


*****************
==============================
မင်းကို ဆုံးမသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်
မြန်မာ့သမိုင်းမှာ ပြည်သူလူထုအပေါ် တရားမျှတစွာ အုပ်ချုပ်တဲ့ မင်းတွေရှိခဲ့သလို၊ ပြည်သူကို နှိပ်စက်တဲ့ မင်းတွေလည်း အုပ်စိုးခဲ့ပါတယ်။ အဲဒီလိုကွဲပြားတဲ့ မင်းတွေရှိခဲ့သလို မင်းမှုထမ်းတွေမှာလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်သူတွေနဲ့ မှန်ရာကို ပြောရဲ၊ ရေးရဲ၊ လုပ်ဆောင်ရဲတဲ့သူတွေဆိုပြီး ကွဲပြားစွာ ရှိခဲ့ပါတယ်။ ဒီလို မှန်ရာကို တင်ပြ လုပ်ဆောင်ရဲသူများထဲက စံပြုထိုက်သူတစ်ဦးကတော့ ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ဖြစ်ပါတယ်။
ယောအတွင်းဝန်၊ ရွှေပြည်ဝန်၊ ယောမင်းကြီး၊ ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊မကွေးမြို့စား ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင် သီဟသူ စသဖြင့် အမျိုးမျိုး ခေါ်တွင်ကြတဲ့ ဦးဘိုးလှိုင်ကို ကွယ်လွန်သူ စာဆိုကြီး ဆရာမောင်ထင်ကတော့ 'မြန်မာ့ နိုင်ငံရေးသုခမိန်ကြီး' လို့ တင်စားခေါ်ဆိုခဲ့ပါတယ်။
ဆရာမင်းယုဝေ ကလည်း သူ့ရဲ့ 'ပထမ မြန်မာများ' စာအုပ်မှာ 'ယောမင်းကြီး ဦးဘိုးလှိုင် (ပထမ သိပ္ပံစာပေ ပြုစုသူ)' လို့ ကမ္ပည်းတင်ခဲ့ပါတယ်။
မြန်မာ့စွယ်စုံကျမ်းမှာလည်း 'မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေးအခေါ် အယူအဆတို့ကို ခေတ်နှင့်လျော်အောင် တိုးတက်ဖွံ့ဖြိုးစေရန် ကြံဆရွက်ဆောင်ခဲ့သော မြန်မာ့နိုင်ငံရေးသုခမိန်' လို့ ဖော်ပြခဲ့ပါတယ်။
သူဟာ သက္ကတ၊ ပါဠိ၊ မြန်မာစာပေတို့ကို နှံ့စပ်ရုံတင်မက အနောက်တိုင်း ဝိဇ္ဇာ သိပ္ပံပညာရပ်တွေမှာပါ နှံ့စပ်သူဖြစ်ပါတယ်။ ဒါကြောင့် အနောက်တိုင်းက ရတဲ့ ပညာဗဟုသုတတွေကို မြန်မာပစ္စည်းဖြစ်အောင် ကြံဆောင်ရင်း မြန်မာ့ရိုးရာကို ထိန်းသိမ်းပေးခဲ့ပါတယ်။
မင်းတုန်းမင်း လက်ထက်ကနေ သီပေါမင်းလက်ထက်အထိ အတွင်းဝန်၊ မြို့စား၊ အတိုင်ပင်ခံ ပညာရှိ စတဲ့ရာထူးတွေနဲ့ အမှုထမ်းနေစဉ်မှာပဲ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကျမ်းအစောင်စောင်ကို ရေးသားပြုစုခဲ့ပါတယ်။
ဦးဘိုးလှိုင်ကို မြန်မာ့နိုင်ငံရေးသုခမိန်လို့ ဘာကြောင့်ခေါ်ဆိုပါသလဲ။
မြန်မာ့ဂန္ထဝင်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှေးနီတိကျမ်းတွေက ရှေးရိုးစဉ်လာ မြန်မာ့အတွေးအခေါ် အယူအဆတို့ကို နိုင်ငံခြားနဲ့ ကူးလူးဆက်ဆံရာက ရရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအသိတွေနဲ့ နှိုင်းယှဉ်ပြီး သူ့ခေတ် မြန်မာနိုင်ငံသားတွေကို အမြင်သစ် ပေးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ အဲဒီသဘောဖြစ်ပြီး ဒီကျမ်းတစ်စောင်တည်းနဲ့ နိုင်ငံရေးသုခမိန် ဆိုတဲ့ ပညတ်ကို ခံယူထိုက်တယ်လို့ ဆိုကြပါတယ်။ သက်ဦးဆံပိုင်စနစ်အောက်မှာ ဒီလို ကျမ်းမျိုး ရေးသားဝံ့တဲ့ အချက်ကလည်း ဦးဘိုးလှိုင်ရဲ့ သတ္တိကို ဖော်ပြနေပါတယ်။
ဦးဘိုးလှိုင်ဟာ ရာထူး စည်းစိမ်ကို မငဲ့ဘဲ မှန်ရာကို ပြောဆို၊ လုပ်ဆောင်ခဲ့တဲ့အတွက် မကြာခဏ ရှင်ဘုရင်ရဲ့ အမျက်တော်ရှခြင်းကို ခံခဲ့ရပြီး ၃ ကြိမ်မက ရာထူးစည်းစိမ် နုတ်သိမ်းခြင်းခံခဲ့ရသလို အကျယ်ချုပ် ချတာကိုတောင်ခံခဲ့ရပါတယ်။ ဥပမာအားဖြင့် မင်းတုန်းမင်းလက်ထက်မှာ သမီး၊ နှမ တို့ကို ပေးဆက်ထားတဲ့အတွက် အခွင့်အရေးရနေတဲ့ အမှုထမ်းတစ်ဦးနဲ့ပတ်သက်ပြီး ပညာမဲ့အမတ်တို့ ဘုန်းကြီးရင် ပြည်ရွာပျက်တတ်တဲ့အကြောင်း မင်းတုန်းမင်းတရားကို လျှောက်ထားခဲ့ပါတယ်။
ဒီအခါ ဘုရင်အမျက်ထွက်ပြီး လှံကိုကောက်ကိုင်ရင်း “သည်လှံနဲ့ မောင်မင်းကို စီရင်တာ ခံချင်သလား”လို့ မေးတော့ ဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား”လို့ ဆိုရင်း ရင်ဘတ် ကော့ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားမှူးမတ်တွေက ရဲတင်းလွန်းတယ်လို့ ပြောကြတော့ ဦးဘိုးလှိုင်က
“ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်၍ သေရခြင်းကား မြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော မကောင်းမှုဖြစ်ပွားနေသည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှံု့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း၊ အကြီးအမှူး ဖြစ်သည့်အတိုင်း တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူသည်”
လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ အကျယ်ချုပ်နဲ့ ရာထူးအချခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလို ရာထူးက ချလိုက်၊ လိုအပ်တဲ့အခါ ပြန်ခေါ်လိုက် ဖြစ်ရပေမယ့် ဦးဘိုးလှိုင်က မှန်ရာကို ပြောဆို လုပ်ဆောင်ရင်း အမှုထမ်းခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာ ပြုစုခဲ့တဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို တော်လှန်ပြီး ပြည်သူ့အာဏာနဲ့ အုပ်ချုပ်မှုကို ကြိုဆိုတဲ့ကျမ်းဖြစ်ပါတယ်။
ဒါကြောင့် ဘုရင်က မနှစ်သက်ပါဘူး။ ဒီကြားထဲ “ဘုရင်မင်းမြတ်ဟာ အလွန်အသုံးအဖြုန်းကြီးတယ်။ ဘဏ္ဍာတော်ဆိုတာ ဆင်းရဲသားတွေရဲ့ ချွေးနှဲစာကနေ ညှစ်ထုတ်ယူထားတာ ဖြစ်တဲ့အတွက် ကျောက်ခဲသလဲလို သဘောမထားသင့်ဘူး” ဆိုပြီး ဘုရင့်ဘဏ္ဍာရေးကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီအခါ မိဖုရားက မခံနိုင်ဖြစ်ပြီး “ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမှာလား”လို့ ဒေါသနဲ့ ပြောဆိုတာကို သီပေါမင်းကလည်း နားယောင်တဲ့အတွက် ဦးဘိုးလှိုင်ကို ရာထူးချလိုက်ပါတော့တယ်။
ဒီအကြိမ်ဟာ နောက်ဆုံးအကြိမ် ရာထူးကျခြင်းဖြစ်ပြီး ရာထူးပြန်လည်ပေးအပ်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် ဦးဘိုးလှိုင်က မတုန်လှုပ်ဘဲ ခြံဥယျာဉ်အလုပ်ကို လုပ်ရင်း တဖက်က စာပေကျမ်းဂန် ပြုစုခြင်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခဲ့ပါတယ်။ ပဒေသရာဇ်စနစ်အတွင်း ရှင်ဘုရင်ကို ဝေဖန်ဆုံးမတဲ့ ဦးဘိုးလှိုင်လို ရဲဝံ့သူ ပေါ်ပေါက်ခဲ့ခြင်းနဲ့ ပတ်သက်လို့ အားရစရာကောင်းသလို၊ ဒီလို ပညာရှိမျိုးကို အာဏာပိုင်တွေက အသက်သေကြေအောင် မလုပ်ဆောင်ခဲ့တာဟာလည်း အတုယူ ဆင်ခြင်စရာ ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဘိုးလှိုင်ဟာ သက္ကရာဇ် ၁၂၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပေမယ့် ဦးဘိုးလှိုင်ရေးသားခဲ့တဲ့ ဝိဇ္ဇာ သိပ္ပံဆိုင်ရာ ကျမ်းပေါင်း ၁၄ ကျမ်းက ခေတ်အဆက်ဆက် ကိုးကားလေ့လာစရာ စာပေတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီထဲက လောကဓာတ်ဆေးကျမ်း၊ သဒ္ဒသင်္ဂဟကျမ်း၊ ဝိမုတ္တိရသကျမ်း၊ မဟာသမ္မတ ဝိနိစ္ဆယကျမ်း၊ ကာယာနုပဿနာကျမ်း၊ ရာဇဓမ္မသင်္ဂဟကျမ်း၊ ဥတုဘောဇနသင်္ဂဟကျမ်း တို့ဟာ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးနေတဲ့ အမည်တွေ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ ဘာသာရေးကျမ်း၊ ဆေးပညာကျမ်း၊ နီတိကျမ်းတွေအပြင် ကြေးနန်းရိုက်နည်းကို တီထွင်ပြသထားတဲ့ လိပိဒိပိကာကျမ်း၊ လိလာဝတီ ဂဏန်းကျမ်းတို့ကိုလည်း ပြုစုခဲ့ပါတယ်။ ဦးဘိုးလှိုင်ဟာ သိပ္ပံပညာကျမ်းတွေကို ပြုစုတဲ့အခါ မြန်မာတွေ ရင်းနှီးပြီးသား အသုံးအနှုန်းတွေနဲ့ ဖော်ပြနိုင်ဖို့ အားထုတ်ခဲ့သလို၊ ကျစ်လျစ်တဲ့ ဘာသာပြန်ဆိုမှု တွေ့ရတယ်လို့ ပညာရှင်များက မှတ်ချက်ချကြပါတယ်။ ဘာသာပြန်ရာမှာလည်း အသံလှယ် ပြန်ဆိုမှုတွေအပြင် Carbon (ကာဗွန်) ကို မီးသွေး၊ Acid (အက်စစ်)ကို ငရဲမီး၊ Beer (ဘီယာ)ကို ဗျစ်ခါး စသဖြင့် မြန်မာဘာသာနဲ့ ပြန်ဆိုသုံးနှုန်းခဲ့ပါတယ်။
ဦးဘိုးလှိုင်ဟာ သူရသတ္တိနဲ့ပြည့်စုံတဲ့သူ ဖြစ်တဲ့အပြင် အလွန် ဖြောင့်မှန် ပွင့်လင်းသူ၊ ပြတ်သားသူ၊ ဘယ်သူ့ကိုမှ ရန်မပြုသူဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ရာထူးကျအောင် ကုန်းချောသူ သေသွားတာကိုတောင် ဝမ်းသာအားရမဖြစ်ဘဲ “သူသေတာ ငါနဲ့မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ၊ ငါလည်း ငါ့ကံနဲ့ငါပါ။ သည်ဟာနှင့် စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှ မပြောလေနှင့်” လို့ ပြောဆိုခဲ့ပါတယ်။
အခုဆိုရင် ပညာရှင် ဦးဘိုးလှိုင် ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ လေးစား အတုယူစရာ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်မှုတွေက စာပေများကတဆင့် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ။
**ထိန်လင်း**Monday, December 19, 2011
http://jacbaburma.blogspot.com/2011/12/blog-post_4503.html
**From—Lu Bo**
==================


0 comments:
Post a Comment