မြန်မာလူမျိုး​ - လွတ်လပ်​ရေး​ ​ကြေညာစာတမ်း​)

လွတ်လပ်​ရေး​ ​ကြေညာစာတမ်း​တွင် "မြန်မာလူမျိုး​" အသုံး​အနှုန်း​ကို ဤသို့​ ​တွေ့​ရသည်။

------------------------------------------------------------

မြန်မာနိုင်ငံ၏ “လွတ်လပ်​ရေး​ ​ကြေညာစာတမ်း​”ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်​နေ့​တွင် ကမ္ဘာသိ ထုတ်ပြန် ​ကြေညာခဲ့​သည်။ မြန်မာ့​သမိုင်း​တွင် အလွန်တန်ဖိုး​ထား​အပ်သည့်​ ​ကြေညာစာတမ်း​ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယာယီသမ္မတ ​စော​ရွှေသိုက်ကလည်း​ ထို​နေ့​မှာပင် တိုင်း​ပြုပြည်ပြု လွှတ်​တော်ပါလီမန်၌ “လွတ်လပ်​သော မြန်မာနိုင်ငံ၏ ပန်း​တိုင်များ​”ကို ​ကြေညာခဲ့​သည်။

မြန်မာနိုင်ငံကို လက်ရှိအုပ်စိုး​နေသူတို့​က သမိုင်း​ အစစ်အမှန်များ​ကို မသမာ​သောနည်း​လမ်း​များ​ဖြင့်​ ဖုံး​ကွယ် ထား​ရန် ကြိုး​ပမ်း​လာ​နေ​သောအချိန်တွင် မြန်မာနိုင်ငံသား​ မျိုး​ဆက်သစ် အဆက်ဆက်တို့​အ​နေဖြင့်​ မြန်မာ့​ လွတ်လပ်​ရေး​ကို တန်ဖိုး​ထား​ ​လေး​စား​ ထိန်း​သိမ်း​နိုင်ကြ​စေရန်၊​ မြန်မာ့​သမိုင်း​ အစစ်အမှန်ကို သိရှိ​နေ​စေရန်၊​ နိုင်ငံချစ်စိတ်များ​ တိုး​ပွား​နေ​စေရန်နှင့်​ သမိုင်း​သင်ခန်း​စာများ​ ယူနိုင်ရန် ရည်ရွယ်၍ ပြန်လည် ရှာ​ဖွေ ​ဖော်ပြလိုက် ပါသည်။

လွတ်လပ်​ရေး​ ​ကျေညာစာတမ်း​

​အောင်​စေသတည်း​

၁။ မြန်မာသက္ကရာ်ဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂ​နွေ​နေ့​ ​ကောင်း​မြတ်သန့်​စင် မင်္ဂလာအ​ပေါင်း​နှင့်​ ပြည့်​စုံ​သောအခါ၌ ဤငါတို့​ မြန်မာပြည်သည် လုံး​ဝ လွတ်လပ်​သော အချုပ်အချာ အာဏာပိုင် ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော်ကြီး​ အဖြစ်သို့​ ​ရောက်ပြီ။

၂။ ဤငါတို့​ မြန်မာနိုင်ငံ​တော်ကြီး​သည် လိုရာမတ ပြည့်​စုံလှ၍ ဘူမိနက်သန်မှန်​သော ​မြေထူး​မြေမြတ် လည်း​ဖြစ်၏။ မွန်မြတ်သန့်​စင်​သော တရား​ထူး​ တရား​မြတ်တို့​တည်ရာ ​မြေ​ကောင်း​မြေမွန်လည်း​ မှန်၏။ ​မြေတွင်း​ ​မြေပြင် အထူး​ထူး​သော ရတနာအ​ပေါင်း​တို့​နှင့်​ ပြည့်​စုံသဖြင့်​ သတ္တဝါအ​ပေါင်း​တို့​ ဆွတ်ယူစား​သုံး​ ကမ္ဘာဆုံး​သော် လည်း​ မသုဉ်း​မကုန်နိုင်​သော ပ​ဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်​စုံ​သော ​မြေလည်း​ဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူး​ချွန် ဤ​မြေမွန်​မြေမြတ်၌ ရှမ်း​၊​ ကချင်၊​ ကရင်၊​ ချင်း​၊​ မွန်၊​ မြန်မာ စသည်ဖြင့်​ တ​သွေး​တသား​ တမိဘ ဖြစ်ကြကုန်​သော ငါတို့​သည် နှစ်​ပေါင်း​ထောင်ရာ သင်္ချာပွား​တက် ​ရေတွက်ခြင်း​ငှာ မတတ်နိုင်ရာ​သော ရာဇဝင် ရှည်​ဝေး​ ​ရှေး​ပ​ဝေဏီမှစ၍ တညီတညွတ် တစုတရုံး​ လွတ်လပ်​သော လူမျိုး​အဖြစ် တည်ခဲ့​ကြ၏။ တ​ကောင်း​၊​ သ​ရေ​ခေတ္တရာ၊​ ပုဂံ၊​ မြင်စိုင်း​၊​ စစ်ကိုင်း​၊​ ပင်း​ယ၊​ အင်း​ဝ၊​ ကုန်း​ဘောင် ထို့​နောက် မန္တ​လေး​အထိ ငါတို့​၏ လွတ်လပ်​ရေး​သည် ​နေ​ရောင်လဝါ ပမာကဲ့​သို့​ တဖြာဖြာတဝင်း​ဝင်း​ ကမ္ဘာချဉ်း​အောင် ထွန်း​လင်း​ခဲ့​ပေ၏။

သို့​ရာတွင် ကမ္ဘာ့​တန်ဆာ ကာလအင်္သ​ချေ တည်​နေအပ်​သော ​နေမင်း​သူရိယာ လစန္ဒာတို့​ပင် ဆီး​နှင်း​မြူတိမ် ဖုံး​အုပ်၍ ​ခေတ္တခဏ အရှိန်အဝါ ညှိုး​လျော်နွမ်း​လျ မထွန်း​မပ ဖြစ်ဘိသကဲ့​သို့​ ငါတို့​၏လွတ်လပ်​သော မြန်မာ နိုင်ငံ​တော်သည်လည်း​ လွန်ခဲ့​သည့်​ နှစ်​ပေါင်း​လေး​ရာခန့်​က ဥ​ရောပတိုင်မှ ထွက်​ပေါ်လာ၍ တကမ္ဘာလုံး​ကို ရစ်ပတ်အုပ်ဖုံး​ခဲ့​သော နယ်ချဲ့​ဝါဒကြီး​နှင့်​ မ​ရှောင်မကွင်း​သာ ကြံုကြိုက်ဆုံ​တွေ့​မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊​ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး​၊​ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တ​လေး​ရတနာပုံ သုံး​ကြိမ်သုံး​တန် ချအပ်ရခြင်း​ဖြင့်​ ဤ​မြေထူ​မြေမြတ်၌ နှစ်​ပေါင်း​ထောင်ရာ ​စောင့်​ထိန်း​၍လာခဲ့​ကြ​သော ငါတို့​၏ လွတ်လပ်​ရေး​သည် ငါတို့​လက်မှလွတ်၍ လက်​အောက်ခံဘဝသို့​ လုံး​ဝ​ရောက်ခဲ့​ကြရသည်။ သို့​သော် ​နေမင်း​ သူရိယာ လစန္ဒာတို့​ကို ဆီး​နှင်း​ မြူတိမ်တို့​သည် မည်သို့​ပင် ဖုံး​လွှမ်း​စေကာမူ ​နေလတို့​၏ အရှိန်အ​တောက်ကို မခံနိုင်ရကား​ ​ခေတ္တမျှနှင့်​ပင် လွင့်​စင်ကွယ်​ပျောက်၍ ​နေဝါလ​ရောင်သည် ပကတိအ​ရေကို ပြန်၍​ဆောင်​လေ ဘိသကဲ့​သို့​ ငါတို့​အ​ပေါ်၌ လွှမ်း​ဖုံး​အုပ်​သော နယ်ချဲ့​ဝါဒသည် ငါတို့​၏ ကမ္ဘာရှည်မြင့်​ ရင့်​မာလှ​သော လွတ်လပ်​ရေး​ စိတ်ဓါတ်၏ အရှိန်အ​တောက်ကို မခံနိုင်ရာကား​ ​ခြောက်ဆယ့်​တနှစ် တလနှင့်​ တရက်​သော အခိုက်အတန့်​ က​လေး​မှာပင် အလိုအ​လျောက် ကွယ်​ပျောက်သွား​ရသဖြင့်​ ဤ​နေ့​ဤအခါမှစ၍ ငါတို့​သည် အသူရိန် ခံတွင်း​မှ ရှင်း​ရှင်း​ကြီး​ လွတ်​မြောက်အပ်​သော လပြည့်​စန်း​ပမာ သန့်​ရှင်း​စင်ကြယ် ချမ်း​မြေ့​သာယာစွာဖြင့်​ လုံး​ဝ လွတ်လပ် ​သော ဘဝထူး​ ဘဝမြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့​ရရှိအပ်​သော လွတ်လပ်​ရေး​သည် ​ရေတွင်ရုပ်​ရေး​ မြ​သွေး​ကောင်း​ကင် တိမ်ရိပ်ထင်သကဲ့​ သို့​သော လွတ်လပ်​ရေး​ မဟုတ်။ ငါတို့​အား​ လွတ်လပ်​ရေး​လမ်း​စဉ်သို့​ ညွှန်လည်း​ညွှန်ပြ လမ်း​စရှာကြံ အမြန် ​ရောက်​အောင် ပို့​ဆောင်ခဲ့​ကြ​ပေ​သော ဗိုလ်ချုပ်​အောင်ဆန်း​နှင့်​တကွ အဝဝ​သော ကူး​တို့​မှူး​ ​ခေါင်း​ဆောင်ကြီး​တို့​၏ မဆုတ်မနစ်​သောလုံ့​လ၊​ မ​လျော့​သောဝိရိယ၊​ ဆီမီး​တန်​ဆောင်ကဲ့​သို့​ ထွန်း​ပအပ်​သော ဉာဏ်မျက်စိ၊​ ဝဇီရစိန်သွား​ ကဲ့​သို့​ စူး​ရှ​သောသတ္တိတို့​ကြောင့်​ အဟံမမ သံပကြံုး​ဝါး​ အခြား​အခြား​လွတ်လပ်​သော နိုင်ငံကြီး​တို့​နှင့်​တန်း​တူ မြူ တခြမ်း​မျှ မ​လျော့​မလို ထိုထို​သော တန်ခိုး​ရှိန်ဝါ ​တေဇာအ​ပေါင်း​တို့​နှင့်​ ပြည့်​စုံ​သော အချုပ်အချာတည်း​ ဟူ​သော အာဏာထူး​အမြတ်ကို ငါတို့​လက်ကိုင် အပိုင်ရရှိကြပြီ။

၄။ ငါတို့​သည် တမျိုး​ဘာသာ တစိတ်တ​ဒေသ၏ ​ကောင်း​ကျိုး​ချမ်း​သာကို မလိုလား​။ ​ကျောသား​ရင်သား​ သူကား​ငါကား​ ခွဲခြား​ခြင်း​ကို အလိုမရှိ။ မြစ်​ချောင်း​သီတာ သမုဒ္ဒရာ​တောင်တန်း​တို့​ဖြင့်​ ကမ္ဘာ့​ဓမ္မတာ သဘာဝ အပိုင်း​အခြား​ ထင်ရှား​စွာ သတ်မှတ်အပ်​သော ရာဇဝင်ရှည်​ဝေး​ ​ရှေး​ပ​ဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား​ ဟု သမုတ်အပ်သူ တိုင်း​ရင်း​သား​အ​ပေါင်း​တို့​ ဇာတိချက်​ကြွေ ​နေထိုင်ရာ မြန်မာနိုင်ငံ​တော်တဝှမ်း​ကို တ​သွေး​ တသား​တည်း​ဟူ​သော ကြိုး​ထူး​၊​ တစိတ်တဝမ်း​တည်း​ဟူ​သော ကြိုး​ထူး​၊​ အလိုအ​လျောက် သဘာဝ အ​ထောက် အပံ့​ဖြင့်​သာလျှင် ဖြစ်​ပေါ်အပ်​သော ​စေတနာတည်း​ဟူ​သော ကြိုး​ထူး​၊​ ဤကြိုး​သုံး​ပါး​ဖြင့်​ ကမ္ဘာဆုံး​တိုင် မြဲခိုင် တည်တံ့​အောင် ရစ်ပတ်ဖွဲ့​စည်း​အပ်​သော ပြည်​ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့​အပိုင်ရ​လေပြီ။

၅။ ငါတို့​နိုင်ငံ​တော်ကြီး​သည် မည်သူတဦး​တ​ယောက် တဖွဲ့​တသင်း​၏ အ​မွေအနှစ် မဟုတ်။ မည်သူ တဦး​ တ​ယောက် တဖွဲ့​တသင်း​၏ ပုဂ္ဂလိက အပိုင်ပစ္စည်း​ မဟုတ်။ မည်သူ တဦး​တ​ယောက် တဖွဲ့​တသင်း​က ချုပ်ကိုင် အနိုင်သိမ်း​ယူ အကျိုး​ခံစား​အပ်​သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊​ ယခုမျက်​မှောက်တွင်၎င်း၊​ ​နောင်လာ လတ္တံ့​သောအနာဂတ်ကာလ၌၎င်း ငါတို့​ပြည်​ထောင်စုကြီး​အတွင်း​၌ မှီတင်း​နေထိုင်ကြ​သော ကြီး​ငယ်​ဝေး​နီး​ ကျား​-မ မခြား​ သစ္စာ​တော်ခံ နိုင်ငံသား​ဟူသ​ရွေ့​ ဒို့​၏အ​မွေအနှစ် အပိုင်ပစ္စည်း​ အကျိုး​ခံစား​ရာ ဖြစ်သည်ဟူ​သော လူ့​ ဘာသာ၊​ လူ့​တရား​နှင့်​အညီ ကမ္ဘာဦး​ကာလ လူတို့​၏စည်း​ရုံး​မှု၌ လူအ​ပေါင်း​တို့​၏ သ​ဘောဆန္ဒအရ လူအဝှမ်း​၏ အကျိုး​ကို ​ကောင်း​စွာ​ဆောင်ရွက်နိုင်အံ့​သော ပုဂ္ဂိုလ်ကို ​ရွေး​ကောက်၍ သမ္မတ တင်​မြှောက်ကြ​သော မ​ဖောက် မပြန် မစွန်း​မငြိ ပကတိ သန့်​ရှင်း​ဖြူစင်​သော မူလလူ့​ဝါဒနှင့်​လျော်စွာ စည်း​ကမ်း​ဥပ​ဒေ ​သေချာထင်ရှား​စွာ ပိုင်း​ခြား​ သတ်မှတ် တူညီ​သောတရား​၊​ တူညီ​သောအခွင့်​အ​ရေး​၊​ တူညီ​သောအဆင့်​အတန်း​အား​ဖြင့်​ ကမ္ဘာအရှည် တည်စိမ့်​ ​သောငှာ လူအ​ပေါင်း​တို့​၏ ဆန္ဒသာလျှင် အဓိကဖြစ်​သော၊​ သမ္မတမြန်မာနိုင်ငံ​တော် တည်း​ဟူ​သော မြတ်​သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့​အပိုင်ရပြီ။

၆။ သိကြကုန်​လော့​။ ယ​နေ့​ မင်္ဂလာအ​ပေါင်း​နှင့်​ ပြည့်​စုံ​သော ဤအချိန်မှစ၍ ငါတို့​၏မူလအပိုင်ဖြစ်​သော လုံး​ဝ လွတ်လပ်​ရေး​ကို ငါတို့​ပြန်၍ ယူပြီ။ တိုင်း​ရင်း​သား​အ​ပေါင်း​တို့​ ​သွေး​စည်း​ညီညွတ်လျက် အခွင့်​အ​ရေး​၊​ အဆင့်​အတန်း​ တူညီသည့်​ ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ကြီး​ကို တည်​ထောင်ပြီ။

ငါတို့​လွတ်လပ်​ရေး​နှင့်​ ငါတို့​နိုင်ငံ​တော်ကြီး​၏ သစ္စာကို ကမ္ဘာဆုံး​တိုင် မယိမ်း​မယိုင်တည်မည်။ ငါတို့​သည် လွတ်လပ်​သောနိုင်ငံ ဖြစ်သည် နှင့်​အညီ ကမ္ဘာ့​လွတ်လပ်​သော နိုင်ငံအ​ပေါင်း​တို့​ တရား​သဖြင့်​ ကျင့်​ဆောင်အပ်​သော ကျင့်​ဝတ်ကို ​စောင့်​ရှောက် ကျင့်​ဆောင်မည်။ ငါတို့​၏ လွတ်လပ်​ရေး​ကို ငါတို့​ ချစ်မြတ်နိုး​သည်နှင့်​အညီ တပါး​သူတို့​၏ လွတ်လပ်​ရေး​ကိုလည်း​ ငါတို့​ ​လေး​စား​ ​စောင့်​စည်း​မည်။ ငါတို့​သည် ငြိမ်း​ချမ်း​ရေး​ကို အလိုရှိသည်နှင့်​အညီ ငါတို့​ကဲ့​သို့​ လိုလား​သူများ​နှင့်​ လက်တွဲ၍ ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ကို ကာကွယ်​စောင့်​ရှောက်မည်။

ဤ ငါတို့​ ​ကျေညာချက်ကို တကမ္ဘာလုံး​ တ​ယောက်မကျန် ကြား​သိ​စေသတည်း​။

----------------------------------------------------

လွတ်လပ်​သော မြန်မာနိုင်ငံ၏ ပန်း​တိုင်များ​

(၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်​နေ့​တွင် ယာယီသမ္မတ ​စော​ရွှေသိုက်က တိုင်း​ပြုပြည်ပြု လွှတ်​တော်ပါလီမန်၌ ​ကျေညာသည်။)

ပါလီမန်အမတ်များ​

ယ​နေ့​နံနက်မှစ၍ မြန်မာနိုင်ငံ​တော်သည် အချုပ်အချာ အာဏာပိုင် ပြည်​ထောင်စုသမ္မတနိုင်ငံ​တော် ဖြစ်​လေပြီ။

ဤတိုင်း​ပြုပြည်ပြု လွှတ်​တော်သည်လည်း​ ပြည်​ထောင်စုပါလီမန် ဖြစ်လာ​လေပြီ။

ဤ ပါလီမန်၏ သ​ဘောတူညီချက်အရ ဝန်ကြီး​ချုပ်နှင့်​တကွ အခြား​ဝန်ကြီး​များ​ကိုလည်း​ ကျွန်ုပ်က ရာထူး​အပ်နှင်း​ပြီး​ဖြစ်၍ မြန်မာ ပြည်​ထောင်စုအစိုး​ရ ဖြစ်လာ​လေပြီ။ ကျွန်ုပ်၏ အစိုး​ရဝါဒကို အနည်း​ငယ် ​ပြောပြလိုပါသည်။

အမြဲထာဝစဉ် ​ရှေ့​ရှုသုံး​သပ်လျက်ရှိ​သော ကျွန်ုပ်တို့​၏ မူလရည်ရွယ်ချက်သည်ကား​ မြန်မာ ပြည်​ထောင်စုတွင် အရင်း​ရှင်ဝါဒကို ပိတ်ပင်ပယ်ဖျက်၍ နိုင်ငံ၏ လုပ်ငန်း​ဆောင်တာ အဝဝကို တိုင်း​သူပြည်သား​ များ​သာ ပိုင်ဆိုင်ခွင့်​ရှိ​သော ဆိုရှယ်လစ်နိုင်ငံ​တော် တည်​ဆောက်ရန် ဖြစ်​ပေသည်။ ထိုဝါဒတွင် ပိုင်ရှင်ရှိ​သော ပစ္စည်း​များ​ကို အတင်း​အဓမ္မ လုယက်ယူ​သော ရည်ရွယ်ချက် လုံး​ဝမပါပဲ တိုင်း​ပြည်အတွင်း​ ရှိရှိသမျှ ပြည်သူ ပြည်သား​ အလုံး​စုံတို့​ကို ​ကျောသား​ရင်သား​ မခွဲခြား​ဘဲ ပြည့်​ဝချမ်း​သာ​စေလို​သော ဝါဒသာလျှင် ဖြစ်​လေသည်။ လူအတန်း​အစား​ မခွဲခြား​ဘဲ အား​လုံး​ပြည်သူ လူအများ​တို့​ ကြွယ်ဝချမ်း​သာမှသာလျှင် နိုင်ငံ​ကောင်း​ နိုင်ငံမြတ်ဟု ဆိုထိုက်​ပေသည်။

မြန်မာပြည်တဝှမ်း​လုံး​ ချမ်း​သာကြ​စေရန် အကျိုး​နှင့်​ စစ်​ကြောင့်​ပျက်စီး​နေ​သော စက်မှုလက်မှု လုပ်ငန်း​ဆောင်တာ ပစ္စည်း​ပစ္စယ အဝဝတို့​ကို ပြန်လည်ထူ​ထောင်ရာတွင် စမ်း​တဝါး​ဝါး​ အ​ယောင်​ယောင် အမှား​မှား​ မပြုလုပ်ဘဲ စီမံကိန်း​များ​နှင့်​သာ ပြုလုပ်ရန် ကျွန်ုပ်၏အစိုး​ရက ထိုစီမံကိန်း​များ​ကို ​သေချာကျနစွာ ​ရေး​ဆွဲထား​ပြီး​ ဖြစ်​လေသည်။ ထိုစီမံကိန်း​များ​အတိုင်း​ လိုက်နာ၍ ပြန်လည်ထူ​ထောင်​ရေး​နှင့်​ နိုင်ငံ သာယာဝ​ပြော စည်ပင်​ရေး​တို့​ကို လျင်မြန်စွာ ထ​မြောက်​အောင်မြင်​စေရန် ကျွန်ုပ်၏အစိုး​ရက ကြိုး​စား​ ​ဆောင်ရွက်လိမ့်​မည်။

မြန်မာ ပြည်သူပြည်သား​တို့​သည် မိမိတို့​၏နိုင်ငံ​တော်ကို မိမိတို့​အင်အား​ဖြင့်​ ပြင်ပရန်သူတို့​၏ ​ဘေး​ အန္တရာယ်မှ ကာကွယ်နိုင်ရန် ​ခေတ်မှီ​သော ​သေနင်္ဂဗျူဟာကို ကျွမ်း​ကျင်တတ်​မြောက်​သော တိုင်း​ရင်း​သား​ ကုန်း​တပ်၊​ ​ရေတပ်၊​ ​လေတပ်များ​တို့​ကို လျင်မြန်စွာ တည်​ထောင်၍ ထိုတပ်​ပေါင်း​အလုံး​စုံတို့​သည် ပြည်သူ ပြည်သား​များ​၏တပ်များ​ ဖြစ်ကြရန်ကို အကျွန်ုပ်၏အစိုး​ရက ရည်ရွယ်သည်။ အမြဲတမ်း​တပ်များ​အပြင် အရွယ် ​ရောက်၍ ကျန်း​မာသန်စွမ်း​ကာ အခြား​အလုပ်ကို လုပ်ကိုင်လျက်ရှိ​သော ပြည်သူပြည်သား​တို့​ ပါဝင်နိုင်သည့်​ အရံတပ်များ​ကို ဖွဲ့​စည်း​ရန်လည်း​ ကျွန်ုပ်၏အစိုး​ရက ရည်ရွယ်သည်။

နိုင်ငံခြား​ကိစ္စနှင့်​ စပ်လျဉ်း​၍ ကျွန်ုပ်၏အစိုး​ရ ရည်ရွယ်ချက်မှာ အခြား​နိုင်ငံများ​နှင့်​ သင့်​မြတ်စွာ ​ပေါင်း​သင်း​ဆက်ဆံ၍ ​လျောက်ပတ်ထိုက်တန်​သော နိုင်ငံများ​နှင့်​ နှစ်ဦး​သ​ဘောတူ မဟာမိတ်များ​ ဖွဲ့​စည်း​ရန် ရည်ရွယ်သည်။ အခြား​နိုင်ငံများ​နှင့်​ သင့်​မြတ်စွာ ​ပေါင်း​သင်း​လို​သော်လည်း​ မြန်မာနိုင်ငံ​တော်ကြီး​၏ နယ်နိမိတ်ကို မည်သည့်​အခြား​နိုင်ငံကမျှ မကျူး​လွန်နိုင်ရန် ကျွန်ုပ်၏အစိုး​ရက လုံး​ဝ ကာကွယ်လိမ့်​မည်။ တနိုင်ငံနှင့်​ တနိုင်ငံ မိတ်ဆက်ရာ၌ လွယ်ကူ​စေ​သော သံတမန်ချင်း​ လဲလှယ်သည့်​ ကမ္ဘာ့​နိုင်ငံများ​၏ ထုံး​တမ်း​စဉ်လာ ဓ​လေ့​ကို လိုက်နာ၍ ယခုပင်လျှင် အချို့​နိုင်ငံကြီး​များ​နှင့်​ စီစဉ်ပြီး​ ဖြစ်​လေပြီ။

ယခု ကျွန်ုပ်တို့​၏ လွတ်လပ်​ရေး​ ​အောင်ပွဲကြီး​ သို့​ ကျွန်ုပ်တို့​နှင့်​ အဆက်အသွယ် ရှိပြီး​ဖြစ်​သော နိုင်ငံတို့​က အထူး​သံတမန်များ​ လွှတ်ကြသည်ကို ကျွန်ုပ် ​ကျေး​ဇူး​ တင်ပါ၏။ ယင်း​သို့​ သံအရာရှိကြီး​များ​ လာ​ရောက်ကြသည်ကို ​ထောက်ရှု​သော် အခြား​နိုင်ငံများ​က လွတ်လပ်​သော မြန်မာနိုင်ငံ​တော် အ​ပေါ်တွင် ​မေတ္တာထား​ကြသည်ဟူ၍ ကျွန်ုပ်ယူဆသည်။ ကမ္ဘာတဝှမ်း​လုံး​တွင် စစ်မဖြစ်ပွား​ဘဲ တိုင်း​ပြည်တကာတို့​ ဧဧချမ်း​ချမ်း​ ရှိကြဘို့​အ​ရေး​ကို ကျွန်ုပ်၏အစိုး​ရက လိုလား​သည်နှင့်​အညီ ကမ္ဘာ့​ကုလသမဂ္ဂကို ဝင်ခွင့်​ရရန် ကျွန်ုပ်၏အစိုး​ရက ​ဆောင်ရွက်လိမ့်​မည်။

ပြည်​ထောင်စုနိုင်ငံတွင်း​တွင်လည်း​ ငြိမ်ဝပ်ပိပြား​၍ လက်နက်ကိုင် ရာဇဝတ်မှုများ​ ပ​ပျောက်​လေ ​အောင် ကျွန်ုပ်၏အစိုး​ရက ​ဆောင်ရွက်လျက်ရှိသည်။ ဤသို့​ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့​အစိုး​ရသည် လုံ့​လကို မ​လျှော့​ဘဲ ပြည်သူပြည်သား​တို့​၏ အကူအညီကို ​တောင်း​ခံကာ လုံ​လောက်​သောအာဏာကို သုံး​စွဲလိမ့်​မည်။

​တောင်သူလယ်သမား​တို့​၏ အခွင့်​အ​ရေး​များ​ကိုလည်း​ တိုး​တက်​စေလျက် ​မြေပိုင်ရှင်စနစ်ကို ဖြို ဖျက်ပစ်ရန် ကျွန်ုပ်၏အစိုး​ရက ရည်သန်သည်။ အလုပ်သမား​တို့​၏ အခွင့်​အ​ရေး​များ​ကိုလည်း​ တိုး​တက်​စေလျက် အရင်း​ရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏အစိုး​ရက ရည်သန်သည်။

ပြည်​ထောင်စု မြန်မာနိုင်ငံသည် ယ​နေ့​ လွတ်လပ်​သောနိုင်ငံ ဖြစ်သည်နှင့်​အညီ တဦး​ကိုတဦး​ ​ကြောက်ရွံ့​ရခြင်း​၊​ တဦး​ကိုတဦး​က နှိပ်စက်ခြင်း​မှစ၍ မ​ကောင်း​သောအ​လေ့​ဆိုး​များ​ကို လုံး​ဝဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုး​ရက ရည်ရွယ်သည်။ ရာဇဝင်တွင် ​ရှေး​ရှေး​အခါမှစ၍ ​ရှေး​မင်း​များ​၏ အာဏာစက်​ကြောင့်​ ဒွန်း​စဏ္ဍား​၊​ သူ​တောင်း​စား​၊​ ဘုရား​ကျွန်၊​ ​ကျောင်း​ကျွန်၊​ သင်ချိ စသည့်​ လူတန်း​အနှိမ့်​ခံ ​နေရသူတို့​လည်း​ ရှိ​နေ​သေး​သည်။ ဤကဲ့​သို့​ လူတန်း​အနှိမ့်​ခံ ဒွန်း​စဏ္ဍား​၊​ သူ​တောင်း​စား​၊​ ဘုရား​ကျွန်၊​ ​ကျောင်း​ကျွန်၊​ သင်ချိ စသည်တို့​ကို ယ​နေ့​မှစ၍ ​ရှေး​အမင်း​မင်း​တို့​၏ အာဏာစက်ကို ကျွန်ုပ် ပယ်ဖျက်၍ ထိုသူတို့​၏သ​ဘောအတိုင်း​ လုပ်လို​သော အလုပ်မျိုး​စုံကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြ​စေဟု ကျွန်ုပ် အမိန့်​ချမှတ်သည်။

ဤ ပြည်​ထောင်စုမြန်မာနိုင်ငံ​တော်တွင် ရှိရှိသမျှ ​သော နိုင်ငံသား​များ​သည် ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေတွင် ပါရှိသည့်​အတိုင်း​ တဦး​နှင့်​တဦး​ အခွင့်​အ​ရေး​ချင်း​ တူညီကြ​စေ။

-------------------------------------

ပြန်လည် ရှာ​ဖွေ ​ဖော်ပြသူ - လွင်​အောင်စိုး​

၂၀၀၈ ဇန်နဝါရီ (၃)ရက်



0 comments:

Post a Comment