
စာပေ ဗိမာန်က ၁၉၇၆ မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို လူပုဂ္ဂိ်ုလ် တစ်ဦး တစ်ယောက်က ပြုစုခဲ့တာ မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ တို့ဗမာ အစည်းအရုံးဝင် သခင်၊ သခင်မဟောင်းကြီးတွေ အားလုံး နီးပါးက ဝိုင်းဝန်း ပြုစုခဲ့ကြတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ဘက်စုံထောင့်စုံ ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းကြီး ဖြစ်လာရတာပါ။
၁၉၆၄ မှာ တို့ဗမာအစည်းအရုံး နာယက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဈာပန အခမ်းအနားကို အမြို့မြို့အနယ်နယ်က သခင်၊ သခင်မကြီးတွေ တက်ရောက်လာ ကြတယ်။ ခုလို လူစုံတုန်းမှာပဲ ညီလာခံ ဆန်ဆန် ဆွေးနွေးပွဲကြီး တစ်ခုပြုလုပ်ပြီး တိုဗမာ အစည်းအရုံးသမိုင်းကို ပြုစုဖို့ အချိန် တန်ပြီလို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒီနောက်သဘာပတိအဖွဲ့၊ ဆော်ဩသူများ အဖွဲ့၊ သမိုင်း စိစစ်ရေး ကော်မတီ၊ အတွင်းရေးမှူး အဖွဲ့၊ ဘဏ္ဍာရေး အဖွဲ့၊ စာမူကြမ်း စုစည်းရေး အဖွဲ့၊ သမိုင်းဆိုင်ရာ ပစ္စည်းများ ထိန်းသိမ်းရေး အဖွဲ့ဆိုပြီး တာဝန် ခွဲဝေသတ် မှတ်ခဲ့ကြတယ်။ တစ်ပြည််လုံးအတိုင်း အတာနဲ့ စီရင်စုတွေခွဲပြီး သက်ဆိုင်ရာ ဒေသအလိုက် သမိုင်းပြုစုရေး အဖွဲ့တွေလည်း ဖွဲ့ခဲ့ကြတယ်။ အဖွဲ့တွေ အားလုံး ပေါင်းရင် လူဦးရေရာနဲ့ချီ ရှိပါတယ်။ ဒါကြောင့် ကျယ်ပြန့်ပြီး ပြည့်စုံတဲ့ မူကြမ်းကို ရရှိခဲ့ပါတယ်။ အဲဒီမူကြမ်းကိုပဲ အချိန်များစွာ ယူပြီး အကြိမ်ကြိမ် အခါခါ ညှိနှိုင်းတည်းဖြတ်ပြီးမှ အပြီးသတ် အတည်ပြုခဲ့ကြတယ်။ လုပ်ငန်းစဉ် တစ်ခုလုံး အတွက် အချိန် ၉ နှာကြာခဲ့ပြီး ၁၉၇၃ ကျမှ အပြီးသတ်ခဲ့ပါတယ်။ နောက်ထပ် သုံးနှစ်အကြာ ၁၉၇၆ ကျမှ စာအုပ်အဖြစ် ပုံနှိပ်ပြီးစီး ခဲ့ပါတယ်။
ဒီသမိုင်းကို ပြုစုရာမှာ လိုက်နာဖို့ ချမှတ်ထားတဲ့ မူတွေကလည်း စံနမူနာ ယူစရာ ကောင်းပါတယ်။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေ၊ အာဃာတတွေ ကင်းရမယ်။ ပုဂ္ဂိ်ုလ်ရေး စွပ်စွဲချက်တွေ မပါစေရ။ ပုဂ္ဂိ်ုလ် တစ်ဦးတစ်ယောက်တည်း ကို ဂုဏ်ဖော်တာမျိုး၊ ထူးချွန်သူတွေ အကြောင်းကိုလည်း လိုအပ်တာထက်ပို ပြီး အလွန်အမင်း ချီးမြှောက်တာမျိုး မဖြစ်စေရ။ သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သမိုင်း သင်ခန်းစာ ယူနိုင်ရေးကိုသာ ဦးစားပေး ဖော်ပြရပါမယ်။ တိုင်းရင်းသား အားလုံးရဲ့ လှုပ်ရှားမှု သမိုင်းအဖြစ် ပုံဖော်ရမယ်။
ဒီသမိုင်း မှတ်တမ်းကို ရေးသားပြုစုတဲ့ အချိန်ဟာ ဆိုရှယ်လစ်ခေတ် ဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်လစ် အရေးကို နည်းနည်း ဦးစားပေးထားတာက လွဲရင် အတော်ပဲ ဓမ္မဓိဋ္ဌာန်ကျကျ ရေးသား ထားတယ်လို့ ဆိုနိုင်ပါတယ်။
ဒီစာအုပ်မှာ အခန်းတွေ ခွဲပြီး တစ်ကဏ္ဍစီ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အတွင်းကို နယ်ချဲ့ကိုလိုနီ စနစ် စတင်ခြေကုပ် ယူလာတာက စပြီး လွတ် လပ်ရေးရတဲ့ အချိန်အထိ တစ်ဆင့်ချင်း သရုပ်ဖော်သွားပါတယ်။
မြန်မာတွေဟာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို စတင်သိမ်းပိုက်ချိန်က စပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။ လက်နက်ကိုင်တိုက် ခိုက်ခြင်း၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးဆန္ဒပြ တောင်းဆိုခြင်းတွေ ပြုလုပ်ခဲ့ပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ် ကျယ်ပြန့်ပြန့် လွှမ်းခြံုနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ သူတို့ရဲ့ တောင်းဆိုချက်တွေ ကလည်း နယ်ကျဉ်းတယ်လို့ ဆိုရပါမယ်။ အင်္ဂလိပ် အစိုးရရဲ့ အုပ်ချုပ်မှုအောက် မှာပဲ ပိုမို ကောင်းမွန်တဲ့ အနေအထားကို ရရှိဖို့နဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး ရမယ်ဆို ရင် ကျေနပ်လက်ခံဖို့အထိလောက်ပဲ ရည်မှန်းချက် ထားခဲ့ကြတာပါ။ နိုင်ငံ ရေးအရ အညီညွတ်ဆုံး ဆိုတဲ့ ဝံသာနု ဂျီစီဘီအေ အဖွဲ့ကြီးလည်း ပြိုကွဲခဲ့ရတယ်။
နိုင်ငံရေး အဖွဲ့အစည်းတချို့ကလည်း မပြတ်မသား တွေဝေ ယိမ်းယိုင်နေကြ၊ အချင်းချင်း လှည့်ပြီး တိုက်ခိုက်ကြ၊ ကိုယ်ကျိုးရှာကြနဲ့ စိတ်ပျက်စရာပါပဲ။ နိုင်ငံရေးလမ်းစပျောက်သလို ဖြစ်နေတဲ့အချိန်မှာပဲ...
မျိုးချစ်စိတ်ဓာတ် ထက်သန်တဲ့ ကိုဘသောင်းဦးဆောင်ပြီး လူငယ်တစ် စုက တို့ဗမာ အစည်းအရုံးကို ၁၉၃၀၊ မေ ၃၀ မှာ စတင် တည်ထောင်လိုက် ကြပါတော့တယ်။ “ဘုရင်ခံအပါအဝင် အစိုးရ အဖွဲ့ဝင်များ၊ အရာရှိကြီးများ ဟာ လူထုက ပေးတဲ့ လခကို စားနေကြတဲ့ တိုင်းပြည် အစေခံတွေ(ကျွန်တွေ) ပဲ။
ပြည်သူလူထုကသာ သခင်တွေ ဖြစ်တယ်။ ဒီနိုင်ငံဟာ ငါတို့ပိုင်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် တို့ဗမာများကသာ သခင်အစစ်ဖြစ်တယ်။ ဒါကြောင့် ငါတို့ နာမည်ရှေ့မှာ သခင်ဆိုတဲ့ဘွဲ့ကို တပ်မယ်” ဆိုပြီး သခင်ဘသောင်း၊ သခင် လေးမောင်၊ သခင်သိန်းမောင်စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ လုံးဝ လွတ်လပ်ရေးပါပဲ။
အစပိုင်းမှာတော့ လူငယ်တွေ စိတ်ကူး ယဉ်နေတယ်လို့ ထင်ကြတယ်။ စိတ်ရူးပေါက်ပြီး စတန့် ထွင်တာပါလို့ အင်္ဂလိပ် အလိုတော်ရိတွေက လှောင်ပြောင်ချင်ကြတယ်။ တချို့ကျတော့လည်း အင်္ဂလိပ်ကိုသခင်ခေါ်ပြီး ဘုရားထူး နေရတဲ့ အချိန်မှာ သူတို့ကိုယ်သူတို့ သခင် ဘွဲ့ခံတဲ့ လူငယ်တွေကို လန့်သွားကြတယ်။ သူတို့နဲ့ ပေါင်းရင် အင်္ဂလိပ် အစိုးရငြိုငြင်မှာကို ကြောက်ပြီး ရှောင်ဖယ်ဖယ် လုပ်လာကြတယ်။ သခင်ဆိုရင် အလုပ် မခန့်ရဲတော့ဘူး။ တချို့ အလုပ် ပြုတ်ကုန်တယ်။ လူငယ်တွေကတော့ သဘောကျတယ်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဆရာကြီး ဦးဖေမောင်တင်၊ ဦးထွန်းရှိန်တို့လို မျိုးချစ် ပုဂ္ဂိ်ုလ်ကြီးတွေကတော့ အားပေးထောက်ခံတယ်။(ဆရာကြီး သခင်ကိုယ် တော်မှိုင်းဟာ နောင်မှာတို့ဗမာအ စည်းအရုံး နာယကကြီး ဖြစ်လာခဲ့ပါတယ်)
အင်္ဂလိပ် အစိုးရ ကိုယ်၌ကလည်း အစပိုင်းမှာ သခင်တွေကို မလောက် လေးမလောက်စားတွေလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သခင် လူငယ်တွေရဲ့ အရည်အချင်း၊ မွန်မြတ်တဲ့ ရည်ရွယ်ချက်၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု စတာတွေကို သိလာတဲ့ ပြည်သူ လူထုက တစ်ခဲနက် အားပေး လာကြတယ်။ လူငယ်အများ အပြားလည်း အစည်း အရုံးအဝင် ဖြစ်လာကြတယ်။ အစည်းအရုံးခွဲတွေကိုလည်း မြို့ရွာတော်တော်များများမှာ ဖွဲ့စည်း လာနိုင်ခဲ့တယ်။
သူတို့ရဲ့ လှုပ်ရှားမှုကလည်း အတော်ထိ ရောက်ထက်မြက်လာတယ်။ ဟောပြောပွဲတွေမှာ ပြောတဲ့ ရဲရဲတောက်မိန့်ခွန်းတွေကလည်း အင်္ဂလိပ် အစိုး ရကို ချောက်ချားလာစေတယ်။ ဒီမှာတွင်ပဲ အင်္ဂလိပ်အစိုးရဟာ အမိန့်တွေ အမျိုးမျိုးထုတ်ပြီး ချုပ်ချယ်လာတော့တယ်။ သခင်တွေကလည်း အာဏာ ဖီဆန်ပြီး ရှေ့ကိုသာ ဆက်တိုးကြတယ်။
အင်္ဂလိပ် အစိုးရကလည်း ဖမ်းတာဆီးတာတွေ လုပ်ပြီး ပိုမိုဖိနှိပ်လာ တယ်။ များသောအားဖြင့် ထောင်ခြောက်လလောက် ချလေ့ရှိတဲ့အတွက် “သခင်ပေါက်စ ထောင်ခြောက်လ”ဆိုတဲ့ စာချိုးပေါ်လာတယ်။ တို့ဗမာသခင် တွေကတော့ “အမေကမွေး ထောင်ကကျွေး” ဆို တဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး ဆက်လက်ချီတက်နေ ကြတယ်။
ဒီနေရာမှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) နဲ့ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂ (ဗ.က.သ) တို့ဟာလည်း အရေး ပါတဲ့ အခန်းကဏ္ဍက ပါဝင်ကြောင်းတွေ့ရပါ တယ်။ သခင်ဘသောင်းဟာ ရန်ကုန် တက္ကသိုလ်မှာ ဘာသာပြန် နည်းပြဆရာ လုပ်ခဲ့ဖူးတဲ့ အတွက် တက္ကသိုလ် အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ရှိပါတယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂ ခေါင်း ဆောင်တွေဖြစ်တဲ့ ကိုနု၊ ကိုအောင်ဆန််း၊ ကိုသိန်း ဖေ (သိန်းဖေမြင့်) ၊ ကိုဗဟိန်း စသူတွေဟာ ကျောင်းသား ဘဝကတည်းက တို့ဗမာအစည်း အရုံးနဲ့ အဆက်အသွယ်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ နောက်တော့ သူတို့ဟာ တို့ဗမာ အစည်းအရုံးရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်လာခဲ့ရုံမက နိုင်ငံ ခေါင်းဆောင်တွေပါ ဖြစ်လာခဲ့ပါတယ်။
တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေထဲမှာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး(၁၉၃၈)ဟာ အကြီးကျယ်ဆုံးနဲ့ အအောင်မြင်ဆုံး တိုက်ပွဲပါပဲ။ ရေနံမြေ အလုပ်သမား သပိတ်ကြီးပေါ်ပေါက်လာ တယ်။ တစ်နိုင်ငံလုံးက တခြား အလုပ်သမားတွေ ကပါ ပူးပေါင်း ပါဝင်တယ်။ လယ်သမားတွေက လည်း သပိတ်မှောက်တယ်။ ဒီအချိန်မှာ တက္ကသိုလ် ကျောင်းသားတွေရဲ့ တတိယ သပိတ်ကြီး ပေါ်လာပြန်တယ်။ တစ်နိုင်ငံလုံးက ကျောင်းသား တွေ ပူးပေါင်း ပါဝင်လာကြတယ်။ အတွင်းဝန်ရုံး (နောင်ဝန်ကြီးများရုံး)ကို ဝိုင်းဝန် ပိတ်ဆို့ သပိတ် တားကြရာမှ မြင်းစီး စစ်ပုလိပ်တွေက အကြမ်း ဖက်ဖြိုခွင်းခဲ့လို့ ကျောင်းသားခေါင်းဆောင် ကို အော်ကျော် ကျဆုံးခဲ့ရတယ်။ ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြတယ်။ ပြည်သူတစ်ရပ်လုံး က မခံမရပ်နိုင်ဖြစ်ပြီး မျိုးချစ်စိတ် အမြင့်မားဆုံး အခြေအနေကို ရောက်ခဲ့တယ်။ လူထုရဲ့ ကူညီ အားပေးမှုကြောင့် အစိုးရ ယန္တရား တစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်ခဲ့တယ်။
ဒီအရေးတော်ပုံကြီးမှာ တို့ဗမာအစည်းအရုံး ဟာ ဦးဆောင်မှုအခန်းက ပါဝင်ခဲ့တယ်။ ကျောင်း သားသမဂ္ဂနဲ့လည်း ပိုပြီးစည်းလုံးမိလာတယ်။ ကျောင်းသားခေါင်းဆောင်တွေဟာလည်း တို့ဗမာ အစည်အရုံးဝင်တွေ ဖြစ်လာတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံကြီး အပြီးမှာတော့ ပြည်သူ လူထုရဲ့ နိုင်ငံရေး နိုးကြားမှုဟာ အထွတ် အထိပ် ရောက်လာခဲ့တယ်။ လွတ်လပ်ရေးကို မရရအောင် ယူမယ်လို့ သန္နိ်ဋ္ဌာန် ချလိုက်ကြတယ်။ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန်ဖို့လည်း ဆုံးဖြတ်လိုက်တယ်။
အဲဒီအချိန်မှာ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်ဖို့ အရိပ်အယောင်တွေ ပြလာပြီး ဂျာမနီ၊ အီတလီ၊ ဂျပန် ဝင်ရိုးတန်းသုံးနိုင်ငံရဲ့ ရန်ကို ဥရောပနိုင်ငံ တွေ ကြောက်လန့်နေကြရပြီ။ အင်္ဂလိပ်တွေလည်း ဗျာများနေရပြီ။ ဒါကြောင့်“အင်္ဂလိပ်အခက်၊ ဗမာ့ အချက်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ“ဗမာ့ထွက် ရပ်ဂိုဏ်း”ကို လျှို့ဝှက်ဖွဲ့စည်းတည် ထောင်လိုက် ကြတယ်။
နောက်တော့ ရဲဘော်သုံးကျိပ်ဖွဲ့၊ ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ထုတ်၊ ဂျပန်စစ်တပ်ရဲ့ ဖက်ဆစ်အတွင်းသရုပ်ကို သိမြင်လာတော့ မဟာ မိတ် အကူအညီနဲ့ ဂျပန်ကိုတော်လှန်၊ အင်္ဂလိပ်ပြန် ဝင်လာပြီးတော့ ဖဆပလအဖွဲ့ ကြီးပေါ်လာ၊ နိုင်ငံ ရေးတိုက်ပွဲဆက်၊ လွတ်လပ်ရေးရဖို့ လက်တစ် ကမ်းအလို ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အောင် ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံး၊ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးရတဲ့ အထိ ရေးသားထားပါတယ်။
ဒီစာအုပ်ထဲမှာ ထူးခြားချက်တွေလည်း တွေ့ ရပါတယ်။
-သခင်ဘသောင်းဟာ ကမ္ဘာရာဇဝင်ချုပ် ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ခဲ့တဲ့အတွက် ဝေလ မင်းသားက ပေးတဲ့ဆုငွေတစ်ထောင်ရတယ်။ သူက အဲဒီငွေကို ကိုယ်ကျိုးအတွက် မသုံးဘဲ တို့ဗမာအစည်းအရုံး ရန်ပုံငွေအတွက် မတည် ထည့်ဝင်လိုက်တယ်။ ဗြိတိသျှ အိမ်ရှေ့စံမင်းသား က ချီးမြှင့်တဲ့ ဆုတော်ငွေကို ဗြိတိသျှ နေမဝင် အင်ပါယာကြီးကို အန်တု စိန်ခေါ်မယ့် အဖွဲ့အတွက် အသုံးပြုတယ်ဆိုတာ ဝေလမင်းသားသာ သိသွား ရင် ဘယ်လိုခံစားရမလဲမသိ။
-အခုတိုင် မြင်တွေ့နေရတဲ့ အာဇာနည် ဆရာ တော် ဦးဝိစာရရဲ့ ရုပ်တုနဲ့ ကျောက်တိုင်ဟာ လွတ် လပ်ရေး ရပြီးမှ ဂုဏ်ပြု ထုလုပ်ခဲ့တယ်လို့ လူ အများက ထင်နေကြတယ်။ တကယ်တော့ အင်္ဂလိပ်ခေတ်ကတည်းက ထုလုပ် တည်ရှိခဲ့တာ ပါ။ ဦးဝိစာရလမ်းဆိုတာလည်း အဲဒီအချိန်က တည်းက မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
-လွတ်လပ်ရေး ရပြီးတဲ့ အချိန်က စပြီး အခု အချိန်အထိ အသုံး ပြုနေရတဲ့ နိုင်ငံတော်သီချင်း ဟာ ဝိုင်အမ်ဘီသခင်တင်က တို့ဗမာ အစည်းအရုံး အတွက်ရေးပေးခဲ့တဲ့ တို့ဗမာ သီချင်းကို အခြေခံ ထားခြင်း ဖြစ်ပါတယ်။ သီချင်းမှာ ပါဝင်သင့်တဲ့ အကြောင်းအရာတွေကို သခင်ဘသောင်းတို့က အကြံဉာဏ် ပေးခဲ့တယ်လို့ သိရပါတယ်။ ( ဒီစာအုပ်ထဲမှာ တို့ဗမာ၊ သုံးရောင် ခြယ်စတဲ့ သီချင်းစာသားတွေ ပါဝင်ပါတယ်။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမား ကြီးတွေကို သရော်လှောင်ပြောင်တဲ့ ခပ်ကြမ်းကြမ်းစာသားတွေနဲ့ သီချင်းတစ် ပုဒ်လည်း ပါပါတယ်။)
- ရဲဘော် သုံးကျိပ်ကို ဖွဲ့စည်းရာမှာ တို့ဗမာအစည်းအရုံးဝင် သခင်တွေ ကို အမာခံထားခဲ့တာပါ။ ရဲဘော် သုံးကျိပ်ဟာ ဗမာ့တပ်မတော်ရဲ့ အမြုတေ ဖြစ်ပါတယ်။ ဒါကြောင့် “ဗမာ့တပ်မတော်အစ-တို့ဗမာ အစည်းအရုံးက”လို့ ဆိုပါတယ်။
- တို့ဗမာဆိုတဲ့ စကားလုံးကို သုံးနှုန်းရခြင်း အကြောင်းကိုလည်း ရှင်းပြထားပါတယ်။ “မြန်မာ”ဆိုတာ မြန်မာလူမျိုး တစ်မျိုးတည်းကို ကိုယ်စား ပြုတယ်။ “ဗမာ”ဆိုတာကတော့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ် လို့ ဆိုထားပါတယ်။ (ခုခေတ် အယူအဆနဲ့ ပြောင်းပြန်ဖြစ်နေတာ တွေ့ရပါတယ်။)
- တို့ဗမာအစည်းအရုံးဟာလည်း မြန်မာနိုင်ငံအသင်းအဖွဲ့တွေရဲ့ ထုံးစံ အတိုင်း နှစ်ခြမ်းကွဲခဲ့ပါသေးတယ်။ အင်္ဂလိပ်တော်လှန်ဖို့ “ဗမာ့ထွက်ရပ်ဂိုဏ်း” ကို ဖွဲ့စည်းတဲ့အခါမှာတော့ သဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ပြီး ပြန် လည်ပေါင်းစည်းခဲ့ကြပါတယ်။ ဒါတွင်မက တစ်ချိန်ကနိုင်ငံရေး ရန်သူတွေ ဖြစ်ပြီ အပြန်အလှန်ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတဲ့ ဒေါက်တာဘမော်ကို တောင် အာဃာတတွေ ကင်းကင်းနဲ့ ခေါင်းဆောင် တင်ခဲ့ပါသေးတယ်။
(လွတ်လပ်ရေးရပြီးတဲ့ အခါမှာတော့ အာဏာလုကြ၊ အချင်းချင်းတိုက် ကြ ခိုက်ကြ၊ သတ်ကြ ဖြတ်ကြနဲ့ ပြည်တွင်းစစ်ကြီးဖြစ်ရတဲ့အထိ ပြန်လည် ကွဲကြ ပြဲကြဖြစ်ကုန်တာကတော့ ဝမ်းနည်းစရာပါပဲ။)
ဒီစာအုပ်ဟာ သမိုင်းတစ်ရပ်ကို ဓမ္မဓိဋ္ဌာန်ကျကျရေးသားထားတာ ဖြစ် ပါတယ်။ ဘယ်သူ့ကိုသာစေ၊ ဘယ်သူ့ကို နာစေဆိုတဲ့သဘောမျိုး မပါဝင်စေဘဲ တကယ့် ဖြစ်ရပ်မှန်တွေကို အတုယူစရာ၊ သင်ခန်းစာ ယူစရာတွေ အဖြစ် တင်ပြထားခြင်းဖြစ်တဲ့ အတွက် သမိုင်း မှတ်တမ်း ရေးချင်သူတွေအတွက် စံနမူ နာ ဖြစ်ပါတယ်။
သမိုင်းမှတ်တမ်း ဆိုပေမဲ့ ရေးသားတင်ပြပုံ ရသ မြောက်လွန်းလို့ သမိုင်း နောက်ခံ ဝတ္ထုရှည်ကြီး တစ်ပုဒ်ကို ဖတ်ရသလို စွဲမက်စရာ ကောင်းလှပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
စာအုပ်ကြီးက ထူလွန်းလို့၊ ရှာရတာခက်လို့၊ သမိုင်းတွေ နိုင်ငံရေးတွေ စိတ်မဝင်စားလို့ မဖတ်ချင်ဘူး၊ မဖတ်ဖြစ်ဘူး ဆိုရင်တောင် တို့ဗမာအစည်း အရုံးရဲ့ ကိုယ်ကျိုးမဖက်နိုင်ငံနဲ့ လူမျိုးအတွက် ဆောင်ရွက် ခဲ့တာတွေကို ထောက်ထားသော အားဖြင့် အောက်ပါကြွေးကြော်သံစာသားလေးကိုတော့ နှလုံးသွင်းပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်။
ဗမာပြည်သည်... တို့ပြည်။
ဗမာစာသည်... တို့စာ။
ဗမာစကားသည်... တို့စကား။
တို့ပြည်ကို... ချစ်ပါ။
တို့စာကို... ချီးမြှင့်ပါ။
တို့စကားကို... လေးစားပါ။
မင်းကိုဉာဏ်
source: http://shweamyutay.com/index.php?option=com_content&view=article&id=4083&Itemid=&ed=119
0 comments:
Post a Comment