အစည်းအရုံးကြီး၏ အမည်ကိုယ်၌က အသင်းဝင်များ၏ အမျိုးသားရေး စိတ်ဓာတ်အယူအဆနှင့် ရည်ရွယ်ချက်တို့သည် ပြိုကွဲခဲ့သောရှေးရိုး အမျိုးသားရေး အဖွဲ့အစည်းတို့နှင့် ကွဲပြားခြားနားကြောင်း၊ ကိုယ်ပိုင်သီးခြား နိုင်ငံရေးသတ်မှတ်ချက် ထူထောင်ကြောင်း ထင်ရှားပေသည်။
အမည်တွင် တို့ဗမာ နှင့် အစည်းအရုံး ဟူ၍ နှစ်ပိုင်းပါဝင်ပြီး အခေါ်အဝေါ် နှစ်မျိုးစလုံးသည် အသစ်တီထွင်ထားခြင်း ဖြစ်သည်။
တို့ဗမာဟူသော ဝေါဟာရတွင် "တို့" နှင့် "ဗမာ" ပါဝင်၏။
"တို့" ဟူသည် "ငါတို့" ဟု တိုက်ရိုက်အဓိပ္ပာယ်ရသည်။ စုစည်းမှု၊ စုရုံးမှုသဘောဆန်သည်။ သခင်ဘသောင်းသည် အမြင်ကျဉ်းမှုသဘောကို ချေဖျက်ပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်စေရန် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
"ဗမာ" ဟူသော ဝေါဟာရသည် မြန်မာတို့၏ ရုံးသုံး၊ကျောင်းသုံး၊စာသုံး၊ပေသုံး ဝေါဟာရ (Formal Term) မဟုတ်ခဲ့ပေ။ တကယ်လည်း "မြန်မာ"ဟူသော ဝေါဟာရကို "မြန်မာအသင်းချုပ်ကြီး" (ဂျီစီဘီအေ) =General Council of Burmese Associations (GCBA) အမည်တွင် အသုံးပြုထားပြီး ဖြစ်ပေသည်။ သခင်ဘသောင်းတို့က "မြန်မာ"ကို အသံပျော့သည်ဟု မကြိုက်။ ထို့ကြောင့် အသံမာသော "ဗမာ" ကို ဝေါဟာရအသစ်အဖြစ် တီထွင်သည်။
တို့ဗမာအစည်းအရုံးဖွဲ့ပြီး မကြာမီ မြန်မာ့အလင်းသတင်းစာ၏ အယ်ဒီတာ ဦးစိန်နှင့် ဝါရင့်အမျိုးသားရေးသမားများက "ဗမာ" ဝေါဟာရအသစ်ကို သုံးခြင်းသည် ရိုးရာမြန်မာဝေါဟာရကို ဖျက်စီးခြင်းဖြစ်သည်ဟုဆိုကာ ရှံု့ချကြသည်။ သူ၏ မြန်မာ့အလင်းသတင်းစာမှ ပြည်သူများအား လွဲမှားသောအမည်ရှိ ထိုအဖွဲ့အစည်း၌ မပါဝင်ကြရန် ဆော်ဩရေးသားခဲ့သည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဖေဦးစီးသော သူရိယသတင်းစာမှလည်း တို့ဗမာအစည်းအရုံးသတင်းများ ဖော်ပြရာတွင် "တို့ဗမာ" အစား "တို့မြန်မာ" ဟု (၁၉၃၀ နှစ်လယ်အထိ) ပြောင်းလဲပုံနှိပ်ခဲသည်။
သို့သော် သခင်လူငယ်များက ၎င်းတို့ တီထွင်သော အမည်သစ်ကို မဖျက်သိမ်းချေ။ သခင်လူငယ်များက အမည်သစ်သည် စိတ်ဓာတ်အင်အားကို တတ်ကြွစေသည်ဟု ယုံကြည်ကြ၏။ "ဗမာ" ဝေါဟာရသည် မြန်မာလူမျိုးသာမက မွန်၊ရခိုင်၊ရှမ်း၊ကရင်၊ကချင်၊ချင်းစသော တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုကြောင်း သတ်မှတ်ကြ၏။
ထို့အပြင် အစည်းအရုံးကြီးကို ထူထောင်သူ သခင်သိန်းမောင်က "မြန်မာ"ဟူသော ဝေါဟာရသည် ရှေးရိုးစဉ်လာ ကျောက်စာ၊ရာဇဝင်များတွင် ရေးသားဖော်ပြသော (လူနည်းစုတိုင်းရင်းသားများအပေါ် အာဏာလုချေမှုန်းသော) လူများစုလူမျိုး ကို ရည်ညွှန်းကြောင်း၊ လူမျိုးရေး ခွဲခြားဖိနှိပ်မှုသဘောဆောင်ကြောင်း၊ ထို့ကြောင့် "ဗမာ"ဟူ၍ အစည်းအရုံးအမည်ကို ရွေးချယ်ကြောင်း ပြောသည်။ သခင်လူငယ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ "တို့ဗမာ" ဟူသည် "တို့အားလုံး ဗမာ" ဟု တိုက်ရိုက် အဓိပ္ပာယ်ဆောင်ပြီး "နိုင်ငံတွင်းနေထိုင်ကြကုန်သော သွေးစည်းသောပြည်သူများ" ဟု သွယ်ဝိုက်အဓိပ္ပာယ်ဆောင်၏။
ထို့အပြင် "အစည်းအရုံး" ဟူသောအမည်သစ်ကို ရှေးအသုံး "အသင်း၊အဖွဲ့"မှ ခွဲထွက်တီထွင်သည်။
"အသင်း၊အဖွဲ့" ဝေါဟာရသည် လူအချို့၊ အုပ်စုတစုကိုသာ ကိုယ်စားပြုသည်။
"အစည်းအရုံး" ဟူသည် စုစည်းမှု၊ စည်းရုံးမှုဟူသော ကျယ်ပြန့်သောသဘောဆောင်သည်ဟု ဆို၏။
ထိုမျှမက "အတွင်းရေးမှုး"၊ "အမှတ်စဉ်" စသော ဝေါဟာရအသစ်များကိုလည်း တီထွင်ခဲ့သည်။
ထို့ကြောင့် တို့ဗမာအစည်းအရုံးအမည်နာမသည် သူတို့၏ ပြည်သူပြည်သား တိုင်းရင်းသားအားလုံး စည်းလုံးညီညာလိုသော သခင်လူငယ်များ၏ စေတနာဆန္ဒကို ထင်ဟပ်ဖော်ပြနေပေသည်။ ရှေးလူကြီးများ၏ ပြိုကွဲခဲ့သော ယခင် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) အမည်နှင့် မတူ၊ စကားလုံးတိုင်း၊ဝေါဟာရတိုင်းကို ဂရုတစိုက် တီတွင်ကာ အစည်းအရုံးအသစ် ထူထောင်ခဲ့ကြ၏။
ဥပမာ။
တို့ (စည်းလုံးမှု) vs ပြိုကွဲမှု
ဗမာ vs မြန်မာ
အစည်းအရုံး vs အသင်း
ထိုကဲ့သို့ ဝေါဟာရအသစ်များ သုံးစွဲပြီး တို့ဗမာအစည်းအရုံးကြီးကို သီးခြားကိုယ်ပိုင် နိုင်ငံရေးလက္ခဏာဖြင့် ထူထောင်ခဲ့သည်။
(ဦး) ဇော်စိုးဝင်း "မြန်မာအမျိုးသားရေးလှုပ်ရှားမှုတွင် တို့ဗမာအစည်းအရုံး နဲ့ သခင်များ ပေါ်ထွန်းလာခြင်းစာတမ်း"မှ ထုတ်နှုတ်ဘာသာပြန်သည်။
0 comments:
Post a Comment