ဗ၊​ မ ပြဿနာ

ဗ၊​ မ ပြဿနာ

ဗမာနိုင်ငံလုံး​​ဆိုင်ရာ​​ကျောင်း​​သား​​သမဂ္ဂများ​​အဖွဲ့​ချုပ်နာမည်မှာ ဗမာ​​နေရာကို မြန်မာနဲ့​ အစား​​ထိုး​​ ​​ပြောင်း​​ လဲဖို့​ ​​ပြောကြတဲ့​အသံ​​တွေကို ဒီ​​နေ့​​ခေတ်မှာ အသစ်တဖန်ပြန်ကြား​​လာရပါတယ်။ အထူး​​သဖြင့်​ အဲသ လို ​​ပြောကြ တဲ့​ အထဲမှာ တိုင်း​​ရင်း​​သား​​လူငယ်​​တွေလည်း​​ ပါဝင်လာကြတဲ့​ အတွက် ဒီကိစ္စဟာ ပိုပြီး​​ အ​​လေး​​ အနက်ထား​​ရမယ့်​ အ​​ကြောင်း​​အရာ ဖြစ်လာပါတယ်။

အဲဒီတိုင်း​​ရင်း​​သား​​ လူငယ်​​တွေထင်​​နေတာက ဗမာနိုင်ငံလုံး​​ဆိုင်ရာ ဟာ တိုင်း​​ရင်း​​သား​​​တွေ မပါဘူး​​၊​ မြန်မာနိုင်ငံလုံး​​ဆိုင်ရာဆိုမှ သူတို့​ပါမယ်လို့​ ထင်​​နေကြ တာကိုး​​။ ဒီ​​တော့​ အဲသလို မဟုတ်​​ကြောင်း​​၊​ သူတို့​ထင်တာဟာ ​​ပြောင်း​​ပြန်ဖြစ်​​နေ​​ကြောင်း​​ ရှင်း​​လင်း​​ဖို့​ အ​​ရေး​​တကြီး​​လိုအပ်လာပါတယ်။

သမိုင်း​​ အစဉ်အလာ

ဗမာနိုင်ငံလုံး​​ဆိုင်ရာ​​ကျောင်း​​သား​​သမဂ္ဂများ​​အဖွဲ့​ချုပ် (ABFSU) ဆိုတဲ့​ နာမည်ကို ၁၉၅၁ ခုနှစ်မှာ စတင်ဖွဲ့​စည်း​​ပြီး​​ နာမည်ခံခဲ့​တာဖြစ်ပါတယ်။ သူ့​ထက်အရင်​​စောတဲ့​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​များ​​ သမဂ္ဂ (ABSU) ကို​​တော့​ ဒုတိယ​​ကျောင်း​​သား​​သပိတ်အပြီး​​ ၁၉၃၆ ခုနှစ်မှာ ဖွဲ့​စည်း​​ခဲ့​တာဖြစ်ပါတယ်။ ကိုရာရှစ်၊​ ကို​​အောင်ဆန်း​​၊​ ကိုဗဟိန်း​​တို့​ ​​ခေတ်ပါ။

​​ခေတ်အဆက်ဆက် ဗကသနဲ့​ ဗကသများ​​အဖွဲ့​ချုပ်ထဲမှာ တိုင်း​​ရင်း​​သား​​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်​​တွေ ပါဝင်လှုပ်ရှား​​ ခဲ့​ကြပါတယ်။ ရှမ်း​​​ကျောင်း​​သား​​​ခေါင်း​​​ဆောင် ကိုတင်ဧ (ပင်လုံ)၊​ ရှမ်း​​​ကျောင်း​​ သား​​ ​​ခေါင်း​​​ဆောင် ကိုခင်​​မောင်ကြီး​​ (လက်ရှိ အ​​မေရိကန်ပြည်​​ထောင်စု)၊​ ရခိုင်​​ကျောင်း​​သား​​​ခေါင်း​​​ဆောင် ကိုသာဘန်း​​ (လက်ရှိ ALD ​​ခေါင်း​​​ဆောင်တဦး​​ ဖြစ်တဲ့​ ​​ကြေး​​မုံဦး​​သာဘန်း​​)၊​ ကရင်​​ကျောင်း​​ သား​​ ​​ခေါင်း​​​ဆောင် ​​စော​​ဒေး​​ ဗစ်သာက​​ပေါ( လက်ရှိ KNU ​​ခေါင်း​​​ဆောင်)၊​ ကရင် ​​ကျောင်း​​ သား​​ ​​ခေါင်း​​​ဆောင် ပဒိုမန်း​​ရှာလာဖန်း​​( ကွယ်လွန်သူ KNU ​​ခေါင်း​​​ဆောင်)၊​ ချင်း​​​ကျောင်း​​သား​​​ခေါင်း​​​ဆောင် ဆလိုင်း​​ တင်​​မောင်ဦး​​ ( စစ်အစိုး​​ရက ကြိုး​​မိန့်​​ပေး​​သတ်ဖြတ်)၊​ မွန်​​ကျောင်း​​သား​​​ခေါင်း​​​ဆောင် မင်း​​စိုး​​မင်း​​၊​ မင်း​​အုန်း​​မြိုင် တို့​ အပါအဝင် တိုင်း​​ရင်း​​သား​​ ​​ကျောင်း​​သား​​ ​​ခေါင်း​​​ဆောင်အများ​​အပြား​​ဟာ တကသ၊​ ဗကသ၊​ ဗကသများ​​အဖွဲ့​ချုပ်အလံ​​တွေ​​အောက်မှာ ပါဝင်လှုပ်ရှား​​ခဲ့​ကြဖူး​​ပါတယ်။

အဲဒီဗကသ၊​ ဗကသများ​​အဖွဲ့​ချုပ် သမိုင်း​​တ​​လျောက်လုံး​​မှာ ဗ၊​မ ပြဿနာကို မကြား​​ခဲ့​ရဖူး​​ပါဘူး​​။ ဗမာနိုင်ငံလုံး​​ဆိုင်ရာဟာ တိုင်း​​ရင်း​​သား​​ အကျံုး​​မဝင်ဘူး​​လို့​ ငြင်း​​ခုန် ​​ပြောဆိုမှုမျိုး​​ မ​​တွေ့​ခဲ့​ပါဘူး​​။ ဘယ်တိုင်း​​ရင်း​​သား​​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်ကမှ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ဆိုတာ တိုင်း​​ရင်း​​သား​​မပါဘူး​​လို့​ သံသယဝင်ခဲ့​ပုံ၊​ ​​စောဒကတက်ခဲ့​ပုံလည်း​​ မရပါဘူး​​။

ဒါ့​အပြင် သမိုင်း​​ဝင်အဖွဲ့​အစည်း​​​တွေထဲမှာလည်း​​ ဗမာနာမည်ခံယူတဲ့​ တခြား​​နိုင်ငံလုံး​​ဆိုင်ရာ အဖွဲ့​အစည်း​​​တွေ ရှိကြပါတယ်။ ဗမာနိုင်ငံလုံး​​ဆိုင်ရာ လူငယ်များ​​အသင်း​​၊​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ လူငယ်များ​​အဖွဲ့​ချုပ်၊​ တို့​ဗမာအစည်း​​ရုံး​​၊​ ဗမာ့​တပ်မ​​တော်၊​ ဗမာ့​လက်ရုံး​​တပ်ဖွဲ့​၊​ တို့​ဗမာရဲတပ်ဖွဲ့​၊​ တို့​ဗမာ ရှပ်နီတပ်၊​ ဗမာ့​ထွက်ရပ်ဂိုဏ်း​​၊​ တို့​ဗမာ ဆင်း​​ရဲသား​​ အစည်း​​အရုံး​​၊​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​တောင်သူလယ်သမား​​အဖွဲ့​၊​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​တောင်သူလယ်သမား​​ အစည်း​​အရုံး​​၊​ ဗမာပြည် ​​တောင်သူလယ်သမား​​ ညီညွတ်​​ရေး​​ အစည်း​​အရုံး​​၊​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ အလုပ်သမား​​များ​​အစည်း​​အရုံး​​၊​ ဗမာပြည် အလုပ်သမား​​ အစည်း​​အရုံး​​များ​​ အဖွဲ့​ချုပ်၊​ ဗမာပြည်ကွန်မြူနစ်ပါတီ၊​ ဗမာပြည်ဆိုရှယ်လစ် ပါတီ (ပြည်သူ့​ အ​​ရေး​​​တော်ပုံပါတီ)၊​ ဗမာပြည် အလုပ်သမား​​၊​ လယ်သမား​​ ပါတီ တို့​ ဟာ ဗမာနာမည်ခံခဲ့​ကြတဲ့​ သမိုင်း​​ဝင် အဖွဲ့​အစည်း​​ ​​တွေပါ။

အဲဒီအဖွဲ့​အစည်း​​အား​​လုံး​​ဟာ ဗမာဆိုတာကို တိုင်း​​ရင်း​​သား​​အား​​လုံး​​ အကြံုး​​ဝင်တယ်လို့​ မှတ်ယူသုံး​​စွဲခဲ့​ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံး​​ဆိုင်ရာ လူငယ်များ​​ အစည်း​​အရုံး​​လို၊​ မြန်မာနိုင်ငံလုံး​​ ဆိုင်ရာ အမျိုး​​သမီး​​ လွတ်လပ်​​ရေး​​ အဖွဲ့​ချုပ်လို မြန်မာနာမည် ခံယူတဲ့​ အဖွဲ့​အစည်း​​မျိုး​​လည်း​​ မရှိမဟုတ် ရှိခဲ့​ပါတယ်။ ဒါ​​ပေမဲ့​ တို့​ဗမာ အစည်း​​အရုံး​​​ခေတ်က​​နေ လွတ်လပ်​​ရေး​​ရတဲ့​ အချိန်အထိ ကာလတ​​လျောက်မှာ ဗမာနာမည်ခံတဲ့​ အဖွဲ့​အစည်း​​​တွေကသာ အများ​​စုဖြစ်ပါတယ်။

ဗကသမှာလည်း​​ မြန်မာနာမည်ခံယူသုံး​​နှုန်း​​ခဲ့​ဖူး​​တဲ့​ ကာလတိုတခုရှိခဲ့​ဖူး​​ပါတယ်။ ဗကသ ဖွဲ့​စည်း​​ကာစ ကနဦး​​ကာလမှာ ဖြစ်ပါတယ်။ ကနဦး​​ကာလမှာ နာမည် သုံး​​စွဲမှုနဲ့​ ပတ်သက်ပြီး​​ တည်ငြိမ်မှု မရှိ​​သေး​​ဘဲ စမ်း​​သပ်သုံး​​စွဲခဲ့​တယ်လို့​ ယူဆဖွယ်ရာဖြစ်ပါတယ်။

၁၉၃၆ စတင်ဖွဲ့​စည်း​​စဉ် က​​နေ ၁၉၃၇ နှစ်ဆန်း​​ပိုင်း​​​လောက်အထိမှာ ဗမာနိုင်ငံလုံး​​ဆိုင်ရာလို့​ သုံး​​နှုန်း​​ခဲ့​ပါတယ်။ ဒါ​​ပေမဲ့​ ၁၉၃၇ နှစ်ဆန်း​​ပိုင်း​​က​​နေ ၁၉၃၈ နှစ်ဆန်း​​ပိုင်း​​ ​​လောက်ကာလအတွင်း​​ထုတ်တဲ့​ စာရွက်စာတမ်း​​တချို့​မှာ မြန်မာနိုင်ငံလုံး​​ဆိုင်ရာလို့​ သုံး​​ခဲ့​တာမျိုး​​ကို ထူး​​ထူး​​ခြား​​ခြား​​​တွေ့​ရပါတယ်။

(မှတ်ချက်။ ။ မြန်မာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​များ​​ သမဂ္ဂလို့​ သုံး​​တာကို မှတ်တမ်း​​တချို့​မှာ ​​တွေ့​ရ​​ပေမဲ့​ အတို​​ကောက်အား​​ဖြင့်​ မကသ လို့​ သုံး​​တာမျိုး​​​တော့​ မ​​တွေ့​မိပါ။) တနှစ်ဝန်း​​ကျင်​​လောက်ကြာမယ့်​ အဲဒီ ကာလတိုတခုမှာ မြန်မာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​များ​​ သမဂ္ဂလို့​ သုံး​​စွဲတဲ့​ စာရွက်စာတမ်း​​တချို့​​တွေ့​ရတဲ့​ အတွက် အဲဒီကာလမှာ မြန်မာဆိုတဲ့​ စကား​​လုံး​​ကို စမ်း​​သပ် သုံး​​စွဲခဲ့​တယ်လို့​ ယူဆစရာဖြစ်ပါတယ်။ ဒါမှ မဟုတ် မြန်မာနဲ့​ ဗမာကို ပြတ်ပြတ်သား​​သား​​ မခွဲခြား​​ဘဲ ကြံုသလို အ​​ရော​​ရော အ​​နှော​​နှော သုံး​​စွဲခဲ့​တာလည်း​​ဖြစ်နိုင်ပါတယ်။

၁၉၃၈ က​​နေ ​​နောက်ပိုင်း​​ တ​​လျောက်လုံး​​မှာ​​တော့​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ဆိုတဲ့​ စကား​​ကိုသာ တသမတ်တည်း​​ တည်တည်ငြိမ်ငြိမ်သုံး​​စွဲ သွား​​ခဲ့​တာ​​တွေ့​ရပါတယ်။ မြန်မာနိုင်ငံလုံး​​ဆိုင်ရာ ဆိုတဲ့​ စကား​​လုံး​​ကို ​​နောက်ထပ် ကြား​​​ဖောက်သုံး​​စွဲတာမျိုး​​ မ​​တွေ့​ရ​​တော့​ပါဘူး​​။ ဒီ​​တော့​ ဗကသဟာ တနှစ်​​လောက်ကြာ​​အောင် မြန်မာနိုင်ငံလုံး​​ဆိုင်ရာ အမည်ကို စမ်း​​သပ်သုံး​​စွဲကြည့်​ခဲ့​ပြီး​​၊​ သို့​မဟုတ် သတ်သတ်မှတ်မှတ် မထား​​ဘဲ ​​ရော​​နှောသုံး​​စွဲပြီး​​ ​​နောက်ပိုင်း​​မှာ​​တော့​ အပြီး​​ အပိုင် စွန့်​လွှတ်လိုက်တယ်လို့​ အကြမ်း​​ဖျဉ်း​​ ယူဆနိုင်ပါတယ်။

ဘာ့​​ကြောင့်​ အဲသလို တနှစ်​​လောက် သုံး​​ကြည့်​ပြီး​​​နောက်မှာ မြန်မာကို အပြီး​​အပိုင် စွန့်​လွှတ်ပြီး​​ ဗမာနာမည်ကို ခံယူလိုက်ပါသလဲ။

​​နောက်တခါ အဲဒီ​​ခေတ်မှာ အဖွဲ့​အစည်း​​ အများ​​အပြား​​ဟာ ဗမာကို တွင်တွင်ကျယ်ကျယ် သုံး​​ခဲ့​ပါရက်နဲ့​ ဘာ့​​ကြောင့်​ ဗမာဆိုတဲ့​စကား​​လုံး​​ဟာ တိုင်း​​ရင်း​​သား​​​တွေ ပါမှပါရဲ့​လား​​ဆိုတဲ့​ သံသယစကား​​မျိုး​​ကို (ဒီ​​နေ့​​ခေတ်လို) တိုင်း​​ရင်း​​သား​​​တွေဘက်က မ​​ပြောမဆိုခဲ့​ကြတာပါလဲ။

ဘာ့​​ကြောင့်​လဲဆို​​တော့​ တိုင်း​​ရင်း​​သား​​ အား​​လုံး​​ အပါအဝင်ဖြစ်တဲ့​ တနိုင်ငံလုံး​​ကို မြန်မာလို့​ မသုံး​​ဘဲ၊​ ဗမာဆိုတဲ့​ နာမည်နဲ့​ပဲ ​​ခေါ်​​ဝေါ်သုံး​​စွဲမယ်လို့​ အဲဒီ​​ခေတ်က နိုင်ငံ​​ရေး​​ အရ ဦး​​​ဆောင်ခဲ့​တဲ့​ တို့​ဗမာအစည်း​​အရုံး​​အတွင်း​​မှာ ဆုံး​​ဖြတ်ချက်ချနိုင်ခဲ့​လို့​ ဖြစ်ပါတယ်။

အဲသလို ဆုံး​​ဖြတ်ချက်ချပြီး​​ ပြဌာန်း​​ သတ်မှတ်ခဲ့​​ကြောင်း​​ကို တို့​ဗမာအစည်း​​အရုံး​​သမိုင်း​​မှာ အခုလို အတိအလင်း​​​ဖော်ပြထား​​ပါတယ်။

တို့​ဗမာ အစည်း​​အရုံး​​ သမိုင်း​​ စာမျက်နှာ ၂၁၅ မှာ…..

“သခင်များ​​က မြန်မာနိုင်ငံ၊​ မြန်မာပြည် ဆို​​သော စကား​​မှာ မြန်မာလူမျိုး​​များ​​ ​​နေထိုင်​​သော မြန်မာနိုင်ငံဟု အဓိပ္ပါယ် ​​ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပ​​ဒေသရာဇ်များ​​က ​​ပေး​​​သော နာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး​​ တမျိုး​​တည်း​​​နေထိုင်​​သော နိုင်ငံမဟုတ်။

 ကချင်၊​ ကရင်၊​ ကယား​​၊​ ချင်း​​၊​ ​​တောင်သူ၊​ ပအိုး​​၊​ ပ​​လောင်၊​ မွန်၊​ မြန်မာ၊​ ရခိုင်၊​ ရှမ်း​​ စ​​သော တိုင်း​​ရင်း​​သား​​ လူမျိုး​​​ပေါင်း​​စုံ ​​နေထိုင်​​သော နိုင်ငံဖြစ်သည်။ ထို့​​ကြောင့်​ မြန်မာနိုင်ငံ၊​ မြန်မာပြည်ဟု မသုံး​​၊​ ဗမာနိုင်ငံ၊​ ဗမာပြည်ဟု သုံး​​သည်။ သို့​မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် ​​နေထိုင်ကြ​​သော တိုင်း​​ရင်း​​သား​​အား​​လုံး​​ကို ဗမာဟု ​​ခေါ်သည်။”

လို့​ ရှင်း​​လင်း​​ ​​ရေး​​သား​​ထား​​ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံ ဆိုတာဟာ ပြည်မ​​နေ မြန်မာလူမျိုး​​​တွေကပိုင်ဆိုင်တဲ့​ နိုင်ငံလို့​ အဓိပ္ပါယ် သက်​​ရောက်တဲ့​ အတွက် တိုင်း​​ရင်း​​သား​​အား​​လုံး​​ပိုင်ဆိုင်တဲ့​ နိုင်ငံကို မြန်မာနိုင်ငံလို့​ မသုံး​​ဘဲ ဗမာနိုင်ငံလို့​ သုံး​​မယ်လို့​ တို့​ဗမာအစည်း​​အရုံး​​ က သတ်မှတ်ခဲ့​တာဖြစ်ပါတယ်။ တို့​ဗမာအစည်း​​အရုံး​​ရဲ့​ ရည်ရွယ်ချက်ဟာ မြန်မာလူမျိုး​​ကြီး​​ဝါဒကို ဆန့်​ကျင်​​ကြောင်း​​ အထင်အရှား​​ ပြသ ​​နေပါတယ်။

တို့​ဗမာအစည်း​​အရုံး​​သမိုင်း​​ဟာ ဆရာကြီး​​သခင်ကိုယ်​​တော်မှိုင်း​​ ကွယ်လွန်တဲ့​ ၁၉၆၄ ခုနှစ်မှာ တနိုင်ငံလုံး​​က သခင်​​ခေါင်း​​​ဆောင်​​တွေ ရန်ကုန်မှာ စု​​ဝေး​​​ရောက်ရှိလာခဲ့​ကြရာက​​နေစတင်ပြီး​​ ၁၉၆၈ ခုနှစ်အထိကာလအတွင်း​​မှာ တနိုင်ငံလုံး​​က သခင်​​ခေါင်း​​​ဆောင်​​တွေ စု​​ပေါင်း​​ပြီး​​ ​​ရေး​​သား​​ခဲ့​တဲ့​ သမိုင်း​​စာအုပ်ဖြစ်ပါတယ်။

တို့​ဗမာ အစည်း​​အရုံး​​ သမိုင်း​​ရဲ့​ အဲဒီ စာမျက်နှာ ၂၁၅ မှာပဲ

“မြစ်ကြီး​​နား​​မှ တို့​ဗမာတ​​ယောက် အ​​စော်ကား​​ခံရလျှင် ​​ယေး​​၊​ မြိတ်၊​ ထား​​ဝယ် မှ တို့​ဗမာများ​​က ဆတ်ဆတ်ခါ​​အောင် နာကြပါ”

လို့​ ​​ဟော​​ပြောခဲ့​ကြ​​ကြောင်း​​ကိုလည်း​​ အတိအလင်း​​ ​​ရေး​​သား​​ထား​​ပါတယ်။

တို့​ဗမာ အစည်း​​အရုံး​​သမိုင်း​​ စာမျက်နှာ ၁၃၃ မှာ​​တော့​ ဒီလို​​ရေး​​ထား​​ပါတယ်။

“ တို့​ဗမာ အစည်း​​အရုံး​​ဟူရာ၌ တို့​ဗမာပြည်ထဲ၌ ရှိ​​သော လူမျိုး​​အား​​လုံး​​ကို ကိုယ်စား​​ပြုသည့်​ အဓိပ္ပါယ်​​ဖော်​​ဆောင်ခြင်း​​ အထိမ်း​​အမှတ်အဖြစ် တို့​ဗမာဟု ​​ခေါ်​​ဝေါ်သုံး​​နှုန်း​​ခြင်း​​ ဖြစ်သည်။ မြန်မာဟူ​​သော စကား​​မှာ မြန်သည်၊​ မာသည်ဟူ​​သော အဓိပ္ပါယ်ကို ​​ဆောင်​​သော်လည်း​​ နှာသံပါ၍ ​​ဘောင်ကျဉ်း​​သည်၊​ အား​​နည်း​​သည်၊​ ရှမ်း​​၊​ ကရင်၊​ ချင်း​​၊​ ကချင်၊​ မွန်၊​ ရခိုင်၊​ ပ​​လောင်၊​ ​​တောင်သူ၊​ ဆလုံ၊​ နာဂ၊​ မြန်မာ စ​​သော ဗမာတိုင်း​​ရင်း​​သား​​ အား​​လုံး​​ကို ခြံု၍ ငုံမိ​​စေရန် ဗမာ ဟူ​​သောစကား​​လုံး​​ကို ​​ရွေး​​သည်၊​ အသံထွက်မာ​​ကျော၍ သုံး​​စွဲသည်။ တဖန် ဘ ကုန်း​​နှင့်​ ဘမာဟု မ​​ရေး​​ပဲ ဗ လချိုက်နှင့်​ ​​ရေး​​ခြင်း​​မှာလည်း​​၊​ ဘ သည် ရံဖန်ရံခါ ဖ သံ ထွက်သဖြင့်​ စိတ်မချရ ​​သော​​ကြောင့်​ ဗလချိုက်နှင့်​ ဗမာဟု​​ရေး​​သည်”

လို့​ ဖွင့်​ဆိုထား​​ပါတယ်။

မြန်မာ၊​ ဗမာ ​​ဝေါဟာရ ဘယ်ကစသလဲ။

မြန်မာဆိုတဲ့​ ​​ဝေါဟာရကို အ​​စောဆုံး​​​တွေ့​ရတာဟာ ပုဂံ​​ခေတ်ဖြစ်တယ်ဆိုတဲ့​ အချက်ကို မြန်မာစာ ပညာရှင် သမိုင်း​​ပညာရှင် အများ​​အပြား​​ သ​​ဘောထား​​ကိုက်ညီကြပါတယ်။

ဆရာ သိပ္ပံစိုး​​ရင်ရဲ့​ ၁၉၆၈ ခုနှစ် မှာ ထုတ်တဲ့​ မြန်မာ့​ ယဉ်​​ကျေး​​မှု သမိုင်း​​၊​ စာမျက်နှာ ၅၆ က​​နေ ၅၈ အတွင်း​​မှာ ​​ဖော်ပြထား​​တာက

မြန်မာဟူ​​သော ​​ဝေါဟာရကို ပထမဦး​​စွာ အ​​စောဆုံး​​ သက္ကရာဇ် ၄၅၂ (​​အေဒီ ၁၁၉၀) ပုဂံမြို့​ ​​တောင်ဂူနီ​​ကျောက်စာတွင် စတင် ​​တွေ့​ရပါသည်။ ထိုသက္ကရာဇ်ထက် အနှစ် ၉၀ ခန့်​ ​​စော​​သော ကျန်စစ်မင်း​​ကြီး​​၏ နန်း​​တည်မွန်​​ကျောက်စာ (၁၁၀၂ ​​အေဒီ) တွင် မြန်မာကို “မိရမာ” ဟူ၍ ​​ရေး​​ထိုး​​ထား​​သည်ကို ​​တွေ့​ရ၏။ ​​အေဒီ ၁၃၄၂ ခုနှစ်တွင် ​​ရေး​​ထိုး​​သည့်​ မြန်မာ ​​ကျောက်စာတွင် “မြံမာ” ဟူ၍ ​​ရေး​​ထိုး​​ထား​​သည်ကို အ​​စောဆုံး​​​တွေ့​ရ၏။ ထို့​​နောက် ​​ကျောက်စာများ​​နှင့်​ မင်စာများ​​တွင် “မြန်မာ” “မြံမာ” “မြမ္မာ” ဟူ၍​​ရေး​​ထိုး​​လာကြသည်ကို ​​တွေ့​ရှိရပြန်သည်။

တရုတ်ရာဇဝင် မှတ်တမ်း​​များ​​အလိုအား​​ဖြင့်​ ​​ရှေး​​က မြန်မာနိုင်ငံကို “​​စောပိုး​​” ဟူ၍ ​​ခေါ်ဆိုကြ၍ တရုတ်ဟန်မင်း​​များ​​ လက်ထက် (ဘီစီ ၂၀၂- ​​အေဒီ ၂၆၃) တွင် မြန်မာနိုင်ငံကို “တန်” ဟူ၍ ​​ခေါ်ဆိုလျက် တရုတ်တန်မင်း​​များ​​ လက်ထက် (​​အေဒီ ၆၁၈ - ၉၀၇ )တွင် မြန်မာနိုင်ငံကို “ပိ​​ယော (ပျူ)” ဟု​​ခေါ်ဆိုကြသည်။ ဆွန်မင်း​​များ​​လက်ထက် (​​အေဒီ ၉၆၀) တွင် “မိယင်” ဟု​​ခေါ်ဆိုသည်ဟု သိရှိရပါသည်။ ထိုမင်း​​တို့​လက်ထက်မှ “မိယင်” တို့​သည် တရုတ်တို့​နှင့်​ ဆက်ဆံ သွား​​လာမှုများ​​ စတင်ပြုလုပ်ကြသည်ဟု ဆို၏။

“မိယင်” ဆို​​သော အမည်မှာ “မြန်မာ” ဆို​​သော အမည်ကို အဖျား​​ဆွတ်၍ ​​ခေါ်ဆို​​ရေး​​မှတ်ခြင်း​​ဖြစ်လိမ့်​မည်ဟု သု​​တေသီများ​​က ယူဆကြသည်။ တနည်း​​အာဖြင့်​ ဆို​​သော် တရုတ်မင်း​​တို့​က ​​အေဒီ ၆၁၈ - ၉၀၇ ခုနှစ်အထိ မြန်မာနိုင်ငံကို ပျူဟူ၍သာ အသိအမှတ်ပြုခဲ့​သည်။ “မြန်မာ” ဟူ၍ ထင်​​ပေါ်ခြင်း​​ရှိဟန်မတူ​​သေး​​​ပေ။ မြန်မာတို့​ကို အသိအမှတ်ပြုလာသည်မှာ ​​အေဒီ ၉၆၀ ခုနှစ်ခန့်​မှ အစပြုသည်ဟု ယူဆရပါသည်။ မြန်မာ့​ ​​ရှေး​​​ဟောင်း​​ သမိုင်း​​ အဆိုအရလည်း​​ ပုဂံကို သက္ကရာဇ် ၂၁၁ (​​အေဒီ ၈၄၉) ခုနှစ်တွင် တည်သည်ဟု ဆိုထား​​သဖြင့်​ ယုတ္တိရှိသည်ဟု ဆိုရ​​ပေမည်။

ဒီ​​တော့​ မြန်မာဆိုတဲ့​စကား​​ဟာ ပုဂံ​​ခေတ်ကတည်း​​က ​​ပေါ်လာခဲ့​တာဖြစ်​​ကြောင်း​​ထင်ရှား​​ပါတယ်။ အဲဒီတုန်း​​က​​ခေါ်တဲ့​ မြန်မာဟာလည်း​​ အခုပြည်မမှာ ​​နေကြတဲ့​ လူမျိုး​​ကိုသာ ​​ခေါ်ကြတာဖြစ်ပြီး​​၊​ ရှမ်း​​၊​ ကချင်၊​ ကရင်၊​ မွန်၊​ ရခိုင်၊​ ကယား​​ ဆိုတဲ့​ လူမျိုး​​​တွေ မပါ​​ကြောင်း​​ ထင်ရှား​​ပါတယ်။

ဒါဆိုရင် ဗမာဆိုတဲ့​စကား​​က​​ရော ဘယ်တုန်း​​က​​ပေါ်လာတဲ့​စကား​​ပါလဲ။ ထူး​​ခြား​​တာက ဗမာဆိုတဲ့​ စကား​​ကို ​​ကျောက်စာ​​တွေမှာ အ​​ထောက်အထား​​နဲ့​ မ​​တွေ့​ရတဲ့​ အချက်ပါပဲ။

ဒီ​​တော့​ ဗမာဆိုတဲ့​ စကား​​ရဲ့​ မူလရင်း​​မြစ်က​​ရော ဘာပါလဲ။ မြန်မာဆိုတဲ့​ စကား​​က​​ရော မူလရင်း​​မြစ်ကဘာပါလဲ။

ဗမာ၊​ မြန်မာဆိုတဲ့​ စကား​​ရဲ့​ မူလရင်း​​မြစ်ကို ​​လေ့​လာ ဆန်း​​စစ်တဲ့​အခါ ဆရာအမျိုး​​မျိုး​​က အယူအဆအမျိုး​​မျိုး​​ တင်ပြကြပါတယ်။ ၁၉၃၃ ခုနှစ်မှာ ထုတ်တဲ့​ မြန်မာနိုင်ငံ သု​​တေသနအသင်း​​ဂျာနယ် JBRS အတွဲ ၂၃ ၊​ အမှတ် ၂ မှာ ဆရာ ဦး​​​ကျော်ထွန်း​​က အယူကွဲ၊​ မူကွဲ အမျိုး​​မျိုး​​ကို ​​ဖော်ပြပြီး​​ မြန်မာဆိုတဲ့​စကား​​လုံး​​​ရော၊​ ဗမာဆိုတဲ့​ စကား​​လုံး​​​ရောဟာ ဗြဟ္မာ ဆိုတဲ့​ ပါဠိစကား​​လုံး​​ကဆင်း​​သက် လာတဲ့​ ​​ဝေါဟာရ ဖြစ်​​ကြောင်း​​ ရှင်း​​လင်း​​ ​​ပြောဆိုခဲ့​ပါတယ်။ အဲဒီ​​ဆောင်း​​ပါး​​ဟာ အယူအဆကွဲမျိုး​​စုံ၊​ Argument မျိုး​​စုံကို ​​ဖော်ပြပြီး​​ သုံး​​သပ်ထား​​တဲ့​ ​​တော်​​တော်ပြည့်​စုံတဲ့​ ​​ဆောင်း​​ပါး​​တပုဒ်ဖြစ်ပါတယ်။ (အ​​သေး​​စိတ်သိလိုသူ​​တွေ ဆရာ ဦး​​​ကျော်ထွန်း​​ရဲ့​ ​​ဆောင်း​​ပါး​​ကို ဖတ်ရှုကြပါ။ ရှာ​​ဖွေမရသူများ​​ ဗကသနဲ့​ ဆက်သွယ် ​​တောင်း​​ခံနိုင်ပါတယ်။ ဆရာဦး​​ ​​ကျော်ထွန်း​​ရဲ့​ အယူအဆကို ဒီ​​နေ့​​ခေတ် မြန်မာဘာသာ ​​ဗေဒပညာရှင် အများ​​စုက ​​ထောက်ခံကြပါတယ်။)

ဗြဟ္မာ ဆိုတဲ့​ စကား​​က​​နေ ဗြမ္မာ၊​ ဗြမ္မာက​​နေ မြမ္မာ၊​ မြမ္မာက​​နေ မြန်မာ အဖြစ် ​​ပြောင်း​​လဲလာတယ်လို့​ ဆရာ ဦး​​​ကျော်ထွန်း​​ကဆိုပါတယ်။ ဗမာဆိုတဲ့​စကား​​လုံး​​ဟာလည်း​​ ဗြဟ္မာဆိုတဲ့​စကား​​က​​နေ ဗမ္မာ၊​ ဗမ္မာက​​နေ ဗမာဖြစ်လာတယ်လို့​ ဆိုပါတယ်။

အိန္ဒိယမှာလည်း​​ကျွန်​​တော်တို့​ကို ဗြဟ္မာ (အသံထွက်အား​​ဖြင့်​ တချို့​က ဗရမာ) လို့​ ​​ခေါ်ပါတယ်။ အိန္ဒိယကုလား​​​တွေက ကျွန်​​တော်တို့​ကို ဗရမာ ​​ခေါ်တာကို ကြား​​ကြတဲ့​ အတွက် အင်္ဂလိပ်က ဗမာကို ​​ခေါ်တဲ့​ အခါ Burma လို့​ R ထည့်​​ပေါင်း​​ခဲ့​တာဖြစ်ပါတယ်။ တကယ်လို့​ ဗမာ​​တွေ​​ခေါ်တဲ့​ အသံကိုသာ အရင်ကြား​​ရင် Bamar သို့​မဟုတ် Bama လို့​​ခေါ်​​ကောင်း​​​ခေါ်နိုင်ပါတယ်။ ထိုင်း​​နိုင်ငံကလည်း​​ ကျွန်​​တော် တို့​ကို ဖမာလို့​ ​​ခေါ်ပါတယ်။ ဘမာက​​နေ ဖမာ အဖြစ် အသံ ​​ပြောင်း​​သွား​​တာဖြစ်နိုင်ပါတယ်။

ဒါဖြင့်​ ​​ကျောက်စာ​​တွေမှာ မြမ္မာ၊​ မြံမာ၊​ မြန်မာဆိုတဲ့​စကား​​လုံး​​​တွေကို အကြိမ်ကြိမ်​​တွေ့​ရပြီး​​ ဗမာဆိုတဲ့​စကား​​ကို မ​​တွေ့​ကြရတာက ဘာ့​​ကြောင့်​လဲ။

ဘာ့​​ကြောင့်​လဲ ဆို​​တော့​ ကျွန်​​တော်တို့​စာ​​ပေမှာ အ​​ရေး​​နဲ့​ အဖတ် ကွာခြား​​​နေတတ်တဲ့​ “​​ရေး​​​တော့​အမှန် ဖတ်​​တော့​အသံ” ထုံး​​စံ ထွန်း​​ကား​​ခဲ့​​လေ​​တော့​ မြန်မာနဲ့​ ဗမာဟာလည်း​​ အ​​ရေး​​နဲ့​ အဖတ်ကွဲပြား​​ခဲ့​တာ ဖြစ်ပုံရတယ်လို့​ ပညာရှင်များ​​က ယူဆကြပါတယ်။ ​​ရေး​​တဲ့​ အခါမှာ မြန်မာလို့​ပဲ ​​ရေး​​ခဲ့​ကြပြီး​​ ​​ပြောတဲ့​ အခါမှာ​​တော့​ ဗမာလို့​ပဲ ​​ပြောခဲ့​၊​ တွင်ကျယ်ခဲ့​ကြမယ်လို့​ ပညာရှင်များ​​က ယူဆကြပါတယ်။ တချို့​ ကလည်း​​ ​​ကျောက်စာ အ​​ထောက်အထား​​ မ​​တွေ့​ရတဲ့​ အတွက် ဗမာဆိုတဲ့​ စကား​​လုံး​​ဟာ ​​ပေါ်တာ သိပ်မကြာ​​သေး​​ဘူး​​လို့​ ယူဆကြတာမျိုး​​ရှိပါတယ်။

ဒါ​​ပေမဲ့​ မြန်မာ၊​ ဗမာဟာ ရင်း​​မြစ်တခု တည်း​​က​​နေ လာရိုး​​မှန်ရင် မြန်မာက ​​ရှေး​​ပ​​ဝေသဏီကတည်း​​က ​​ပေါ်ခဲ့​ပြီး​​ ဗမာက မ​​နေ့​တ​​နေ့​ကမှ (ကုန်း​​​ဘောင်​​ခေတ်​​နှောင်း​​​လောက်မှ) ​​ပေါ်တယ်ဆိုတာ ဖြစ်နိုင်​​ခြေ ​​တော်​​တော် နည်း​​ပါတယ်။ ဒီ​​တော့​ ​​ကျောက်စာ၊​ ​​ရှေး​​စာ အ​​ထောက်အထား​​ မ​​တွေ့​ရတဲ့​ အတွက် ဗမာဟာ ​​နောက်မှ ​​ပေါ်တယ်ဆိုတဲ့​ အယူအဆထက် ဗမာဟာ ​​ပြောစကား​​မို့​သာ ​​ကျောက်စာ၊​ ​​ရှေး​​စာမှာ မ​​တွေ့​ရတာဆိုတဲ့​ အချက်က ပိုပြီး​​ ဖြစ်နိုင်​​ခြေများ​​ပါတယ်။ အ​​ပြောနဲ့​ အ​​ရေး​​ဆိုတာဟာ အ​​ပြောက ပို​​ရှေး​​ကျတာမို့​ ဗမာက​​တောင် မြန်မာထက်​​စောချင်​​စောနိုင်ပါ​​သေး​​တယ်။ အ​​ပြောကပို​​ရှေး​​ကျတဲ့​ အတွက် ဗမာကပို​​စောနိုင်တယ်ဆိုတဲ့​ အယူအဆမျိုး​​ကို ​​တော့​ ဆရာ​​မောင်သာနိုး​​က ယူဆ​​ကြောင်း​​ ဘီဘီစီ အလင်္ကာပုလဲပန်း​​ အစီအစဉ်မှာ ​​ပြောထား​​ပါတယ်။

ပါဠိအဘိဓါန်ကို နိဿယ ပြန်ဆိုခဲ့​တဲ့​ ကျမ်း​​တတ်ပုဂ္ဂိုလ် အ​​ကျော်အ​​မော်တဦး​​ ဖြစ်သူ ​​တောင်​​ပေါက် ဆရာ​​တော် ဦး​​စက္ခပါလ ကလည်း​​ ဗမာကသာ အမှန်၊​ ဗမာကသာ သင့်​​တော်တဲ့​ အသုံး​​အနှုန်း​​လို့​ယူပြီး​​ သူ့​တသက်လုံး​​ဗမာဆိုတဲ့​ မူတမျိုး​​တည်း​​ကို သာ သုံး​​နှုန်း​​ခဲ့​ဖူး​​တာလည်း​​ ရှိပါတယ်။

အထက်အညာ​​ဒေသနဲ့​ ဗမာလူမျိုး​​​တွေ​​နေထိုင်တဲ့​ ​​ကျေး​​လက်​​တောရွာ​​တွေကို သွား​​ကြည့်​ရင် ဒီအယူအဆမှန်နိုင်​​ကြောင်း​​ ပိုမို သိမြင်နိုင်ပါတယ်။ ​​ကျေး​​လက်​​တွေမှာ မြန်မာလို့​ ​​ခေါ်​​ဝေါ်သုံး​​နှုန်း​​တာသိပ်နည်း​​ပါတယ်။ ဗမာလို့​သာ ​​ခေါ်​​ဝေါ် သုံး​​နှုန်း​​ကြပါတယ်။ (အညာ​​ကျေး​​လက်​​ဒေသ​​တွေဟာ ဗမာစကား​​ မပျက်စီး​​​သေး​​ (corrupt အဖြစ်နည်း​​ပါး​​​သေး​​) တဲ့​ အရပ်​​ဒေသ​​တွေ အဖြစ် ဘာသာစကား​​ ပညာရှင် အများ​​က လက်ခံထား​​ပြီး​​ ဖြစ်ပါတယ်။)

တကယ်​​တော့​ ​​ရှေး​​ပ​​ဒေသရာဇ် ​​ခေတ်အဆက်ဆက်မှာ စာတတ်​​ပေတတ်ဆိုတာကလည်း​​ ပ​​ဒေသရာဇ် အနွယ်​​တွေ၊​ မှူး​​မျိုး​​ မတ်မျိုး​​​တွေ ကသာ များ​​ပါတယ်။ သူတို့​ပ​​ဒေသရာဇ်​​တွေက သာမန် အရပ်စကား​​ အရပ်ဟန်နဲ့​ ​​ပြောတာကို ​​တောဆန်တယ်ထင်ပြီး​​ စာသံ​​ပေသံနဲ့​ ဟန်လုပ်​​ပြော တတ်ကြပါတယ်။ ဒါ့​​ကြောင့်​ ပ​​ဒေသရာဇ်​​ခေတ်တ​​လျောက်မှာ မြန်မာဆိုတဲ့​ စကား​​ကို ထီး​​ရိပ်နန်း​​ရိပ်၊​ ပ​​ဒေသရာဇ် အရိပ်နင်း​​တဲ့​သူ​​တွေကသာ အသုံး​​ပိုများ​​ကြပြီး​​ ရပ်ထဲရွာထဲက သာမန်လက်လုပ်လက်စား​​​တွေက​​တော့​ ကိုယ့်​ကိုယ်ကိုယ် ဗမာလို့​သာ ​​ခေါ်ကြပါတယ်။

ဒါ့​​ကြောင့်​လည်း​​ တို့​ဗမာအစည်း​​အရုံး​​က “မြန်မာ”ဟာ ပ​​ဒေသရာဇ်​​တွေ ​​ပေး​​တဲ့​ နာမည်လို့​ ဆိုတာဖြစ်ပါတယ်။ တို့​ဗမာ သခင်​​တွေဟာ ပ​​ဒေသရာဇ်​​ခေတ်နဲ့​ သိပ်အ​​ဝေး​​ကြီး​​ အလှမ်း​​မကွာလှ​​သေး​​တဲ့​ အတွက် ဒီအချက်ကို ​​ကောင်း​​​ကောင်း​​သ​​ဘော​​ပေါက်ပါတယ်။ တခြား​​တိုင်း​​ရင်း​​သား​​လူမျိုး​​စု ​​တွေကို တိုက်ခိုက်ဖျက်ဆီး​​ပြီး​​ နှိပ်စက်ကလူပြုတာဟာလည်း​​ ပ​​ဒေသရာဇ်​​တွေသာဖြစ်ပြီး​​ သာမန်အရပ်သား​​​တွေ မပါဝင်တဲ့​ အတွက် “မြန်မာ”ဆိုတဲ့​ ပ​​ဒေသရာဇ်နာမည်ဟာ တိုင်း​​ရင်း​​သား​​လူမျိုး​​စု​​တွေနဲ့​ ရန်ငြိုး​​ရန်စရှိပြီး​​၊​ “ဗမာ”ဆိုတဲ့​နာမည်ဟာ တိုင်း​​ရင်း​​သား​​နဲ့​ ရန်ငြိုး​​အစဉ်အ လာ မရှိဘူး​​လို့​ တို့​ဗမာ အစည်း​​အရုံး​​က ယူဆခဲ့​တာဖြစ်ပါတယ်။

ဒါ​​ပေမဲ့​ မူလ ရင်း​​မြစ်ကို ကြည့်​မယ်ဆိုရင်​​တော့​ မြန်မာ​​ရော၊​ ဗမာပါ တိုင်း​​ရင်း​​သား​​နဲ့​ မဆိုင်၊​ ပြည်မ​​နေလူမျိုး​​နဲ့​သာ သက်ဆိုင်တယ်လို့​ ဆိုရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် “ဗမာ” ဆိုတဲ့​စကား​​ဟာ ကချင်၊​ ကရင်၊​ ရှမ်း​​၊​ ရခိုင်၊​ မွန်၊​ ကယား​​၊​ ပအိုး​​၊​ ပ​​လောင် စတဲ့​ တိုင်း​​ရင်း​​သား​​ လူမျိုး​​စုအား​​လုံး​​ ပါဝင်တယ်ဆိုတဲ့​ အယူအဆဟာ ဘယ်တုန်း​​က စဖြစ်လာတာပါလဲ။

တို့​ဗမာအစည်း​​အရုံး​​က စဖြစ်လာတာပါ။ တို့​ဗမာအစည်း​​အရုံး​​ သမိုင်း​​ စာမျက်နှာ ၂၁၅ မှာ ဒီလိုဆိုထား​​ပါတယ်။

“တို့​ဗမာ အစည်း​​အရုံး​​သည် မူလတည်​​ထောင် စဉ်မှစ၍ သမိုင်း​​တ​​လျှောက်လုံး​​ လူမျိုး​​စုအား​​လုံး​​၏ ညီညွတ်​​ရေး​​ကို အ​​လေး​​​ပေး​​ခဲ့​​ကြောင်း​​၊​ “တို့​” ဟူ​​သော စကား​​၊​ “ဗမာ” ဟူ​​သော စကား​​၊​ “ ဗမာနိုင်ငံ၊​ ဗမာပြည်” ဟူ​​သော စကား​​တို့​ကို တီထွင်၍ တိုင်း​​ရင်း​​သား​​ စစ်စစ်ဟူ​​သော အမည်နာမ တပ်ဆင်ခဲ့​ခြင်း​​ဖြင့်​ သိသာ ထင်ရှား​​​ပေသည်။”

လို့​ ဆိုထား​​ပါတယ်။

ဒီ​​နေရာမှာ တီထွင်၍ ဆိုတဲ့​ စကား​​လုံး​​ကို အထူး​​သတိပြုဖို့​လိုမယ်ထင်ပါတယ်။ မြန်မာ ပ​​ဒေသရာဇ်​​တွေ သုံး​​တဲ့​ မြန်မာဆိုတဲ့​စကား​​လုံး​​ကို တနိုင်ငံလုံး​​အတွက်သုံး​​ရင် လူမျိုး​​ကြီး​​ဝါဒ သ​​ဘော သက်ဝင်မှာ စိုး​​လို့​ “ဗမာနိုင်ငံ” ဆိုတဲ့​ အသုံး​​ကို တို့​ဗမာ အစည်း​​အရုံး​​က တီထွင် သုံး​​စွဲခဲ့​ တယ်လို့​ ဆိုလိုတာဖြစ်ပါတယ်။ ဗမာဆိုတဲ့​ ​​ဝေါဟာရကို တို့​ဗမာအစည်း​​အရုံး​​က တီထွင်တယ်လို့​​တော့​ ဆိုလိုတာ ဟုတ်ဟန်မတူပါဘူး​​။

ဒီ​​တော့​ ဗမာဆိုတာ တနိုင်ငံလုံး​​ တိုင်း​​ရင်း​​သား​​ အား​​လုံး​​ အပါအဝင်ဆိုတာဟာ တို့​ဗမာ အစည်း​​အရုံး​​က ပြဌာန်း​​ခဲ့​တဲ့​ “ပြဌာန်း​​ အသုံး​​အနှုန်း​​” ဖြစ်ပါတယ်။ ပြဌာန်း​​ခြင်း​​ရဲ့​ ရည်ရွယ်ချက်ဟာလည်း​​ ​​ခေတ်အဆက်ဆက် ပ​​ဒေသရာဇ်များ​​သုံး​​စွဲခဲ့​ပြီး​​ ပုဂံ​​ခေတ်ကတည်း​​က ပြည်မ​​နေလူမျိုး​​နဲ့​ ယှဉ်တွဲ ထင်ရှား​​လာတဲ့​ မြန်မာဆိုတဲ့​ အသုံး​​အနှုန်း​​ကို သုံး​​ခြင်း​​အား​​ဖြင့်​ လူမျိုး​​ကြီး​​ဝါဒ၊​ မဟာမြန်မာဝါဒ ကျင့်​သုံး​​ရာ မကျ​​စေချင်လို့​ ဖြစ်ပါတယ်။

ဒီ​​တော့​ ဗမာနိုင်ငံ၊​ ဗမာပြည်ဆိုတဲ့​ စကား​​ဟာ စတင်သုံး​​နှုန်း​​လာကတည်း​​က မြန်မာလူမျိုး​​ကြီး​​ လွှမ်း​​မိုး​​​ရေး​​ ဝါဒကို ဆန့်​ကျင်တဲ့​ စိတ်ဓါတ်၊​ လူမျိုး​​စုအား​​လုံး​​ ညီညွတ်​​ရေး​​ကို ​​ရှေ့​ရှုတဲ့​ စိတ်ဓါတ်နဲ့​ ​​ပေါ်​​ပေါက်လာတယ်လို့​ အတိအကျ မှတ်ယူနိုင်ပါတယ်။

တို့​ဗမာ အစည်း​​အရုံး​​ရဲ့​ အဲဒီမူကိုပဲ အထက်မှာ ဗမာနာမည်သုံး​​ခဲ့​ကြတဲ့​ နိုင်ငံ​​ရေး​​ အဖွဲ့​အစည်း​​​တွေက လက်ခံကျင့်​သုံး​​ကြတာဖြစ်ပါတယ်။ အဲသလို လက်ခံကျင့်​သုံး​​ကြတဲ့​ အဖွဲ့​အစည်း​​​တွေထဲမှာ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​များ​​သမဂ္ဂ (ဗကသ) နဲ့​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​သမဂ္ဂများ​​အဖွဲ့​ချုပ် (ဗကသများ​​ အဖွဲ့​ချုပ်) တို့​လည်း​​ အပါအဝင်ဖြစ်တယ်လို့​ ဆိုချင်ပါတယ်။

ဗမာ၊​ မြန်မာ ​​ရော​​ထွေး​​သုံး​​စွဲလာကြခြင်း​​

နယ်ချဲ့​​တော်လှန်​​ရေး​​ ကာလတ​​လျောက်လုံး​​မှာ တို့​ဗမာ အစည်း​​အရုံး​​ရဲ့​ “ဗမာသည် တိုင်း​​ရင်း​​သား​​ အပါအဝင် တနိုင်ငံလုံး​​” မူကို စွဲစွဲမြဲမြဲ ကျင့်​သုံး​​လာကြ​​ပေမဲ့​ ​​နောက်ပိုင်း​​မှာ အထူး​​သဖြင့်​ တို့​ဗမာ အစည်း​​အရုံး​​ ​​မှေး​​မှိန်​​ပျောက်ကွယ်ပြီး​​​နောက်ပိုင်း​​မှာ ဗမာနဲ့​ မြန်မာကို အ​​လေး​​အနက် မစဉ်း​​စား​​ဘဲ အ​​ရော​​ရော အ​​နှော​​နှော သုံး​​စွဲလာခဲ့​ကြပါတယ်။ ဒါ​​ပေမဲ့​ ဗမာဆိုတဲ့​စကား​​ကို ​​ဖျောက်ဖျက်ပြီး​​ မြန်မာ လူမျိုး​​ကြီး​​ဝါဒ ပြန်လည် အ​​ကောင်အထည်​​ဖော် အသက်သွင်း​​ချင်တဲ့​ အတွက် ရည်ရွယ်ချက်ရှိရှိ ​​ပြောင်း​​လဲ သုံး​​စွဲ လာကြတယ် လို့​​တော့​ ဗိုလ်​​နေဝင်း​​ မတိုင်ခင်ကာလ​​တွေမှာ သက်​​သေ အ​​ထောက်အထား​​ မ​​တွေ့​ရပါဘူး​​။

မြန်မာဆိုတဲ့​ နာမည်ကို သိသိသာသာ ပြန်လည်သုံး​​စွဲလာတာက ၁၉၄၇ ခုအ​​ခြေခံဥပ​​ဒေမှာ ဖြစ်ပါတယ်။ ဒါ​​ပေမဲ့​ ၁၉၄၇ အ​​ခြေခံဥပ​​ဒေ​​ရေး​​ ဆွဲရာမှာ နိုင်ငံရဲ့​ နာမည်ကို အ​​လေး​​အနက်စဉ်း​​စား​​ခဲ့​ပုံမရပါဘူး​​။ အငြင်း​​ပွား​​မှု တစုံတရာ ရှိခဲ့​​ကြောင်း​​လည်း​​ အ​​ထောက်အထား​​ မ​​တွေ့​ရသလို အ​​လေး​​အနက် ​​ဆွေး​​​နွေး​​ခဲ့​တဲ့​ အ​​ထောက်အထား​​မျိုး​​လည်း​​ မ​​တွေ့​ရပါဘူး​​။ တို့​ဗမာအစည်း​​အရုံး​​ မူကိုလည်း​​ ​​မေ့​​လျော့​​နေခဲ့​ပုံရပါတယ်။ အင်္ဂလိပ် အ​​မွေခံပြီး​​ အင်္ဂလိပ် သုံး​​လက်စနာမည်ကိုပဲ လွယ်လွယ်ဆက်ခံ မှည့်​​ခေါ်လိုက်တာ ​​တွေ့​ရပါတယ်။ ဘာ့​​ကြောင့်​ အင်္ဂလိပ် အ​​မွေခံပြီး​​ အလွယ်သုံး​​လိုက်တယ်လို့​ ​​ပြောသလဲ ဆို​​တော့​ ၁၉၄၇ ဖွဲ့​စည်း​​ပုံအ​​ခြေခံဥပ​​ဒေ ပုဒ်မ ၂၂၂ မှာ အခုလို ​​ရေး​​သား​​ထား​​တဲ့​ အတွက် ဖြစ်ပါတယ်။

မြန်မာပြည်၊​ မြန်မာနိုင်ငံ၊​ မြန်မာနိုင်ငံ​​တော်ဟူ​​သော စကား​​ရပ်တို့​သည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ​​တော် စီရင်အုပ်ချုပ်မှု ဥပ​​ဒေ၌ ပါရှိ​​သော အဓိပ္ပါယ်မျိုး​​ကို​​ဆောင်သည်။

အင်္ဂလိပ်​​ခေတ်တ​​ခေတ်လုံး​​မှာ အင်္ဂလိပ်အစိုး​​ရက Burma မြန်မာပြည် လို့​ ကို့​လို့​ကန့်​လန့်​သုံး​​ခဲ့​တဲ့​ အသုံး​​ကို ၁၉၄၇ အ​​ခြေခံဥပ​​ဒေက လွယ်လွယ်ပဲ အ​​မွေခံခဲ့​ပါတယ်။ ဒီလိုနဲ့​ လွတ်လပ်တဲ့​ နိုင်ငံ​​တော်ဟာလည်း​​ မြန်မာနိုင်ငံ Burma ဖြစ်လာခဲ့​ပါတယ်။ ဒါ​​ပေမဲ့​ ဒါဟာ မြန်မာ လူမျိုး​​ကြီး​​ဝါဒကို အသက်သွင်း​​ချင်တဲ့​ အတွက် တမင်သက်သက်လုပ်ခဲ့​ သလား​​ဆိုတာကို​​တော့​ သက်​​သေ အ​​ထောက်အထား​​ပြသစရာ မရှိပါဘူး​​။ သ​​ဘောရိုး​​နဲ့​ပဲ အင်္ဂလိပ်အ​​မွေကို အမှုမဲ့​ အမှတ်မဲ့​ ဆက်ခံလိုက်တယ်လို့​ ထင်ရပါတယ်။

အဲဒီက​​နေ​​နောက်ပိုင်း​​ ဖဆပလ ​​ခေတ်တ​​လျောက်လုံး​​မှာလည်း​​ ဗမာ၊​ မြန်မာ​​ဝေါဟာရ ကို နိုင်ငံ​​ရေး​​ လက်နက်တခုအ​​နေနဲ့​ ထုတ်သုံး​​တာ မ​​တွေ့​ရ​​သေး​​ပါဘူး​​။ မြန်မာနဲ့​ ဗမာကို မူမရှိဘဲ အုတ်အ​​ရော​​ရော၊​ ​​ကျောက်အ​​ရော​​ရော ​​ရော​​နှောသုံး​​စွဲခဲ့​တာမျိုး​​ကိုပဲ ​​တွေ့​ရပါတယ်။

ဒါ​​ပေမဲ့​ ဗိုလ်ချုပ်​​နေဝင်း​​ အာဏာသိမ်း​​ပြီး​​​နောက်ပိုင်း​​မှာ​​တော့​ ဗမာက​​နေ မြန်မာကို ရည်ရွယ်ချက်ရှိရှိ ​​ပြောင်း​​လဲလာတဲ့​ လက္ခဏာတချို့​ ​​တွေ့​ရပါတယ်။ အထင်ရှား​​ဆုံး​​ ဥပမာက​​တော့​ ဗမာ့​တပ်မ​​တော်ကို မြန်မာ့​တပ်မ​​တော်အဖြစ် မသိမသာ ​​ပြောင်း​​လဲပစ်လိုက်တာကို ကြည့်​ရင် သိနိုင်ပါတယ်။ ​​ကျောင်း​​သား​​သမဂ္ဂကိုလည်း​​ ဖျက်ဆီး​​လိုက်ပါတယ်။ ဗိုလ်ချုပ်​​နေဝင်း​​ဟာ သူ့​ဘဝတ​​လျောက်လုံး​​ ​​ကျောင်း​​သား​​ သမဂ္ဂမှာ ပါဝင်လှုပ်ရှား​​ခဲ့​ဖူး​​တဲ့​ သမိုင်း​​အစဉ်အလာ မရှိသူမို့​ တကသ၊​ ဗကသ​​တွေ အ​​ပေါ်မှာ ဝန်တိုစိတ်ရှိပါတယ်။

ဗကသရဲ့​ ကြီး​​မား​​တဲ့​ အစဉ်အလာကိုလည်း​​ ​​ဖျောက်ဖျက်ချင်တဲ့​ ဆန္ဒရှိပါတယ်။ တို့​ဗမာအစည်း​​အရုံး​​မှာလည်း​​ ဗိုလ်ချုပ်​​နေဝင်း​​ဟာ ပါဝင်လှုပ်ရှား​​ခဲ့​ဖူး​​သူ မဟုတ်ပါဘူး​​။ သခင်ရှု​​မောင်နာမည်ဟာလည်း​​ ဂျပန်သွား​​ကာနီး​​ကျမှ အ​​ရေး​​​ပေါ်​​ကောက်တပ်လိုက်တဲ့​ သခင်နာမည်မျှသာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်​​နေဝင်း​​ ဂျပန်ကို လိုက်ပါသွား​​ခွင့်​ရတာကလည်း​​ သူ့​ရဲ့​ ဦး​​​လေး​​ဖြစ်သူ သခင်ညီ မကျန်း​​မာလို့​ လူစား​​ထိုး​​ လိုက်ပါခဲ့​ရ တာသာဖြစ်ပါတယ်။ (ကိုကို​​မောင်ကြီး​​​ရေး​​တဲ့​ တရံ​​ရောအခါတွင် ကြည့်​ပါ) သူမပါခဲ့​တဲ့​ တို့​ဗမာအစည်း​​အရုံး​​ရဲ့​ အစဉ်အလာကိုလည်း​​ ဗိုလ်ချုပ်​​နေဝင်း​​ဟာ လိုလား​​နှစ်သက်မှု မရှိပါဘူး​​။ ဒီလိုအ​​ခြေအ​​နေ မှာ ဗိုလ်ချုပ်​​နေဝင်း​​ဟာ ဗမာအစား​​၊​ မြန်မာကို တဖြည်း​​ဖြည်း​​ အစား​​ထိုး​​လာပါတယ်။

ဗမာနာမည်နဲ့​ အဖွဲ့​အစည်း​​​တွေကိုလည်း​​ ​​မှေး​​မှိန်​​အောင် လုပ်ပါတယ်။ တခြား​​ တဘက်မှာ လည်း​​ မြန်မာလူမျိုး​​ကြီး​​ဝါဒကို တဖြည်း​​ဖြည်း​​ ကျင့်​သုံး​​လာပါတယ်။ ဒါ​​ပေမဲ့​ ဗမာအစား​​ မြန်မာကို အစား​​ထိုး​​ ​​ပြောင်း​​လဲလိုက် ​​ကြောင်း​​​တော့​ တရား​​ဝင် နာမည်တပ် ​​ကြေညာတာမျိုး​​ လုပ်တဲ့​ အထိ အတင့်​မရဲခဲ့​ပါဘူး​​။

တို့​ဗမာအစည်း​​အရုံး​​သမိုင်း​​ကို ၁၉၇၆ ခုနှစ်မှာ ထုတ်​​ဝေတဲ့​အခါ တို့​ဗမာ အစည်း​​အရုံး​​သမိုင်း​​မှာပါတဲ့​ ဗမာ၊​ မြန်မာ အဓိပ္ပါယ်ဖွင့်​ဆိုချက် ဟာ မဆလရဲ့​ “မြန်မာ” နဲ့​ နိုင်ငံ​​ရေး​​ အနှစ်သာရအား​​ဖြင့်​ ​​ဖြောင့်​​ဖြောင့်​ကြီး​​ဆန့်​ကျင်​​ကြောင်း​​​ပေါ်လွင်လာပါတယ်။ အဲဒီအခါမှာ တို့​ဗမာ အစည်း​​အရုံး​​သမိုင်း​​ စာအုပ်ထဲက ဗမာ၊​ မြန်မာ အဓိပ္ပါယ်ဖွင့်​ဆိုချက် ပါတဲ့​ စာမျက်နှာ ၂၁၅ မှာ ​​အောက်​​ခြေမှတ်စု အဖြစ်နဲ့​ ၁၉၇၄ ခုနှစ် ဖွဲ့​စည်း​​ပုံ အ​​ခြေခံဥပ​​ဒေ အဓိပ္ပါယ်ရှင်း​​လင်း​​ချက် စာတမ်း​​ စာမျက်နှာ ၁၈ မှာပါတဲ့​ စာပိုဒ်ကို ထည့်​သွင်း​​ခိုင်း​​ခဲ့​ပါတယ်။ အဲဒီမှတ်စုက..

“ပြည်​​ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ​​တော် ဟု​​ခေါ်ထား​​ခြင်း​​မှာ တိုင်း​​ရင်း​​သား​​ လူမျိုး​​စုံတို့​ စု​​ပေါင်း​​​နေထိုင်သည့်​ ပြည်နယ်နှင့်​ တိုင်း​​များ​​ ဖွဲ့​စည်း​​ထား​​​သော ပြည်​​ထောင်စုနိုင်ငံဖြစ်​​ကြောင်း​​ သမိုင်း​​အစဉ်တ​​လျှောက် ​​မြှော်မှန်း​​ခဲ့​ကြသည့်​ ဆိုရှယ်လစ်စနစ်ကို မြဲမြံ ခိုင်မာစွာ တည်​​ဆောက် ကျင့်​သုံး​​သွား​​မည့်​ နိုင်ငံဖြစ်​​ကြောင်း​​၊​ ဘုရင်စနစ်ဖြင့်​ အုပ်စိုး​​​သော နိုင်ငံမဟုတ်ပဲ၊​ လုပ်သား​​ပြည်သူတို့​ အာဏာ ပိုင်စိုး​​​သော နိုင်ငံဖြစ်​​ကြောင်း​​နှင့်​ တိုင်း​​ရင်း​​သား​​ လူမျိုး​​များ​​ကို သိမ်း​​ကျံုး​​​ပေါင်း​​ရုံး​​၍ ​​ခေါ်ဆိုသည့်​ မြန်မာဟူ​​သော လူမျိုး​​များ​​ မှီတင်း​​​နေ ထိုင်ရာ နိုင်ငံ​​တော် ဖြစ်​​ကြောင်း​​ ​​ပေါ်လွင် ထင်ရှား​​​စေရန်ဖြစ်သည်”

ဗိုလ်ချုပ်​​နေဝင်း​​ဟာ တိုင်း​​ရင်း​​သား​​လူမျိုး​​အား​​လုံး​​ကိုယ်စား​​ပြုပြဌာန်း​​ထား​​တဲ့​ ဗမာစကား​​လုံး​​အစား​​၊​ မြန်မာ လူမျိုး​​ကြီး​​စိုး​​​ရေး​​ ကိုသာ လိုလား​​​ကြောင်း​​ ထင်ရှား​​ပါတယ်။ ဒါ​​ပေမဲ့​ ဘာ့​​ကြောင့်​ မြန်မာကို တိုင်း​​ရင်း​​သား​​အား​​လုံး​​ကိုယ်စား​​ပြု သုံး​​စွဲသင့်​​ကြောင်း​​ကို​​တော့​ အကျိုး​​သင့်​ အ​​ကြောင်း​​သင့်​ ရှင်း​​မပြနိုင်တာကို လည်း​​ ထင်း​​ထင်း​​ကြီး​​ မြင်ရမှာ ဖြစ်ပါတယ်။

ဒါ့​အပြင် ဗိုလ်ချုပ်​​နေဝင်း​​ဟာ ဗမာနဲ့​ မြန်မာကို ​​ပြောင်​​ပြောင်တင်း​​တင်း​​ ​​ပြောင်း​​ပြန် မလှန်ရဲ​​သေး​​ တာကိုလည်း​​ သတိပြုရင် ​​တွေ့​နိုင်ပါတယ်။ နယ်ချဲ့​ ​​တော်လှန်​​ရေး​​ သမိုင်း​​ကာလနဲ့​ သိပ်အလှမ်း​​မကွာ​​သေး​​တဲ့​ အတွက်၊​ သိမှီသူ​​တွေ သိပ်များ​​​သေး​​တဲ့​ အတွက် မလှန်ရဲ​​သေး​​တာ ဖြစ်ပါတယ်။ ဗမာနဲ့​ မြန်မာကို အဓိပ္ပါယ်အတိအကျ ခွဲခြား​​ ပြဌာန်း​​ သတ်မှတ်တာမျိုး​​ မလုပ်ဘဲ သူ့​သက်တမ်း​​တ​​လျောက်မှာ မသိမသာပဲ ဆက်လက် ​​ရော​​ထွေး​​ သုံး​​စွဲသွား​​ခဲ့​ပါတယ်။

နိုင်ငံ​​ရေး​​ ပ​​ယောဂ ဝင်လာခြင်း​​

တကယ်တန်း​​ ဗမာနဲ့​ မြန်မာကို ​​ပြောင်​​ပြောင်တင်း​​တင်း​​ကြီး​​ ​​ပြောင်း​​ပြန်လှန်ပစ်ရုံသာမက ဗ၊​ မ အ​​ပြောင်း​​အလဲကို နိုင်ငံ​​ရေး​​ လက်နက် အဖြစ် အသုံး​​ချခဲ့​သူက​​တော့​ ဗိုလ်ချုပ်​​နေဝင်း​​ရဲ့​ လူယုံတပည့်​​ကျော်ကြီး​​ ဗိုလ်ချုပ်ခင်ညွန့်​ဖြစ်ပါတယ်။ အခွင့်​အ​​ရေး​​ ​​ပေါ်လာလို့​လည်း​​ ထုတ်သုံး​​ခဲ့​တာဖြစ်ပါတယ်။

အခွင့်​အ​​ရေး​​ ​​ပေါ်လာပုံက ဒီလိုပါ။

၁၉၈၈ မတ်လမှာ ဖုန်း​​​မော် အ​​ရေး​​ အခင်း​​ ​​ပေါ်လာ​​တော့​ ဦး​​​ဆောင် လှုပ်ရှား​​ခဲ့​သူ ​​ကျောင်း​​သား​​​တွေထဲမှာ အခုပါတီ​​ထောင်ထား​​တဲ့​ ကို​​အေး​​လွင်တို့​၊​ ​​မြေလတ်​​ကျောင်း​​သား​​သမဂ္ဂ​​ခေါင်း​​​ဆောင် လုပ်ခဲ့​တဲ့​ ကို​​ကျော်နိုင်မင်း​​တို့​ ပါဝင်ခဲ့​ပါတယ်။ မတ်လ ၁၆ ရက် တံတား​​နီ အ​​ရေး​​ အခင်း​​မှာ ကို​​ဌေး​​ကြွယ်၊​ ကိုလှမျိုး​​​နောင်၊​ ကို​​အောင်မျိုး​​တင့်​ ၊​ ကိုညိုထွန်း​​၊​ ကိုတင်​​အေး​​ စတဲ့​သူ​​တွေ ပါဝင်ခဲ့​ပါတယ်။ မတ်လ ၁၇ ရက် ရန်ကုန်တက္ကသိုလ်ထဲမှာ စစ်တပ်က ​​ကျောင်း​​သား​​​တွေကို ​​ကျောင်း​​ဝိုင်း​​ ပိတ်ဆို့​ပြီး​​ ရိုက်နှက်ဖမ်း​​ဆီး​​တဲ့​ အထဲမှာ ကိုမင်း​​​ဇေယျပါဝင်ခဲ့​ပါ တယ်။ အကျဉ်း​​ချုပ်​​ပြောရရင် မတ်လ လှုပ်ရှား​​မှုမှာ ​​ခေါင်း​​​ဆောင်ခဲ့​သူတချို့​ဟာ ​​စော​​စောစီး​​စီး​​ အဖမ်း​​ခံခဲ့​ကြရပါတယ်။

ဇွန်လ ​​မြေနီကုန်း​​လှုပ်ရှား​​မှုမှာ​​တော့​ ​​မောင်​​မောင်​​ကျော်၊​ မင်း​​ကိုနိုင်၊​ ကိုကိုကြီး​​၊​ မိုး​​သီး​​ဇွန်၊​ ​​အောင်ဒင်တို့​ ပါဝင် လှုပ်ရှား​​ခဲ့​ကြပါတယ်။ မတ်လမှာ အဖမ်း​​မခံရဘဲ လွတ်​​နေ​​သေး​​တဲ့​ ညိုထွန်း​​လည်း​​ အဲဒီ အဖွဲ့​နဲ့​ အတူ ပါလာပါတယ်။ သူတို့​ဟာ ဒုတိယ ​​ကျောင်း​​သား​​ ​​ခေါင်း​​​ဆောင် အသုတ် ဖြစ်လာပါတယ်။

ဇူလိုင်လ ၇ ရက်​​နေ့​မှာ အဖမ်း​​ခံထား​​ရတဲ့​ ကိုမင်း​​​ဇေယျ၊​ ကို​​ဌေး​​ကြွယ်၊​ ကိုလှမျိုး​​​နောင်၊​ ကို​​ကျော်နိုင်မင်း​​၊​ ကို​​အေး​​လွင် စတဲ့​ ပထမအုပ်စု ပြန်လွတ်လာကြ ပါတယ်။ မန္တ​​လေး​​​ဆောင်မှာ ရုံး​​ခန်း​​ဖွင့်​ပါတယ်။

မတ်လ ၂၈ ရက် သမဂ္ဂရင်ပြင်မှာ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​သမဂ္ဂများ​​ အဖွဲ့​ချုပ် ဗကသ အဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​​တဲ့​ အခါ ကိုမင်း​​ကိုနိုင်၊​ ကိုကိုကြီး​​၊​ ကို​​အောင်ဒင်၊​ ကိုမိုး​​သီး​​ဇွန်တို့​ဟာ အလုပ်အမှု​​ဆောင်​​တွေ ဖြစ်လာကြပြီး​​ ကိုမင်း​​​ဇေယျ၊​ ကို​​ဌေး​​ကြွယ်၊​ ကိုလှမျိုး​​​နောင်၊​ ကို​​ကျော်နိုင်မင်း​​၊​ ကို​​အေး​​လွင် စတဲ့​ ပထမအသုတ်​​ခေါင်း​​​ဆောင်​​တွေ ကျန်​​နေခဲ့​ပါတယ်။ အဲဒီလို အ​​ခြေအ​​နေအ​​ပေါ်မှာ သ​​ဘောထား​​ကွဲလွဲကြပြီး​​ မြန်မာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​သမဂ္ဂများ​​ ဖွဲ့​စည်း​​​ရေး​​​ကော်မတီ မကသဖ ဟာ မြန်မာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​သမဂ္ဂ မကသ ရဲ့​ ​​ရှေ့​​ပြေး​​ဖြစ်လာပါတယ်။

 ဇွန်လအုပ်စု​​တွေဟာ ဗကသ ဖြစ်လာပြီး​​၊​ မတ်လအုပ်စုထဲက တချို့​ဟာ မကသ ဖြစ်လာပါတယ်။ ​​နေရပ်အရ ​​ပြောရရင်လည်း​​ ဇွန်လအုပ်စု အများ​​စုဟာ သင်္ကန်း​​ကျွန်း​​၊​ ​​တောင်ဥက္ကလာဘက်မှာ ​​နေကြပြီး​​ မတ်လ အုပ်စု ​​တော်​​တော်များ​​များ​​ဟာ စမ်း​​​ချောင်း​​ဘက်မှာ ​​နေကြပါတယ်။ သူ့​အုပ်စု​​လေး​​နဲ့​သူ သီး​​ခြား​​လိုလို ဖြစ်​​နေပါတယ်။

​​ကျောင်း​​သား​​​တွေကြား​​မှာ ဒီလို သ​​ဘောထား​​ကွဲပြား​​​နေတာကို ဗိုလ်ချုပ်ခင်ညွန့်​က နိုင်ငံ​​ရေး​​ လက်နက် အဖြစ် အခွင့်​အ​​ရေး​​ယူ အသုံး​​ချပြီး​​ ​​ကျောင်း​​သား​​​တွေ ပိုကွ ိုကွဲ​​အောင်​​လုပ်​ပါ​​တော့​​တယ်။ တနိုင်ငံ​လုံး​​က ​​ကျောင်း​​သား​​​ထုကြီး​​ပါ နှစ်ခြမ်း​​ကွဲသွား​​​အောင်အထိ ရည်ရွယ်ချက် ကြီး​​ကြီး​​မား​​မား​​ထား​​ပါတယ်။ ​​ကျောင်း​​သား​​​တွေ မလိမ္မာခဲ့​ရင် ​​ကျောင်း​​သား​​ထုကြီး​​ကြား​​မှာ ​​သွေး​​ထွက်သံယို ဖြစ်ရပ်​​တွေ​​တောင် ဖြစ်လာနိုင်တဲ့​ အထိ အန္တရာယ်ကြီး​​နိုင်တဲ့​ ဧရာမ နိုင်ငံ​​ရေး​​ လုပ်ကြံမှုကြီး​​တခုပါ။ ( အခု ၂၀၁၂ ခုထဲမှာ အလား​​တူ ​​နောက်ထပ်လုပ်ကြံမှုမျိုး​​ အတွက် ​​ခြေလှမ်း​​ပြင်လာတာကိုလည်း​​ ​​တွေ့​​နေရပြီဖြစ်ပါတယ်။)

အဲဒီတုန်း​​က လုပ်ကြံပုံက ဒီလိုပါ။ စစ်တပ်အာဏာသိမ်း​​ပြီး​​ သူတို့​ အာဏာ မခိုင်မာ​​သေး​​ခင်၊​ ​​ကျောင်း​​သား​​နဲ့​ ပြည်သူလူထု​​တွေ ​​နောက်တခါ အုံကြွ ဆန့်​ကျင်လာမှာကို ​​ကြောက်​​နေတဲ့​ အချိန်ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်​ဟာ ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်​​တွေကို ​​ခေါ်ပြီး​​​တွေ့​ခဲ့​ပါတယ်။ ပထမ အဆင့်​မှာ ဗိုလ်ချုပ်ခင်ညွန့်​ရဲ့​ တပည့်​ ဗိုလ်မှူး​​လှသန်း​​က ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်​​တွေကို ​​တွေ့​ဆုံပြီး​​ ​​ကျောင်း​​သား​​သမဂ္ဂ တရား​​ဝင်တည်​​ထောင်ခွင့်​ ​​ပေး​​မယ်လို့​ ကမ်း​​လှမ်း​​ခဲ့​ပါတယ်။ ​​

ကျောင်း​​သား​​​တွေဘက်က ဗိုလ်ချုပ်ခင်ညွန့်​ကို မယုံကြည်တဲ့​ အတွက် အဲဒီ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်​​တွေကို ရာဇဝတ်ပြစ်မှုကျူး​​လွန်သည်မှ တပါး​​ တခြား​​ ပြစ်မှုနဲ့​ ဖမ်း​​ဆီး​​အ​​ရေး​​ယူတာမျိုး​​ မလုပ်ပါဘူး​​လို့​ ဗိုလ်ချုပ်ခင်ညွန့်​ ကိုယ်တိုင် လက်မှတ်​​ရေး​​ထိုး​​​ပေး​​ခဲ့​ပါတယ်။ ​​ကျောင်း​​သား​​​တွေအား​​လုံး​​ရဲ့​ နာမည်ပါဝင်ပြီး​​ ဗိုလ်ချုပ်ခင်ညွန့်​ ကိုယ်တိုင် လက်မှတ်​​ရေး​​ထိုး​​ထား​​တဲ့​ စာမူရင်း​​ကို သုံး​​​စောင်လက်မှတ်​​ရေး​​ထိုး​​​ပေး​​တဲ့​ အတွက် ​​ကျောင်း​​သား​​​တွေ ခွဲပြီး​​ သိမ်း​​ဆည်း​​ခဲ့​ကြပါတယ်။

အဲဒီတုန်း​​က ဗိုလ်ချုပ်ခင်ညွန့်​ နဲ့​ သွား​​​ရောက်​​တွေ့​ဆုံခဲ့​ကြသူ​​တွေထဲမှာ ကိုမင်း​​​ဇေယျ၊​ ကို​​ဌေး​​ကြွယ်၊​ ကိုဝင်း​​ကြွယ်၊​ ကို​​ကျော်နိုင်မင်း​​၊​ ကိုညိုထွန်း​​၊​ ကိုလှမျိုး​​​နောင်၊​ မခင်ဥမ္မာ၊​ ကို​​အေး​​လွင်၊​ မခင်မာ​​ဝေ၊​ ကို​​ဇော်မင်း​​ တို့​ အပါအဝင် ​​ကျောင်း​​သား​​​ပေါင်း​​ ၂၈ ​​ယောက် လို့​ထင်ပါတယ်၊​ သွား​​​တွေ့​ခဲ့​ကြပါတယ်။ ကိုမင်း​​ကိုနိုင်၊​ ကိုကိုကြီး​​၊​ ကိုမိုး​​သီး​​၊​ ကို​​အောင်ဒင်တို့​က သွား​​မ​​တွေ့​ခဲ့​ကြပါဘူး​​။

ဗိုလ်ချုပ်ခင်ညွန့်​က မကသ နာမည်နဲ့​ ​​ကျောင်း​​သား​​သမဂ္ဂဖွဲ့​စည်း​​ဖို့​ ခွင့်​ပြုခဲ့​ပါတယ်။ ​​နေရာနဲ့​ ​​ထောက်ပံ့​မှု တချို့​ ​​ပေး​​ခဲ့​ပါတယ်။ ဗကသကို တရား​​ဝင် အသိအမှတ်မပြုဘဲ၊​ မကသကိုသာ တရား​​ဝင် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ​​ကျောင်း​​သား​​အုပ်စု နှစ်အုပ်စုကို ပိုပြီး​​ကွဲ​​အောင် သပ်လျှိုလိုက်တာဖြစ်ပါတယ်။

မကသ​​တွေ ​​ထောက်လှမ်း​​​ရေး​​နဲ့​ ​​ပေါင်း​​သလား​​။ ​​ထောက်လှမ်း​​​ရေး​​ကို ဒူး​​​ထောက်ခဲ့​သလား​​။ ​​ထောက်လှမ်း​​​ရေး​​ ကဘာ့​​ကြောင့်​ သူတို့​ကို ​​ထောက်ပံ့​သလဲ။ စသည်ဖြင့်​ သံသယ​​တွေလည်း​​ ထွက်​​ပေါ်လာပါတယ်။ ဒီလိုဖြစ်​​အောင် ဗိုလ်ချုပ်ခင်ညွန့်​က ​​ထောင်​​ချောက်ဆင်တာပါ။

အ​​ကောက်ဉာဏ်သုံး​​ပြီး​​ အဖွဲ့​အစည်း​​​တွေကြား​​ထဲဝင် သပ်လျှိုဖြိုခွဲတဲ့​​နေရာမှာ နာမည်ဆိုး​​နဲ့​ ​​ကျော်ကြား​​သူ ဗိုလ်ချုပ်ခင်ညွန့်​ဟာ အကွဲပိုကြီး​​​အောင် အား​​ဖြည့်​တဲ့​ အ​​နေနဲ့​ ၁၉၈၉ ခုနှစ် ​​မေလမှာ နိုင်ငံ​​ရေး​​လက်နက်ကို ထုတ်သုံး​​ပါတယ်။ ပြည်မ​​နေလူမျိုး​​ကို ဗမာလို့​​ခေါ်ရမယ်၊​ ရှမ်း​​၊​ ကချင်၊​ ကရင်၊​ ကယား​​၊​ မွန်၊​ ရခိုင်၊​ ချင်း​​ စတဲ့​ တိုင်း​​ရင်း​​သား​​ အား​​လုံး​​ အပါအဝင် တနိုင်ငံလုံး​​​နေလူ​​တွေအား​​လုံး​​ကို​​တော့​ မြန်မာလို့​ ​​ခေါ်ရမယ်လို့​ ဗိုလ်ချုပ်ခင်ညွန့်​က အမိန့်​ထုတ်ပြီး​​ အစဉ်အလာကို ​​ပြောင်း​​ပြန်လှန်ပစ်လိုက်ပါတယ်။

ဘာ့​​ကြောင့်​ ဒီလို ​​ပြောင်း​​ပြန်လှန်သလဲ။ အ​​ဖြေကရှင်း​​ရှင်း​​​လေး​​ပါ။

၁။ ​​ကျောင်း​​သား​​​တွေကြား​​ထဲမှာ အကွဲအပြဲကို ကြီး​​သထက်ကြီး​​​အောင် လုပ်တာပါ။ ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင်​​တွေကြား​​မှာ ကွဲဖို့​ ဆိုတာထက် ​​ကျောင်း​​သား​​ထုကြီး​​ပါ နှစ်ခြမ်း​​ကွဲ​​အောင် ရည်ရွယ်ချက်ကြီး​​ကြီး​​မား​​မား​​ထား​​ပြီး​​ လုပ်တာပါ။

၂။ ဗမာနိုင်ငံလုံး​​ ဆိုင်ရာ ​​ကျောင်း​​သား​​သမဂ္ဂများ​​ အဖွဲ့​ချုပ်၊​ တို့​ဗမာအစည်း​​ရုံး​​တို့​ရဲ့​ အစဉ်အလာကို ကျဉ်း​​​မြောင်း​​ ​​သေး​​သိမ်သွား​​​အောင် လုပ်တာဖြစ်ပါ တယ်။ ဒီအဖွဲ့​အစည်း​​​တွေဟာ တိုင်း​​ရင်း​​သား​​နဲ့​ မဆိုင်သ​​ယောင်ဖြစ်သွား​​​အောင် လုပ်တာပါ။

အဲဒီတုန်း​​က “ဗ” မှန်သမျှကို အကုန် “မ” နဲ့​ အစား​​ထိုး​​ ​​ပြောင်း​​လဲ​​ရေး​​ကို စစ်ဆင်​​ရေး​​ တခုလိုလုပ်လိုက်တာဟာ ​​တော်​​တော် မျက်စိ​​နောက်စရာ ဖြစ်ခဲ့​ပါတယ်။ “ဗ” မှန်သမျှကို “မ” နဲ့​ လိုက်အစား​​ထိုး​​လို့​ ဗကသ ​​ကျောင်း​​သား​​​ခေါင်း​​​ဆောင် ညိုထွန်း​​က မခံနိုင်ဖြစ်ပြီး​​ ဗိုလ်ခင်ညွန့်​လုပ်ပုံနဲ့​​တော့​ ဗုဒ္ဓ​​တောင် မုဒ္ဓ ​​ပြောင်း​​ရ ​​တော့​မလို ဖြစ်​​နေပြီလို့​ ​​ပြောခဲ့​ပါတယ်။ ဒါကို ဗိုလ်ချုပ်ခင်ညွန့်​က စကား​​လုံး​​နည်း​​နည်း​​ ဖြတ်ညှပ်ကပ်လုပ် ၊​ လိုရာဆွဲပြီး​​ ဗုဒ္ဓကို မုဒ္ဓဟု​​ခေါ်သူ ညိုထွန်း​​ ဆိုပြီး​​ သတင်း​​စာထဲမှာ ​​ခေါင်း​​စီး​​စာလုံး​​မဲကြီး​​နဲ့​ ​​ဖော်ပြခဲ့​ပါ​​သေး​​တယ်။

တကယ်တန်း​​ ​​နောက်ပိုင်း​​မှာ​​တော့​ မကသ​​တွေဟာလည်း​​ ​​ကျောင်း​​သား​​ထုကို သစ္စာ​​ဖောက်သူ​​တွေ မဟုတ်ဘူး​​ဆိုတာ ​​ပေါ်လွင်ထင်ရှား​​လာပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်​ဟာ သူကိုယ်တိုင် စာရွက်စာတမ်း​​နဲ့​ လက်မှတ်ထိုး​​ ​​ပေး​​ထား​​တဲ့​ ကတိကို ဖျက်ပြီး​​ သူမဖမ်း​​ဘူး​​လို့​ အာမခံထား​​တဲ့​ ​​ကျောင်း​​သား​​​တွေ အား​​လုံး​​ကို သိမ်း​​ကျံုး​​ဖမ်း​​ဆီး​​ခဲ့​ပါတယ်။ မကသ​​ခေါင်း​​​ဆောင်​​တွေဟာ ​​ရှေ့​ဆုံး​​က အဖမ်း​​ခံကြရပါတယ်။ ဗကသ​​တွေလည်း​​ အဖမ်း​​ခံရပါတယ်။

ညှင်း​​ပမ်း​​နှိပ်စက်မှု အမျိုး​​မျိုး​​ကို ခံရပါတယ်။ စစ်ဗိုလ်ဆိုတာ ​​ပေး​​ထား​​တဲ့​ ကတိဘယ်​​တော့​မှ မဖျက်ဘူး​​လို့​ ဒီ​​နေ့​ စစ်ဗိုလ်​​တွေ အ​​ပြောကြီး​​ ​​နေကြ​​ပေမဲ့​ စစ်ဗိုလ်​​တွေဟာ သူတို့​ ​​ပေး​​ထား​​တဲ့​ ကတိကို ဖျက်ခဲ့​ကြတာဟာ မ​​ရေမတွက်နိုင်​​အောင် များ​​လှပါတယ်။

စာ​​ပေစိစစ်​​ရေး​​ကလည်း​​ ဗမာမြန်မာကို ​​စောင့်​ပြီး​​ စိစစ်​​ရေး​​လုပ်ပါတယ်။ ထုတ်​​ဝေပြီး​​သား​​ဖြစ်တဲ့​ ဆရာ ​​မောင်သာနိုး​​ရဲ့​ ဗမာစာ၊​ ဗမာစကား​​ စာအုပ်​​တောင်မှ ​​နောက်တကြိမ်ထုတ်​​တော့​ မြန်မာစာ၊​ မြန်မာစကား​​လို့​ ​​ပြောင်း​​ခိုင်း​​ပါတယ်။ ဒီလိုနဲ့​ အာဏာသုံး​​ပြီး​​ သူတို့​ပြဌာန်း​​ချက်ကို လူ​​တွေ စွဲသွား​​​အောင် နှစ်​​ပေါင်း​​ နှစ်ဆယ်အစိတ်ကျင့်​သုံး​​ခဲ့​ပါတယ်။ ဒါ့​​ကြောင့်​လည်း​​ ဒီ​​နေ့​​ခေတ် တိုင်း​​ရင်း​​သား​​လူငယ်​​လေး​​​တွေဟာ စစ်အာဏာရှင်ရဲ့​ ​​ပြောင်း​​ပြန်ပြဌာန်း​​ချက်ကိုပဲ အမှန်လို့​ထင်လာကြတာဖြစ်ပါတယ်။ သူတို့​​မွေး​​ကတည်း​​က ဒီအတိုင်း​​​တွေ့​လာရတာကိုး​​။

စစ်အာဏာရှင်ရဲ့​ အဓိကရည်ရွယ်ချက်က​​တော့​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​ သမဂ္ဂများ​​အဖွဲ့​ချုပ်ဟာ တိုင်း​​ရင်း​​သား​​ လူမျိုး​​​ပေါင်း​​စုံ အဖွဲ့​အစည်း​​ မဟုတ်ဘဲ၊​ ပြည်မ​​နေလူမျိုး​​တမျိုး​​တည်း​​ကိုသာ ကိုယ်စား​​ပြုတဲ့​ ကျဉ်း​​​မြောင်း​​တဲ့​ အဖွဲ့​အစည်း​​လို့​ တိုင်း​​ရင်း​​သား​​​တွေ အထင်မှား​​​အောင် သပ်လျှိုချင်တဲ့​ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါတွင်မကဘဲ ​​နောင်​​ခေတ်အဆက်ဆက်မှာ ဗ၊​မ ပြဿနာ အ​​မွေဆိုး​​ကို လက်ဆင့်​ကမ်း​​ သယ်​​ဆောင်ပြီး​​ ​​ကျောင်း​​သား​​​တွေကြား​​ထဲမှာ အကွဲ​​ကြောင်း​​ ဆက်တိုက်​​ပေါ်​​နေ​​အောင် ရည်ရွယ်တာဖြစ်ပါတယ်။

ဒီ​​တော့​ ခြံုငုံပြီး​​ ​​ပြောရရင် “ဗမာသည် တနိုင်ငံလုံး​​” မူဟာ လူမျိုး​​ကြီး​​ဝါဒကို ဆန့်​ကျင်တဲ့​ အ​​ခြေခံ​​ပေါ်မှာ စတင်သုံး​​စွဲလာတဲ့​ မူဖြစ်ပါတယ်။ ​​ခေတ်အဆက်ဆက်မှာ ဂုဏ်​​ရောင်ထွန်း​​​ပြောင်ခဲ့​တဲ့​ သမိုင်း​​တန်ဖိုး​​ကိုလည်း​​ ကိုယ်စား​​ပြုပါတယ်။ “မြန်မာသည် တနိုင်ငံလုံး​​” မူ က​​တော့​ လူမျိုး​​ကြီး​​ဝါဒကို ကိုယ်စား​​ပြုပါတယ်။ ​​သွေး​​ခွဲသပ်လျှိုခဲ့​တဲ့​ သမိုင်း​​ကို ကိုယ်စား​​ပြုပါတယ်။

“ဗမာသည် တနိုင်ငံလုံး​​” မူဟာ တို့​ဗမာ အစည်း​​အရုံး​​မူဖြစ်ပါတယ်။ “မြန်မာသည် တနိုင်ငံလုံး​​” မူ က​​တော့​ ဗိုလ်ချုပ်ခင်ညွန့်​ မူဖြစ်ပါတယ်။

ဒါ့​​ကြောင့်​ နိုင်ငံ​​တော်ရဲ့​ နာမည်သည်ပင် စစ်အာဏာရှင် အ​​ငွေ့​အသက်၊​ ပ​​ဒေသရာဇ် အ​​ငွေ့​အသက်လွှမ်း​​ခြံု​​နေတဲ့​ မြန်မာဆိုတဲ့​ နာမည်အစား​​၊​ ဗမာဆိုတဲ့​ နာမည်ကိုယူသင့်​ပါတယ်။ ပြည်​​ထောင်စု ဗမာနိုင်ငံ​​တော် ဖြစ်သင့်​ပါတယ်။ လူမျိုး​​စုံ​​သွေး​​စည်း​​ညီညွတ်​​ရေး​​ အစဉ်အလာနဲ့​ မှည့်​​ခေါ်ထား​​တဲ့​ ဗမာကသာ အသင့်​​တော်ဆုံး​​ဖြစ်ပါတယ်။ အင်္ဂလိပ်လို ​​ရေး​​ရင်လည်း​​ Bamar သို့​မဟုတ် Bama လို့​သာ ​​ရေး​​သင့်​ပါတယ်။

ဗမာဆိုတဲ့​ နာမည်​​ရော၊​ မြန်မာဆိုတဲ့​နာမည်​​ရောဟာ ရင်း​​မြစ်ကိုကြည့်​ရင် ပြည်မ​​နေလူမျိုး​​စုနဲ့​သာ သက်ဆိုင်တဲ့​အတွက် နာမည်နှစ်မျိုး​​လုံး​​ကို မကြိုက်ဘူး​​ဆိုတဲ့​ အမြင်မျိုး​​လည်း​​ တိုင်း​​ရင်း​​သား​​​တွေကြား​​မှာ ရှိခဲ့​ဖူး​​ပါတယ်။ ၁၉၉၀ ဝန်း​​ကျင် ကစပြီး​​ ၁၉၉၄ ခုနှစ် ဝန်း​​ကျင်အထိ မာနယ်ပ​​လော အား​​​ကောင်း​​စဉ်ကာလတုန်း​​က ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့​ချုပ် DAB ကဦး​​စီး​​ ကျင်း​​ပတဲ့​ ဖက်ဒရယ် ပြည်​​ထောင်စု ဖွဲ့​စည်း​​ပုံ ပြန်လည်​​ရေး​​ဆွဲ​​ရေး​​ အစည်း​​အ​​ဝေး​​​တွေထဲမှာ နိုင်ငံအမည် ပြင်ဆင်​​ပြောင်း​​လဲ​​ရေး​​ ​​ဆွေး​​​နွေး​​ပွဲ တခုပါဝင်ခဲ့​ဖူး​​ပါတယ်။ မြန်မာ​​ရော၊​ ဗမာပါ မပါ​​အောင် ​​ရှောင်ပြီး​​ ​​ရွှေပြည်ဗိမာန်၊​ ​​ရွှေနိုင်ငံ၊​ သံလွင်ဧရာ၊​ ​​ဇေယျာသီရိ ဆိုပြီး​​ နာမည် အမျိုး​​ မျိုး​​ စမ်း​​​ပေး​​ကြည့်​ဖူး​​ပါတယ်။

သူတို့​​ပေး​​တဲ့​ နာမည်​​တွေကို သူတို့​ကိုယ်တိုင် မကြိုက်နိုင်ခဲ့​ကြပါဘူး​​။ နာမည်​​တွေက သ​​င်္ဘောနာမည်လိုလို၊​ ကား​​ဂိတ်နာမည်​​တွေလိုလို အများ​​စိတ်ထဲမှာ ရယ်စရာ​​တွေ ဖြစ်​​နေခဲ့​ပါတယ်။ တကယ်​​တော့​ ကြိုက်နိုင်တယ်ဆို​​စေဦး​​​တော့​၊​ အဲဒီနာမည်​​တွေဟာလည်း​​ မြန်မာဘာသာနဲ့​ ​​ပေး​​ထား​​တဲ့​ နာမည်​​တွေ ဖြစ်​​နေပါ​​သေး​​တယ်။ တကယ်​​တော့​လည်း​​ တရား​​ဝင်နိုင်ငံနာမည် ဆိုတာဟာ အသံထွက် တမျိုး​​တည်း​​ပဲ ဖြစ်သင့်​တယ်မဟုတ်လား​​။ ဒီ​​တော့​ ဘာသာစကား​​တမျိုး​​တည်း​​နဲ့​ပဲ ​​ပေး​​ရ​​တော့​မှာပါ။ ဒါမှမဟုတ် မြန်မာအရိပ်နဲ့​ လွတ်​​အောင် ချင်း​​စာ၊​ ရှမ်း​​စာ၊​ မွန်စာ၊​ ကချင်စာနဲ့​ နာမည်​​ပေး​​မယ်ဆိုရင်​​ရော၊​ တိုင်း​​ရင်း​​သား​​ အား​​လုံး​​ကို ကိုယ်စား​​ပြုနိုင်မှာပါလား​​။

ဒါမှ မဟုတ် အင်္ဂလိပ်လို ​​ပေး​​ဦး​​မလား​​။ ဒါဆိုရင် ပို​​တောင် ဆိုး​​ပါဦး​​မယ်။ ဒီ​​တော့​ ဒီ​​လောက်အထိ အသစ်ထွင်ဖို့​ စဉ်း​​စား​​ချက်ဟာ နာမည်ဆိုတဲ့​ ပညတ်အ​​ပေါ် အယူသီး​​လွန်း​​ရာကျတဲ့​ သ​​ဘောဖြစ်​​နေပါလိမ့်​မယ်။ ပညတ်က အဓိကမဟုတ်ပါဘူး​​။ နိုင်ငံ​​ရေး​​ သ​​ဘောထား​​၊​ နိုင်ငံ​​ရေး​​ ရည်ရွယ်ချက်၊​ ထား​​ရှိတဲ့​ ​​စေတနာကသာ အဓိကဖြစ်ပါတယ်။ လူမျိုး​​စု စည်း​​လုံး​​ညီညွတ်​​ရေး​​ကို ရည်ရွယ်ပြီး​​ တီထွင်သုံး​​စွဲထား​​တဲ့​ သမိုင်း​​ အစဉ်အလာ​​ကောင်း​​တဲ့​ ဗမာနိုင်ငံဆိုတဲ့​ စကား​​လုံး​​ဟာ တိုင်း​​ရင်း​​သား​​ လူမျိုး​​စုအား​​လုံး​​ အပါအဝင်ဖြစ်တဲ့​ နိုင်ငံ​​တော်ကို ​​ခေါ်ဆိုထိုက်တဲ့​ အသင့်​​တော်ဆုံး​​နာမည်ဖြစ်တယ်လို့​ ဆိုချင်ပါတယ်။

ဒါ့​အပြင် တခြား​​နိုင်ငံ​​တွေရဲ့​ နမူနာကိုလည်း​​ ကြည့်​ပါ။ ဂျာမနီမှာ ဂျာမန်လူမျိုး​​တမျိုး​​တည်း​​​နေတာ မဟုတ်ပါဘူး​​။ ဒါ​​ပေမဲ့​ အများ​​စု ဂျာမန်​​တွေရဲ့​ နာမည်ကိုပဲ နိုင်ငံ နာမည် ​​ပေး​​ထား​​ပါတယ်။ ရုရှား​​မှာလည်း​​ ရုရှား​​လူမျိုး​​တမျိုး​​တည်း​​ ​​နေတာ မဟုတ်ပါဘူး​​။ တိုင်း​​ရင်း​​သား​​ လူမျိုး​​​ပေါင်း​​စုံ​​နေထိုင်ကြပါတယ်။ ဒါ​​ပေမဲ့​ ဆိုဗီယက်ယူနီယံ မတိုင်ခင်နဲ့​ ဆိုဗီယက်လွန်ကာလမှာ သူ့​နိုင်ငံနာမည်ကို ရုရှား​​လို့​ ​​ပေး​​ထား​​ တာနဲ့​ ပတ်သက်ပြီး​​ ဘာမှ ပြဿနာ အကြီး​​အကျယ် မတက်ပါဘူး​​။ ထိ်ုင်း​​နိုင်ငံ၊​ မ​​လေး​​ရှား​​၊​ အင်ဒိုနီး​​ရှား​​တို့​ဟာလည်း​​ အလား​​တူ ​​နောက်ထပ်ဥပမာ​​တွေ ဖြစ်ကြပါတယ်။ မှန်ပါတယ်။

သူတို့​မှာလည်း​​ သမိုင်း​​မှာ အသာရခဲ့​တဲ့​ လူမျိုး​​၊​ အ​​ရေအတွက် များ​​တဲ့​ လူမျိုး​​ရဲ့​ နာမည်က ကြီး​​စိုး​​သွား​​တာပါ။ ဒါမျိုး​​ဟာ ကျွန်​​တော်တို့​ နိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံအများ​​အပြား​​မှာ ဖြစ်ခဲ့​တယ်လို့​ ဆိုချင်တာပါ။ သမိုင်း​​ထဲက ထွက်​​ပေါ်လာတဲ့​ ရလဒ်လို့​ ဆိုချင်တာပါ။ ဒီ​​တော့​ သူတို့​မှာ ပြဿနာမတက်ဘဲ ကျွန်​​တော်တို့​မှာ ပြဿနာတက်တာက ဘာ့​​ကြောင့်​ပါလဲ။ အဓိကက လက်ရှိ နိုင်ငံ​​ရေး​​​ကြောင့်​ပါ။ မျက်​​မှောက်ကာလမှာ လူမျိုး​​စု​​တွေအ​​ပေါ်မှာ ကျွန်​​တော်တို့​ အစိုး​​ရက လူမျိုး​​​ရေး​​ဖိနှိပ်မှု​​တွေ လုပ်ထား​​လို့​ပါ။ အနှစ်သာရ ဖြစ်တဲ့​ အဲဒီနိုင်ငံ​​ရေး​​ကို ​​ပြောင်း​​လဲနိုင်ဖို့​က လိုရင်း​​ပါ။

နာမည်အ​​နေနဲ့​က​​တော့​ ​​စော​​စောက ​​ပြောသလို ရည်ရွယ်ချက်​​ကောင်း​​၊​ သမိုင်း​​အစဉ်အလာ​​ကောင်း​​တဲ့​ ဗမာဆိုတဲ့​ နာမည်ကို ခံယူသင့်​ပါတယ်။ လူမျိုး​​စု အ​​ပေါ်မှာ ရည်ရွယ်ချက်​​စေတနာလည်း​​ မ​​ကောင်း​​၊​ သမိုင်း​​အစဉ်အလာလည်း​​ မ​​ကောင်း​​တဲ့​ ပ​​ဒေသရာဇ်နဲ့​ စစ်အာဏာရှင်​​တွေသုံး​​တဲ့​ “မြန်မာဟာ လူမျိုး​​အား​​လုံး​​ အကြံုး​​ဝင်တယ်” ဆိုတဲ့​မူဟာ မနှစ်မြို့​စရာ နာမည်ဖြစ်ပါတယ်။

ဒါ့​​ကြောင့်​ ဗမာနိုင်ငံလုံး​​ဆိုင်ရာ ​​ကျောင်း​​သား​​သမဂ္ဂများ​​ အဖွဲ့​ချုပ်အ​​နေနဲ့​လည်း​​ “ဗမာ” နာမည်ကို ရဲရဲရင့်​ရင့်​၊​ လိပ်ပြာသန့်​သန့်​နဲ့​ ခံယူဖို့​ လိုပါတယ်။ အခုလို “ဗ” နာမည် ရဲရဲ ခံယူဖို့​လိုအပ်တယ်လို့​ ​​ပြောတာဟာ “ဗ” နဲ့​ “မ” ကွဲပြား​​ခဲ့​ဖူး​​တဲ့​ ကိုမင်း​​ကိုနိုင်တို့​နဲ့​ ကိုမင်း​​​ဇေယျတို့​ ကြား​​မှာရှိခဲ့​တဲ့​ ပြဿနာ​​ဟောင်း​​ကို အစပြန်​​ဖော်တာ မဟုတ်​​ကြောင်း​​ကို​​တော့​ အတိအလင်း​​ ​​ပြောကြား​​ချင်ပါတယ်။ ပြဿနာ အစပြန်​​ဖော်တာ မဟုတ်သလို ကိုမင်း​​ကိုနိုင်တို့​ဘက်ကို ဘက်လိုက်တာလည်း​​ မဟုတ်ဘူး​​။ အား​​လုံး​​ အတူတကွ တိုင်း​​ပြည်အ​​ရေး​​ ​​ဆောင်ရွက်ကြသူ​​တွေ ဖြစ်ကြတဲ့​ အတွက် ဘယ်သူ့​ဘက်မှလည်း​​ လိုက်စရာမလိုပါဘူး​​။

“ဗ” နာမည်ခံယူတာဟာ ပြဿနာကို အစ​​ဖော်တာလည်း​​ မဟုတ်ပါဘူး​​။ ပြဿနာကို အဆုံး​​သတ်တာဖြစ်ပါတယ်။ ​​နောက်​​နောင် မျိုး​​ဆက်​​တွေလက်ထဲမှာ ဒီပြဿနာပါမလာ​​တော့​​အောင် အဆုံး​​သတ်တာပါ။ ကွဲ အ​​မွေကို လက်ဆင့်​မကမ်း​​ချင်လို့​ ဒီမှာ အဆုံး​​သတ်ဖို့​ ကြိုး​​စား​​တာဖြစ်ပါတယ်။

ဒီ့​ထက် ပိုအ​​ရေး​​ကြီး​​တဲ့​ စကား​​ကို ဆိုရရင် ဗ၊​မ ပြဿနာရဲ့​ အဓိက နိုင်ငံ​​ရေး​​ ဝိ​​ရောဓိဟာ ၈၈ ​​နောက်ပိုင်း​​ ​​ပေါ်​​ပေါက်ခဲ့​တဲ့​ ဗကသ၊​ မကသ အုပ်စုနှစ်စုကြား​​က ဝိ​​ရောဓိက အဓိက မဟုတ်ဘူး​​။ ဗကသ၊​ မကသ ကို အ​​ကြောင်း​​ပြုပြီး​​ ဒီပြဿနာစခဲ့​တာဖြစ်​​ပေမဲ့​ တကယ့်​ ဝိ​​ရောဓိ တကယ့်​ ပဋိပက္ခက ဒီ့​ထက်ပိုကြီး​​ကျယ်ပါတယ်။

တကယ့်​အဓိက ဝိ​​ရောဓိက စစ်အာဏာရှင်​​တွေရဲ့​ “မ” နဲ့​ တို့​ဗမာအစည်း​​အရုံး​​ရဲ့​ “ဗ”၊​ ကို​​အောင်ဆန်း​​၊​ ကိုဗဟိန်း​​တို့​ရဲ့​ “ဗ” ကြား​​က ဝိ​​ရောဓိ ၊​ စစ်အာဏာရှင်ကိုယ်စား​​ပြု “မ” နဲ့​ တိုင်း​​ရင်း​​သား​​ လူမျိုး​​​ပေါင်း​​စုံကိုယ်စား​​ပြု “ဗ” ကြား​​က ဝိ​​ရောဓိ​​တွေကသာ တကယ့်​ဝိ​​ရောဓိ၊​ တကယ့်​ ပဋိပက္ခဖြစ်ပါတယ်။

ဗကသနာမည် ခံယူဖို့​လိုအပ်တယ်လို့​ ​​ပြောတာဟာ

၁။ ကို​​အောင်ဆန်း​​၊​ ကိုဗဟိန်း​​တို့​ခံယူခဲ့​တဲ့​ သမိုင်း​​အစဉ်အလာ၊​ ​​ကျောင်း​​သား​​ထုကြီး​​တခုလုံး​​က မျိုး​​ဆက်အဆင့်​ဆင့်​ လက်ဆင့်​ကမ်း​​ ခံယူခဲ့​တဲ့​ သမိုင်း​​အစဉ်အလာကို ကိုယ့်​သ​​ဘောနဲ့​ ကိုယ် ပြုပြင်​​ပြောင်း​​လဲဖို့​ မဖြစ်နိုင်လို့​၊​

၂။ တို့​ဗမာအစည်း​​အရုံး​​က အတိအလင်း​​ ​​ကြေညာ ပြဌာန်း​​ထား​​တဲ့​ သတ်မှတ်ချက်ကို ခိုင်လုံတဲ့​ အ​​ကြောင်း​​ပြချက် မရှိဘဲ ဆန့်​ကျင်ဖို့​ မဖြစ်နိုင်လို့​၊​

၃။ စစ်အာဏာရှင်တို့​ရဲ့​ သမိုင်း​​ကို ​​ပြောင်း​​ပြန်လှန်တဲ့​လုပ်ရပ်ကို မ​​ထောက်ခံနိုင်လို့​၊​

၄။ စစ်အာဏာရှင်တို့​ရဲ့​ မြန်မာ မဟာလူမျိုး​​ကြီး​​ဝါဒကို လက်မခံနိုင်လို့​၊​

၅။ ဗကသကို တမင်သက်သက် ကျဉ်း​​​မြောင်း​​​အောင် ရည်ရွယ်ချက်ရှိရှိ လုပ်​​ဆောင်တဲ့​ စစ်အာဏာရှင်တို့​ရဲ့​ ဦး​​ချိုး​​တဲ့​ လုပ်ရပ်ကို ဒူး​​​ထောက်လက်ခံတာမျိုး​​ မလုပ်နိုင်လို့​

ဆိုတဲ့​ အချက်ငါး​​ချက်​​ကြောင့်​ဖြစ်ပါတယ်။

ဗမာ၊​ မြန်မာပြဿနာဟာ ပြည်​​ထောင်စုကြီး​​ တခုလုံး​​နဲ့​ ဆိုင်တဲ့​ ပြဿနာ ဖြစ်ပါတယ်။ ဗကသများ​​ အဖွဲ့​ချုပ်ဆိုတာဟာလည်း​​ ​​ကျောင်း​​သား​​ထုကြီး​​ တခုလုံး​​နဲ့​ ဆိုင်တဲ့​ နာမည်ပါ။ သမိုင်း​​အစဉ်အလာကြီး​​မား​​လှတဲ့​ ဒီနာမည် အ​​ပေါ်မှာ ​​ကျေနပ်မှုမရှိဘူး​​ဆိုရင်ဖြင့်​ လွတ်လွတ်လပ်လပ် စည်း​​ရုံး​​​ပြောဆိုခွင့်​ရတဲ့​ အ​​ခြေအ​​နေတခု​​အောက်မှာ စာ​​ပေပညာရှင်၊​ သမိုင်း​​ပညာရှင်​​တွေ၊​ ဝါရင့်​ နိုင်ငံ​​ရေး​​ ​​ခေါင်း​​​ဆောင်​​တွေ အ​​ကြေအလည် ပါဝင်​​ဆွေး​​​နွေး​​ပြီး​​​နောက် ​​ကျောင်း​​သား​​ထုညီလာခံကြီး​​​ခေါ်ယူပြီး​​၊​ ဒါမှမဟုတ် ​​ကျောင်း​​သား​​ အား​​လုံး​​ဆန္ဒခံယူပွဲကြီး​​လုပ်ပြီး​​မှသာ ​​ပြောင်း​​လဲသင့်​ပါတယ်။ ဗကသနာမည်ကို ကိုယ့်​သ​​ဘောနဲ့​ကိုယ် လွယ်လွယ်​​ပြောင်း​​ဖို့​ ဆိုတာဟာ မကြံ​​ကောင်း​​ မစည်ရာ ကိစ္စကြီး​​ပါ။

သိန်း​​​ဇော်မြင့်​

ကိုး​​ကား​​

၁။ တို့​ဗမာ အစည်း​​အရုံး​​သမိုင်း​​
၂။ သိပ္ပံစိုး​​ရင်ရဲ့​ မြန်မာ့​ယဉ်​​ကျေး​​မှု သမိုင်း​​
၃။ ဦး​​​ကျော်ထွန်း​​ရဲ့​ မြန်မာဟူ​​သော စကား​​ဖြစ်လာရင်း​​ မူလအ​​ကြောင်း​​။ မြန်မာနိုင်ငံ သု​​တေသန အသင်း​​ဂျာနယ်။ အတွဲ ၂၃၊​ အမှတ် ၂။
၄။ ၁၉၄၇ ခုနှစ် ဖွဲ့​စည်း​​ပုံ အ​​ခြေခံဥပ​​ဒေ
၅။ ဘီဘီစီ အလင်္ကာပုလဲပန်း​​ အမှတ် ၃။ ဗမာ၊​ မြန်မာပြဿနာ။
၆။ ကိုကို​​မောင်ကြီး​​ရဲ့​ တရံ​​ရောအခါ

0 comments:

Post a Comment