စကား၊ “ဗမာ” ဟူသော စကား၊ “ ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ်ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာ ထင်ရှားပေသည်။”
လို့ ဆိုထားပါတယ်။
ဒီနေရာမှာ တီထွင်၍ ဆိုတဲ့ စကားလုံးကို အထူးသတိပြုဖို့လိုမယ်ထင်ပါတယ်။ မြန်မာ ပဒေသရာဇ်တွေ သုံးတဲ့ မြန်မာဆိုတဲ့စကားလုံးကို တနိုင်ငံလုံးအတွက်သုံးရင် လူမျိုးကြီးဝါဒ သဘော သက်ဝင်မှာ စိုးလို့ “ဗမာနိုင်ငံ” ဆိုတဲ့ အသုံးကို တို့ဗမာ အစည်းအရုံးက တီထွင် သုံးစွဲခဲ့ တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဗမာဆိုတဲ့ ဝေါဟာရကို တို့ဗမာအစည်းအရုံးက တီထွင်တယ်လို့တော့ ဆိုလိုတာ ဟုတ်ဟန်မတူပါဘူး။
ဒီတော့ ဗမာဆိုတာ တနိုင်ငံလုံး တိုင်းရင်းသား အားလုံး အပါအဝင်ဆိုတာဟာ တို့ဗမာ အစည်းအရုံးက ပြဌာန်းခဲ့တဲ့ “ပြဌာန်း အသုံးအနှုန်း” ဖြစ်ပါတယ်။ ပြဌာန်းခြင်းရဲ့ ရည်ရွယ်ချက်ဟာလည်း ခေတ်အဆက်ဆက် ပဒေသရာဇ်များသုံးစွဲခဲ့ပြီး ပုဂံခေတ်ကတည်းက ပြည်မနေလူမျိုးနဲ့ ယှဉ်တွဲ ထင်ရှားလာတဲ့ မြန်မာဆိုတဲ့ အသုံးအနှုန်းကို သုံးခြင်းအားဖြင့် လူမျိုးကြီးဝါဒ၊ မဟာမြန်မာဝါဒ ကျင့်သုံးရာ မကျစေချင်လို့ ဖြစ်ပါတယ်။
ဒီတော့ ဗမာနိုင်ငံ၊ ဗမာပြည်ဆိုတဲ့ စကားဟာ စတင်သုံးနှုန်းလာကတည်းက မြန်မာလူမျိုးကြီး လွှမ်းမိုးရေး ဝါဒကို ဆန့်ကျင်တဲ့ စိတ်ဓါတ်၊ လူမျိုးစုအားလုံး ညီညွတ်ရေးကို ရှေ့ရှုတဲ့ စိတ်ဓါတ်နဲ့ ပေါ်ပေါက်လာတယ်လို့ အတိအကျ မှတ်ယူနိုင်ပါတယ်။
တို့ဗမာ အစည်းအရုံးရဲ့ အဲဒီမူကိုပဲ အထက်မှာ ဗမာနာမည်သုံးခဲ့ကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက လက်ခံကျင့်သုံးကြတာဖြစ်ပါတယ်။ အဲသလို လက်ခံကျင့်သုံးကြတဲ့ အဖွဲ့အစည်းတွေထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) တို့လည်း အပါအဝင်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဗမာ၊ မြန်မာ ရောထွေးသုံးစွဲလာကြခြင်း
နယ်ချဲ့တော်လှန်ရေး ကာလတလျောက်လုံးမှာ တို့ဗမာ အစည်းအရုံးရဲ့ “ဗမာသည် တိုင်းရင်းသား အပါအဝင် တနိုင်ငံလုံး” မူကို စွဲစွဲမြဲမြဲ ကျင့်သုံးလာကြပေမဲ့ နောက်ပိုင်းမှာ အထူးသဖြင့် တို့ဗမာ အစည်းအရုံး မှေးမှိန်ပျောက်ကွယ်ပြီးနောက်ပိုင်းမှာ ဗမာနဲ့ မြန်မာကို အလေးအနက် မစဉ်းစားဘဲ အရောရော အနှောနှော သုံးစွဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဗမာဆိုတဲ့စကားကို ဖျောက်ဖျက်ပြီး မြန်မာ လူမျိုးကြီးဝါဒ ပြန်လည် အကောင်အထည်ဖော် အသက်သွင်းချင်တဲ့ အတွက် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲ သုံးစွဲ လာကြတယ် လို့တော့ ဗိုလ်နေဝင်း မတိုင်ခင်ကာလတွေမှာ သက်သေ အထောက်အထား မတွေ့ရပါဘူး။
မြန်မာဆိုတဲ့ နာမည်ကို သိသိသာသာ ပြန်လည်သုံးစွဲလာတာက ၁၉၄၇ ခုအခြေခံဥပဒေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၄၇ အခြေခံဥပဒေရေး ဆွဲရာမှာ နိုင်ငံရဲ့ နာမည်ကို အလေးအနက်စဉ်းစားခဲ့ပုံမရပါဘူး။ အငြင်းပွားမှု တစုံတရာ ရှိခဲ့ကြောင်းလည်း အထောက်အထား မတွေ့ရသလို အလေးအနက် ဆွေးနွေးခဲ့တဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူး။ တို့ဗမာအစည်းအရုံး မူကိုလည်း မေ့လျော့နေခဲ့ပုံရပါတယ်။ အင်္ဂလိပ် အမွေခံပြီး အင်္ဂလိပ် သုံးလက်စနာမည်ကိုပဲ လွယ်လွယ်ဆက်ခံ မှည့်ခေါ်လိုက်တာ တွေ့ရပါတယ်။ ဘာ့ကြောင့် အင်္ဂလိပ် အမွေခံပြီး အလွယ်သုံးလိုက်တယ်လို့ ပြောသလဲ ဆိုတော့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၂ မှာ အခုလို ရေးသားထားတဲ့ အတွက် ဖြစ်ပါတယ်။
မြန်မာပြည်၊ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံတော်ဟူသော စကားရပ်တို့သည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု ဥပဒေ၌ ပါရှိသော အဓိပ္ပါယ်မျိုးကိုဆောင်သည်။
အင်္ဂလိပ်ခေတ်တခေတ်လုံးမှာ အင်္ဂလိပ်အစိုးရက Burma မြန်မာပြည် လို့ ကို့လို့ကန့်လန့်သုံးခဲ့တဲ့ အသုံးကို ၁၉၄၇ အခြေခံဥပဒေက လွယ်လွယ်ပဲ အမွေခံခဲ့ပါတယ်။ ဒီလိုနဲ့ လွတ်လပ်တဲ့ နိုင်ငံတော်ဟာလည်း မြန်မာနိုင်ငံ Burma ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာ လူမျိုးကြီးဝါဒကို အသက်သွင်းချင်တဲ့ အတွက် တမင်သက်သက်လုပ်ခဲ့ သလားဆိုတာကိုတော့ သက်သေ အထောက်အထားပြသစရာ မရှိပါဘူး။ သဘောရိုးနဲ့ပဲ အင်္ဂလိပ်အမွေကို အမှုမဲ့ အမှတ်မဲ့ ဆက်ခံလိုက်တယ်လို့ ထင်ရပါတယ်။
အဲဒီကနေနောက်ပိုင်း ဖဆပလ ခေတ်တလျောက်လုံးမှာလည်း ဗမာ၊ မြန်မာဝေါဟာရ ကို နိုင်ငံရေး လက်နက်တခုအနေနဲ့ ထုတ်သုံးတာ မတွေ့ရသေးပါဘူး။ မြန်မာနဲ့ ဗမာကို မူမရှိဘဲ အုတ်အရောရော၊ ကျောက်အရောရော ရောနှောသုံးစွဲခဲ့တာမျိုးကိုပဲ တွေ့ရပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗမာကနေ မြန်မာကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလာတဲ့ လက္ခဏာတချို့ တွေ့ရပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဗမာ့တပ်မတော်ကို မြန်မာ့တပ်မတော်အဖြစ် မသိမသာ ပြောင်းလဲပစ်လိုက်တာကို ကြည့်ရင် သိနိုင်ပါတယ်။ ကျောင်းသားသမဂ္ဂကိုလည်း ဖျက်ဆီးလိုက်ပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ သူ့ဘဝတလျောက်လုံး ကျောင်းသား သမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာ မရှိသူမို့ တကသ၊ ဗကသတွေ အပေါ်မှာ ဝန်တိုစိတ်ရှိပါတယ်။
ဗကသရဲ့ ကြီးမားတဲ့ အစဉ်အလာကိုလည်း ဖျောက်ဖျက်ချင်တဲ့ ဆန္ဒရှိပါတယ်။ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်နေဝင်းဟာ ပါဝင်လှုပ်ရှားခဲ့ဖူးသူ မဟုတ်ပါဘူး။ သခင်ရှုမောင်နာမည်ဟာလည်း ဂျပန်သွားကာနီးကျမှ အရေးပေါ်ကောက်တပ်လိုက်တဲ့ သခင်နာမည်မျှသာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်း ဂျပန်ကို လိုက်ပါသွားခွင့်ရတာကလည်း သူ့ရဲ့ ဦးလေးဖြစ်သူ သခင်ညီ မကျန်းမာလို့ လူစားထိုး လိုက်ပါခဲ့ရ တာသာဖြစ်ပါတယ်။ (ကိုကိုမောင်ကြီးရေးတဲ့ တရံရောအခါတွင် ကြည့်ပါ) သူမပါခဲ့တဲ့ တို့ဗမာအစည်းအရုံးရဲ့ အစဉ်အလာကိုလည်း ဗိုလ်ချုပ်နေဝင်းဟာ လိုလားနှစ်သက်မှု မရှိပါဘူး။ ဒီလိုအခြေအနေ မှာ ဗိုလ်ချုပ်နေဝင်းဟာ ဗမာအစား၊ မြန်မာကို တဖြည်းဖြည်း အစားထိုးလာပါတယ်။
ဗမာနာမည်နဲ့ အဖွဲ့အစည်းတွေကိုလည်း မှေးမှိန်အောင် လုပ်ပါတယ်။ တခြား တဘက်မှာ လည်း မြန်မာလူမျိုးကြီးဝါဒကို တဖြည်းဖြည်း ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ ဗမာအစား မြန်မာကို အစားထိုး ပြောင်းလဲလိုက် ကြောင်းတော့ တရားဝင် နာမည်တပ် ကြေညာတာမျိုး လုပ်တဲ့ အထိ အတင့်မရဲခဲ့ပါဘူး။
တို့ဗမာအစည်းအရုံးသမိုင်းကို ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေတဲ့အခါ တို့ဗမာ အစည်းအရုံးသမိုင်းမှာပါတဲ့ ဗမာ၊ မြန်မာ အဓိပ္ပါယ်ဖွင့်ဆိုချက် ဟာ မဆလရဲ့ “မြန်မာ” နဲ့ နိုင်ငံရေး အနှစ်သာရအားဖြင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကြောင်းပေါ်လွင်လာပါတယ်။ အဲဒီအခါမှာ တို့ဗမာ အစည်းအရုံးသမိုင်း စာအုပ်ထဲက ဗမာ၊ မြန်မာ အဓိပ္ပါယ်ဖွင့်ဆိုချက် ပါတဲ့ စာမျက်နှာ ၂၁၅ မှာ အောက်ခြေမှတ်စု အဖြစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဓိပ္ပါယ်ရှင်းလင်းချက် စာတမ်း စာမျက်နှာ ၁၈ မှာပါတဲ့ စာပိုဒ်ကို ထည့်သွင်းခိုင်းခဲ့ပါတယ်။ အဲဒီမှတ်စုက..
“ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဟုခေါ်ထားခြင်းမှာ တိုင်းရင်းသား လူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ်နှင့် တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း သမိုင်းအစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံ ခိုင်မာစွာ တည်ဆောက် ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စနစ်ဖြင့် အုပ်စိုးသော နိုင်ငံမဟုတ်ပဲ၊ လုပ်သားပြည်သူတို့ အာဏာ ပိုင်စိုးသော နိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသား လူမျိုးများကို သိမ်းကျံုးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသော လူမျိုးများ မှီတင်းနေ ထိုင်ရာ နိုင်ငံတော် ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားစေရန်ဖြစ်သည်”
ဗိုလ်ချုပ်နေဝင်းဟာ တိုင်းရင်းသားလူမျိုးအားလုံးကိုယ်စားပြုပြဌာန်းထားတဲ့ ဗမာစကားလုံးအစား၊ မြန်မာ လူမျိုးကြီးစိုးရေး ကိုသာ လိုလားကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် မြန်မာကို တိုင်းရင်းသားအားလုံးကိုယ်စားပြု သုံးစွဲသင့်ကြောင်းကိုတော့ အကျိုးသင့် အကြောင်းသင့် ရှင်းမပြနိုင်တာကို လည်း ထင်းထင်းကြီး မြင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းဟာ ဗမာနဲ့ မြန်မာကို ပြောင်ပြောင်တင်းတင်း ပြောင်းပြန် မလှန်ရဲသေး တာကိုလည်း သတိပြုရင် တွေ့နိုင်ပါတယ်။ နယ်ချဲ့ တော်လှန်ရေး သမိုင်းကာလနဲ့ သိပ်အလှမ်းမကွာသေးတဲ့ အတွက်၊ သိမှီသူတွေ သိပ်များသေးတဲ့ အတွက် မလှန်ရဲသေးတာ ဖြစ်ပါတယ်။ ဗမာနဲ့ မြန်မာကို အဓိပ္ပါယ်အတိအကျ ခွဲခြား ပြဌာန်း သတ်မှတ်တာမျိုး မလုပ်ဘဲ သူ့သက်တမ်းတလျောက်မှာ မသိမသာပဲ ဆက်လက် ရောထွေး သုံးစွဲသွားခဲ့ပါတယ်။
နိုင်ငံရေး ပယောဂ ဝင်လာခြင်း
တကယ်တန်း ဗမာနဲ့ မြန်မာကို ပြောင်ပြောင်တင်းတင်းကြီး ပြောင်းပြန်လှန်ပစ်ရုံသာမက ဗ၊ မ အပြောင်းအလဲကို နိုင်ငံရေး လက်နက် အဖြစ် အသုံးချခဲ့သူကတော့ ဗိုလ်ချုပ်နေဝင်းရဲ့ လူယုံတပည့်ကျော်ကြီး ဗိုလ်ချုပ်ခင်ညွန့်ဖြစ်ပါတယ်။ အခွင့်အရေး ပေါ်လာလို့လည်း ထုတ်သုံးခဲ့တာဖြစ်ပါတယ်။
အခွင့်အရေး ပေါ်လာပုံက ဒီလိုပါ။
၁၉၈၈ မတ်လမှာ ဖုန်းမော် အရေး အခင်း ပေါ်လာတော့ ဦးဆောင် လှုပ်ရှားခဲ့သူ ကျောင်းသားတွေထဲမှာ အခုပါတီထောင်ထားတဲ့ ကိုအေးလွင်တို့၊ မြေလတ်ကျောင်းသားသမဂ္ဂခေါင်းဆောင် လုပ်ခဲ့တဲ့ ကိုကျော်နိုင်မင်းတို့ ပါဝင်ခဲ့ပါတယ်။ မတ်လ ၁၆ ရက် တံတားနီ အရေး အခင်းမှာ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်မျိုးတင့် ၊ ကိုညိုထွန်း၊ ကိုတင်အေး စတဲ့သူတွေ ပါဝင်ခဲ့ပါတယ်။ မတ်လ ၁၇ ရက် ရန်ကုန်တက္ကသိုလ်ထဲမှာ စစ်တပ်က ကျောင်းသားတွေကို ကျောင်းဝိုင်း ပိတ်ဆို့ပြီး ရိုက်နှက်ဖမ်းဆီးတဲ့ အထဲမှာ ကိုမင်းဇေယျပါဝင်ခဲ့ပါ တယ်။ အကျဉ်းချုပ်ပြောရရင် မတ်လ လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့သူတချို့ဟာ စောစောစီးစီး အဖမ်းခံခဲ့ကြရပါတယ်။
ဇွန်လ မြေနီကုန်းလှုပ်ရှားမှုမှာတော့ မောင်မောင်ကျော်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ အောင်ဒင်တို့ ပါဝင် လှုပ်ရှားခဲ့ကြပါတယ်။ မတ်လမှာ အဖမ်းမခံရဘဲ လွတ်နေသေးတဲ့ ညိုထွန်းလည်း အဲဒီ အဖွဲ့နဲ့ အတူ ပါလာပါတယ်။ သူတို့ဟာ ဒုတိယ ကျောင်းသား ခေါင်းဆောင် အသုတ် ဖြစ်လာပါတယ်။
ဇူလိုင်လ ၇ ရက်နေ့မှာ အဖမ်းခံထားရတဲ့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုကျော်နိုင်မင်း၊ ကိုအေးလွင် စတဲ့ ပထမအုပ်စု ပြန်လွတ်လာကြ ပါတယ်။ မန္တလေးဆောင်မှာ ရုံးခန်းဖွင့်ပါတယ်။
မတ်လ ၂၈ ရက် သမဂ္ဂရင်ပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းတဲ့ အခါ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအောင်ဒင်၊ ကိုမိုးသီးဇွန်တို့ဟာ အလုပ်အမှုဆောင်တွေ ဖြစ်လာကြပြီး ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုကျော်နိုင်မင်း၊ ကိုအေးလွင် စတဲ့ ပထမအသုတ်ခေါင်းဆောင်တွေ ကျန်နေခဲ့ပါတယ်။ အဲဒီလို အခြေအနေအပေါ်မှာ သဘောထားကွဲလွဲကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရေးကော်မတီ မကသဖ ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ မကသ ရဲ့ ရှေ့ပြေးဖြစ်လာပါတယ်။
ဇွန်လအုပ်စုတွေဟာ ဗကသ ဖြစ်လာပြီး၊ မတ်လအုပ်စုထဲက တချို့ဟာ မကသ ဖြစ်လာပါတယ်။ နေရပ်အရ ပြောရရင်လည်း ဇွန်လအုပ်စု အများစုဟာ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာဘက်မှာ နေကြပြီး မတ်လ အုပ်စု တော်တော်များများဟာ စမ်းချောင်းဘက်မှာ နေကြပါတယ်။ သူ့အုပ်စုလေးနဲ့သူ သီးခြားလိုလို ဖြစ်နေပါတယ်။
ကျောင်းသားတွေကြားမှာ ဒီလို သဘောထားကွဲပြားနေတာကို ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး လက်နက် အဖြစ် အခွင့်အရေးယူ အသုံးချပြီး ကျောင်းသားတွေ ပိုကွ
ိုကွဲအောင်လုပ်ပါတော့တယ်။ တနိုင်ငံလုံးက ကျောင်းသားထုကြီးပါ နှစ်ခြမ်းကွဲသွားအောင်အထိ ရည်ရွယ်ချက် ကြီးကြီးမားမားထားပါတယ်။ ကျောင်းသားတွေ မလိမ္မာခဲ့ရင် ကျောင်းသားထုကြီးကြားမှာ သွေးထွက်သံယို ဖြစ်ရပ်တွေတောင် ဖြစ်လာနိုင်တဲ့ အထိ အန္တရာယ်ကြီးနိုင်တဲ့ ဧရာမ နိုင်ငံရေး လုပ်ကြံမှုကြီးတခုပါ။ ( အခု ၂၀၁၂ ခုထဲမှာ အလားတူ နောက်ထပ်လုပ်ကြံမှုမျိုး အတွက် ခြေလှမ်းပြင်လာတာကိုလည်း တွေ့နေရပြီဖြစ်ပါတယ်။)
အဲဒီတုန်းက လုပ်ကြံပုံက ဒီလိုပါ။ စစ်တပ်အာဏာသိမ်းပြီး သူတို့ အာဏာ မခိုင်မာသေးခင်၊ ကျောင်းသားနဲ့ ပြည်သူလူထုတွေ နောက်တခါ အုံကြွ ဆန့်ကျင်လာမှာကို ကြောက်နေတဲ့ အချိန်ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်ဟာ ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ပြီးတွေ့ခဲ့ပါတယ်။ ပထမ အဆင့်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တပည့် ဗိုလ်မှူးလှသန်းက ကျောင်းသားခေါင်းဆောင်တွေကို တွေ့ဆုံပြီး ကျောင်းသားသမဂ္ဂ တရားဝင်တည်ထောင်ခွင့် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ကျောင်းသားတွေဘက်က ဗိုလ်ချုပ်ခင်ညွန့်ကို မယုံကြည်တဲ့ အတွက် အဲဒီကျောင်းသားခေါင်းဆောင်တွေကို ရာဇဝတ်ပြစ်မှုကျူးလွန်သည်မှ တပါး တခြား ပြစ်မှုနဲ့ ဖမ်းဆီးအရေးယူတာမျိုး မလုပ်ပါဘူးလို့ ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ကျောင်းသားတွေအားလုံးရဲ့ နာမည်ပါဝင်ပြီး ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာမူရင်းကို သုံးစောင်လက်မှတ်ရေးထိုးပေးတဲ့ အတွက် ကျောင်းသားတွေ ခွဲပြီး သိမ်းဆည်းခဲ့ကြပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့် နဲ့ သွားရောက်တွေ့ဆုံခဲ့ကြသူတွေထဲမှာ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုဝင်းကြွယ်၊ ကိုကျော်နိုင်မင်း၊ ကိုညိုထွန်း၊ ကိုလှမျိုးနောင်၊ မခင်ဥမ္မာ၊ ကိုအေးလွင်၊ မခင်မာဝေ၊ ကိုဇော်မင်း တို့ အပါအဝင် ကျောင်းသားပေါင်း ၂၈ ယောက် လို့ထင်ပါတယ်၊ သွားတွေ့ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီး၊ ကိုအောင်ဒင်တို့က သွားမတွေ့ခဲ့ကြပါဘူး။
ဗိုလ်ချုပ်ခင်ညွန့်က မကသ နာမည်နဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ခွင့်ပြုခဲ့ပါတယ်။ နေရာနဲ့ ထောက်ပံ့မှု တချို့ ပေးခဲ့ပါတယ်။ ဗကသကို တရားဝင် အသိအမှတ်မပြုဘဲ၊ မကသကိုသာ တရားဝင် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ကျောင်းသားအုပ်စု နှစ်အုပ်စုကို ပိုပြီးကွဲအောင် သပ်လျှိုလိုက်တာဖြစ်ပါတယ်။
မကသတွေ ထောက်လှမ်းရေးနဲ့ ပေါင်းသလား။ ထောက်လှမ်းရေးကို ဒူးထောက်ခဲ့သလား။ ထောက်လှမ်းရေး ကဘာ့ကြောင့် သူတို့ကို ထောက်ပံ့သလဲ။ စသည်ဖြင့် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။ ဒီလိုဖြစ်အောင် ဗိုလ်ချုပ်ခင်ညွန့်က ထောင်ချောက်ဆင်တာပါ။
အကောက်ဉာဏ်သုံးပြီး အဖွဲ့အစည်းတွေကြားထဲဝင် သပ်လျှိုဖြိုခွဲတဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဗိုလ်ချုပ်ခင်ညွန့်ဟာ အကွဲပိုကြီးအောင် အားဖြည့်တဲ့ အနေနဲ့ ၁၉၈၉ ခုနှစ် မေလမှာ နိုင်ငံရေးလက်နက်ကို ထုတ်သုံးပါတယ်။ ပြည်မနေလူမျိုးကို ဗမာလို့ခေါ်ရမယ်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း စတဲ့ တိုင်းရင်းသား အားလုံး အပါအဝင် တနိုင်ငံလုံးနေလူတွေအားလုံးကိုတော့ မြန်မာလို့ ခေါ်ရမယ်လို့ ဗိုလ်ချုပ်ခင်ညွန့်က အမိန့်ထုတ်ပြီး အစဉ်အလာကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။
ဘာ့ကြောင့် ဒီလို ပြောင်းပြန်လှန်သလဲ။ အဖြေကရှင်းရှင်းလေးပါ။
၁။ ကျောင်းသားတွေကြားထဲမှာ အကွဲအပြဲကို ကြီးသထက်ကြီးအောင် လုပ်တာပါ။ ကျောင်းသားခေါင်းဆောင်တွေကြားမှာ ကွဲဖို့ ဆိုတာထက် ကျောင်းသားထုကြီးပါ နှစ်ခြမ်းကွဲအောင် ရည်ရွယ်ချက်ကြီးကြီးမားမားထားပြီး လုပ်တာပါ။
၂။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ တို့ဗမာအစည်းရုံးတို့ရဲ့ အစဉ်အလာကို ကျဉ်းမြောင်း သေးသိမ်သွားအောင် လုပ်တာဖြစ်ပါ တယ်။ ဒီအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားနဲ့ မဆိုင်သယောင်ဖြစ်သွားအောင် လုပ်တာပါ။
အဲဒီတုန်းက “ဗ” မှန်သမျှကို အကုန် “မ” နဲ့ အစားထိုး ပြောင်းလဲရေးကို စစ်ဆင်ရေး တခုလိုလုပ်လိုက်တာဟာ တော်တော် မျက်စိနောက်စရာ ဖြစ်ခဲ့ပါတယ်။ “ဗ” မှန်သမျှကို “မ” နဲ့ လိုက်အစားထိုးလို့ ဗကသ ကျောင်းသားခေါင်းဆောင် ညိုထွန်းက မခံနိုင်ဖြစ်ပြီး ဗိုလ်ခင်ညွန့်လုပ်ပုံနဲ့တော့ ဗုဒ္ဓတောင် မုဒ္ဓ ပြောင်းရ တော့မလို ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်ခင်ညွန့်က စကားလုံးနည်းနည်း ဖြတ်ညှပ်ကပ်လုပ် ၊ လိုရာဆွဲပြီး ဗုဒ္ဓကို မုဒ္ဓဟုခေါ်သူ ညိုထွန်း ဆိုပြီး သတင်းစာထဲမှာ ခေါင်းစီးစာလုံးမဲကြီးနဲ့ ဖော်ပြခဲ့ပါသေးတယ်။
တကယ်တန်း နောက်ပိုင်းမှာတော့ မကသတွေဟာလည်း ကျောင်းသားထုကို သစ္စာဖောက်သူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်ထင်ရှားလာပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ သူကိုယ်တိုင် စာရွက်စာတမ်းနဲ့ လက်မှတ်ထိုး ပေးထားတဲ့ ကတိကို ဖျက်ပြီး သူမဖမ်းဘူးလို့ အာမခံထားတဲ့ ကျောင်းသားတွေ အားလုံးကို သိမ်းကျံုးဖမ်းဆီးခဲ့ပါတယ်။ မကသခေါင်းဆောင်တွေဟာ ရှေ့ဆုံးက အဖမ်းခံကြရပါတယ်။ ဗကသတွေလည်း အဖမ်းခံရပါတယ်။
ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို ခံရပါတယ်။ စစ်ဗိုလ်ဆိုတာ ပေးထားတဲ့ ကတိဘယ်တော့မှ မဖျက်ဘူးလို့ ဒီနေ့ စစ်ဗိုလ်တွေ အပြောကြီး နေကြပေမဲ့ စစ်ဗိုလ်တွေဟာ သူတို့ ပေးထားတဲ့ ကတိကို ဖျက်ခဲ့ကြတာဟာ မရေမတွက်နိုင်အောင် များလှပါတယ်။
စာပေစိစစ်ရေးကလည်း ဗမာမြန်မာကို စောင့်ပြီး စိစစ်ရေးလုပ်ပါတယ်။ ထုတ်ဝေပြီးသားဖြစ်တဲ့ ဆရာ မောင်သာနိုးရဲ့ ဗမာစာ၊ ဗမာစကား စာအုပ်တောင်မှ နောက်တကြိမ်ထုတ်တော့ မြန်မာစာ၊ မြန်မာစကားလို့ ပြောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အာဏာသုံးပြီး သူတို့ပြဌာန်းချက်ကို လူတွေ စွဲသွားအောင် နှစ်ပေါင်း နှစ်ဆယ်အစိတ်ကျင့်သုံးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီနေ့ခေတ် တိုင်းရင်းသားလူငယ်လေးတွေဟာ စစ်အာဏာရှင်ရဲ့ ပြောင်းပြန်ပြဌာန်းချက်ကိုပဲ အမှန်လို့ထင်လာကြတာဖြစ်ပါတယ်။ သူတို့မွေးကတည်းက ဒီအတိုင်းတွေ့လာရတာကိုး။
စစ်အာဏာရှင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ အဖွဲ့အစည်း မဟုတ်ဘဲ၊ ပြည်မနေလူမျိုးတမျိုးတည်းကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းမြောင်းတဲ့ အဖွဲ့အစည်းလို့ တိုင်းရင်းသားတွေ အထင်မှားအောင် သပ်လျှိုချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါတွင်မကဘဲ နောင်ခေတ်အဆက်ဆက်မှာ ဗ၊မ ပြဿနာ အမွေဆိုးကို လက်ဆင့်ကမ်း သယ်ဆောင်ပြီး ကျောင်းသားတွေကြားထဲမှာ အကွဲကြောင်း ဆက်တိုက်ပေါ်နေအောင် ရည်ရွယ်တာဖြစ်ပါတယ်။
ဒီတော့ ခြံုငုံပြီး ပြောရရင် “ဗမာသည် တနိုင်ငံလုံး” မူဟာ လူမျိုးကြီးဝါဒကို ဆန့်ကျင်တဲ့ အခြေခံပေါ်မှာ စတင်သုံးစွဲလာတဲ့ မူဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့ သမိုင်းတန်ဖိုးကိုလည်း ကိုယ်စားပြုပါတယ်။ “မြန်မာသည် တနိုင်ငံလုံး” မူ ကတော့ လူမျိုးကြီးဝါဒကို ကိုယ်စားပြုပါတယ်။ သွေးခွဲသပ်လျှိုခဲ့တဲ့ သမိုင်းကို ကိုယ်စားပြုပါတယ်။
“ဗမာသည် တနိုင်ငံလုံး” မူဟာ တို့ဗမာ အစည်းအရုံးမူဖြစ်ပါတယ်။ “မြန်မာသည် တနိုင်ငံလုံး” မူ ကတော့ ဗိုလ်ချုပ်ခင်ညွန့် မူဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်ရဲ့ နာမည်သည်ပင် စစ်အာဏာရှင် အငွေ့အသက်၊ ပဒေသရာဇ် အငွေ့အသက်လွှမ်းခြံုနေတဲ့ မြန်မာဆိုတဲ့ နာမည်အစား၊ ဗမာဆိုတဲ့ နာမည်ကိုယူသင့်ပါတယ်။ ပြည်ထောင်စု ဗမာနိုင်ငံတော် ဖြစ်သင့်ပါတယ်။ လူမျိုးစုံသွေးစည်းညီညွတ်ရေး အစဉ်အလာနဲ့ မှည့်ခေါ်ထားတဲ့ ဗမာကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။ အင်္ဂလိပ်လို ရေးရင်လည်း Bamar သို့မဟုတ် Bama လို့သာ ရေးသင့်ပါတယ်။
ဗမာဆိုတဲ့ နာမည်ရော၊ မြန်မာဆိုတဲ့နာမည်ရောဟာ ရင်းမြစ်ကိုကြည့်ရင် ပြည်မနေလူမျိုးစုနဲ့သာ သက်ဆိုင်တဲ့အတွက် နာမည်နှစ်မျိုးလုံးကို မကြိုက်ဘူးဆိုတဲ့ အမြင်မျိုးလည်း တိုင်းရင်းသားတွေကြားမှာ ရှိခဲ့ဖူးပါတယ်။ ၁၉၉၀ ဝန်းကျင် ကစပြီး ၁၉၉၄ ခုနှစ် ဝန်းကျင်အထိ မာနယ်ပလော အားကောင်းစဉ်ကာလတုန်းက ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် DAB ကဦးစီး ကျင်းပတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေး အစည်းအဝေးတွေထဲမှာ နိုင်ငံအမည် ပြင်ဆင်ပြောင်းလဲရေး ဆွေးနွေးပွဲ တခုပါဝင်ခဲ့ဖူးပါတယ်။ မြန်မာရော၊ ဗမာပါ မပါအောင် ရှောင်ပြီး ရွှေပြည်ဗိမာန်၊ ရွှေနိုင်ငံ၊ သံလွင်ဧရာ၊ ဇေယျာသီရိ ဆိုပြီး နာမည် အမျိုး မျိုး စမ်းပေးကြည့်ဖူးပါတယ်။
သူတို့ပေးတဲ့ နာမည်တွေကို သူတို့ကိုယ်တိုင် မကြိုက်နိုင်ခဲ့ကြပါဘူး။ နာမည်တွေက သင်္ဘောနာမည်လိုလို၊ ကားဂိတ်နာမည်တွေလိုလို အများစိတ်ထဲမှာ ရယ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ကြိုက်နိုင်တယ်ဆိုစေဦးတော့၊ အဲဒီနာမည်တွေဟာလည်း မြန်မာဘာသာနဲ့ ပေးထားတဲ့ နာမည်တွေ ဖြစ်နေပါသေးတယ်။ တကယ်တော့လည်း တရားဝင်နိုင်ငံနာမည် ဆိုတာဟာ အသံထွက် တမျိုးတည်းပဲ ဖြစ်သင့်တယ်မဟုတ်လား။ ဒီတော့ ဘာသာစကားတမျိုးတည်းနဲ့ပဲ ပေးရတော့မှာပါ။ ဒါမှမဟုတ် မြန်မာအရိပ်နဲ့ လွတ်အောင် ချင်းစာ၊ ရှမ်းစာ၊ မွန်စာ၊ ကချင်စာနဲ့ နာမည်ပေးမယ်ဆိုရင်ရော၊ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုနိုင်မှာပါလား။
ဒါမှ မဟုတ် အင်္ဂလိပ်လို ပေးဦးမလား။ ဒါဆိုရင် ပိုတောင် ဆိုးပါဦးမယ်။ ဒီတော့ ဒီလောက်အထိ အသစ်ထွင်ဖို့ စဉ်းစားချက်ဟာ နာမည်ဆိုတဲ့ ပညတ်အပေါ် အယူသီးလွန်းရာကျတဲ့ သဘောဖြစ်နေပါလိမ့်မယ်။ ပညတ်က အဓိကမဟုတ်ပါဘူး။ နိုင်ငံရေး သဘောထား၊ နိုင်ငံရေး ရည်ရွယ်ချက်၊ ထားရှိတဲ့ စေတနာကသာ အဓိကဖြစ်ပါတယ်။ လူမျိုးစု စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး တီထွင်သုံးစွဲထားတဲ့ သမိုင်း အစဉ်အလာကောင်းတဲ့ ဗမာနိုင်ငံဆိုတဲ့ စကားလုံးဟာ တိုင်းရင်းသား လူမျိုးစုအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံတော်ကို ခေါ်ဆိုထိုက်တဲ့ အသင့်တော်ဆုံးနာမည်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဒါ့အပြင် တခြားနိုင်ငံတွေရဲ့ နမူနာကိုလည်း ကြည့်ပါ။ ဂျာမနီမှာ ဂျာမန်လူမျိုးတမျိုးတည်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများစု ဂျာမန်တွေရဲ့ နာမည်ကိုပဲ နိုင်ငံ နာမည် ပေးထားပါတယ်။ ရုရှားမှာလည်း ရုရှားလူမျိုးတမျိုးတည်း နေတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ကြပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ယူနီယံ မတိုင်ခင်နဲ့ ဆိုဗီယက်လွန်ကာလမှာ သူ့နိုင်ငံနာမည်ကို ရုရှားလို့ ပေးထား တာနဲ့ ပတ်သက်ပြီး ဘာမှ ပြဿနာ အကြီးအကျယ် မတက်ပါဘူး။ ထိ်ုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ဟာလည်း အလားတူ နောက်ထပ်ဥပမာတွေ ဖြစ်ကြပါတယ်။ မှန်ပါတယ်။
သူတို့မှာလည်း သမိုင်းမှာ အသာရခဲ့တဲ့ လူမျိုး၊ အရေအတွက် များတဲ့ လူမျိုးရဲ့ နာမည်က ကြီးစိုးသွားတာပါ။ ဒါမျိုးဟာ ကျွန်တော်တို့ နိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံအများအပြားမှာ ဖြစ်ခဲ့တယ်လို့ ဆိုချင်တာပါ။ သမိုင်းထဲက ထွက်ပေါ်လာတဲ့ ရလဒ်လို့ ဆိုချင်တာပါ။ ဒီတော့ သူတို့မှာ ပြဿနာမတက်ဘဲ ကျွန်တော်တို့မှာ ပြဿနာတက်တာက ဘာ့ကြောင့်ပါလဲ။ အဓိကက လက်ရှိ နိုင်ငံရေးကြောင့်ပါ။ မျက်မှောက်ကာလမှာ လူမျိုးစုတွေအပေါ်မှာ ကျွန်တော်တို့ အစိုးရက လူမျိုးရေးဖိနှိပ်မှုတွေ လုပ်ထားလို့ပါ။ အနှစ်သာရ ဖြစ်တဲ့ အဲဒီနိုင်ငံရေးကို ပြောင်းလဲနိုင်ဖို့က လိုရင်းပါ။
နာမည်အနေနဲ့ကတော့ စောစောက ပြောသလို ရည်ရွယ်ချက်ကောင်း၊ သမိုင်းအစဉ်အလာကောင်းတဲ့ ဗမာဆိုတဲ့ နာမည်ကို ခံယူသင့်ပါတယ်။ လူမျိုးစု အပေါ်မှာ ရည်ရွယ်ချက်စေတနာလည်း မကောင်း၊ သမိုင်းအစဉ်အလာလည်း မကောင်းတဲ့ ပဒေသရာဇ်နဲ့ စစ်အာဏာရှင်တွေသုံးတဲ့ “မြန်မာဟာ လူမျိုးအားလုံး အကြံုးဝင်တယ်” ဆိုတဲ့မူဟာ မနှစ်မြို့စရာ နာမည်ဖြစ်ပါတယ်။
ဒါ့ကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အနေနဲ့လည်း “ဗမာ” နာမည်ကို ရဲရဲရင့်ရင့်၊ လိပ်ပြာသန့်သန့်နဲ့ ခံယူဖို့ လိုပါတယ်။ အခုလို “ဗ” နာမည် ရဲရဲ ခံယူဖို့လိုအပ်တယ်လို့ ပြောတာဟာ “ဗ” နဲ့ “မ” ကွဲပြားခဲ့ဖူးတဲ့ ကိုမင်းကိုနိုင်တို့နဲ့ ကိုမင်းဇေယျတို့ ကြားမှာရှိခဲ့တဲ့ ပြဿနာဟောင်းကို အစပြန်ဖော်တာ မဟုတ်ကြောင်းကိုတော့ အတိအလင်း ပြောကြားချင်ပါတယ်။ ပြဿနာ အစပြန်ဖော်တာ မဟုတ်သလို ကိုမင်းကိုနိုင်တို့ဘက်ကို ဘက်လိုက်တာလည်း မဟုတ်ဘူး။ အားလုံး အတူတကွ တိုင်းပြည်အရေး ဆောင်ရွက်ကြသူတွေ ဖြစ်ကြတဲ့ အတွက် ဘယ်သူ့ဘက်မှလည်း လိုက်စရာမလိုပါဘူး။
“ဗ” နာမည်ခံယူတာဟာ ပြဿနာကို အစဖော်တာလည်း မဟုတ်ပါဘူး။ ပြဿနာကို အဆုံးသတ်တာဖြစ်ပါတယ်။ နောက်နောင် မျိုးဆက်တွေလက်ထဲမှာ ဒီပြဿနာပါမလာတော့အောင် အဆုံးသတ်တာပါ။ ကွဲ အမွေကို လက်ဆင့်မကမ်းချင်လို့ ဒီမှာ အဆုံးသတ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။
ဒီ့ထက် ပိုအရေးကြီးတဲ့ စကားကို ဆိုရရင် ဗ၊မ ပြဿနာရဲ့ အဓိက နိုင်ငံရေး ဝိရောဓိဟာ ၈၈ နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဗကသ၊ မကသ အုပ်စုနှစ်စုကြားက ဝိရောဓိက အဓိက မဟုတ်ဘူး။ ဗကသ၊ မကသ ကို အကြောင်းပြုပြီး ဒီပြဿနာစခဲ့တာဖြစ်ပေမဲ့ တကယ့် ဝိရောဓိ တကယ့် ပဋိပက္ခက ဒီ့ထက်ပိုကြီးကျယ်ပါတယ်။
တကယ့်အဓိက ဝိရောဓိက စစ်အာဏာရှင်တွေရဲ့ “မ” နဲ့ တို့ဗမာအစည်းအရုံးရဲ့ “ဗ”၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ရဲ့ “ဗ” ကြားက ဝိရောဓိ ၊ စစ်အာဏာရှင်ကိုယ်စားပြု “မ” နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကိုယ်စားပြု “ဗ” ကြားက ဝိရောဓိတွေကသာ တကယ့်ဝိရောဓိ၊ တကယ့် ပဋိပက္ခဖြစ်ပါတယ်။
ဗကသနာမည် ခံယူဖို့လိုအပ်တယ်လို့ ပြောတာဟာ
၁။ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ခံယူခဲ့တဲ့ သမိုင်းအစဉ်အလာ၊ ကျောင်းသားထုကြီးတခုလုံးက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း ခံယူခဲ့တဲ့ သမိုင်းအစဉ်အလာကို ကိုယ့်သဘောနဲ့ ကိုယ် ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်လို့၊
၂။ တို့ဗမာအစည်းအရုံးက အတိအလင်း ကြေညာ ပြဌာန်းထားတဲ့ သတ်မှတ်ချက်ကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ဆန့်ကျင်ဖို့ မဖြစ်နိုင်လို့၊
၃။ စစ်အာဏာရှင်တို့ရဲ့ သမိုင်းကို ပြောင်းပြန်လှန်တဲ့လုပ်ရပ်ကို မထောက်ခံနိုင်လို့၊
၄။ စစ်အာဏာရှင်တို့ရဲ့ မြန်မာ မဟာလူမျိုးကြီးဝါဒကို လက်မခံနိုင်လို့၊
၅။ ဗကသကို တမင်သက်သက် ကျဉ်းမြောင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ စစ်အာဏာရှင်တို့ရဲ့ ဦးချိုးတဲ့ လုပ်ရပ်ကို ဒူးထောက်လက်ခံတာမျိုး မလုပ်နိုင်လို့
ဆိုတဲ့ အချက်ငါးချက်ကြောင့်ဖြစ်ပါတယ်။
ဗမာ၊ မြန်မာပြဿနာဟာ ပြည်ထောင်စုကြီး တခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ်ဆိုတာဟာလည်း ကျောင်းသားထုကြီး တခုလုံးနဲ့ ဆိုင်တဲ့ နာမည်ပါ။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ဒီနာမည် အပေါ်မှာ ကျေနပ်မှုမရှိဘူးဆိုရင်ဖြင့် လွတ်လွတ်လပ်လပ် စည်းရုံးပြောဆိုခွင့်ရတဲ့ အခြေအနေတခုအောက်မှာ စာပေပညာရှင်၊ သမိုင်းပညာရှင်တွေ၊ ဝါရင့် နိုင်ငံရေး ခေါင်းဆောင်တွေ အကြေအလည် ပါဝင်ဆွေးနွေးပြီးနောက် ကျောင်းသားထုညီလာခံကြီးခေါ်ယူပြီး၊ ဒါမှမဟုတ် ကျောင်းသား အားလုံးဆန္ဒခံယူပွဲကြီးလုပ်ပြီးမှသာ ပြောင်းလဲသင့်ပါတယ်။ ဗကသနာမည်ကို ကိုယ့်သဘောနဲ့ကိုယ် လွယ်လွယ်ပြောင်းဖို့ ဆိုတာဟာ မကြံကောင်း မစည်ရာ ကိစ္စကြီးပါ။
သိန်းဇော်မြင့်
ကိုးကား
၁။ တို့ဗမာ အစည်းအရုံးသမိုင်း
၂။ သိပ္ပံစိုးရင်ရဲ့ မြန်မာ့ယဉ်ကျေးမှု သမိုင်း
၃။ ဦးကျော်ထွန်းရဲ့ မြန်မာဟူသော စကားဖြစ်လာရင်း မူလအကြောင်း။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်။ အတွဲ ၂၃၊ အမှတ် ၂။
၄။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
၅။ ဘီဘီစီ အလင်္ကာပုလဲပန်း အမှတ် ၃။ ဗမာ၊ မြန်မာပြဿနာ။
၆။ ကိုကိုမောင်ကြီးရဲ့ တရံရောအခါ
0 comments:
Post a Comment