စာရှူသူအနေဖြင့် "ဗမာ"ဟူသော ဝေါဟာရသည် ရှေးကျောက်စာ၊ပေစာ၊ ရာဇဝင်ကျမ်းတို့တွင် မရှိကြောင်း သတိပြုမိပေလိမ့်မည်။ ရှေးကာလက မြန်မာလူမျိုးပိုင်ဆိုင်ရာနယ်မြေကို မြန်မာပြည်၊ မွန်လူမျိုးပိုင်ဆိုင်ရာနယ်မြေကို မွန်ပြည်၊ ရခိုင်တို့နယ်မြေကို ရခိုင်ပြည်၊ ရှမ်းတို့နယ်ကို ရှမ်းပြည်ဟု ခေါ်ဝေါ်ကြောင်း သိရှိထားပါက စဉ်းစားသုံးသပ်ရာ၌ ပိုမိုလွယ်ကူပါမည်။
ဆောင်းပါးရှင်က နိုင်ငံအမည်ကို အဓိကထားသော်လည်း ဤမှတ်ချက်ရှင်က မြန်မာလူမျိုးအမည်နှင့် ပြည်ထောင်စုအမည်ကို အဓိကထားစဉ်းစား၍ အမြင်ကွဲပြားမှုရှိသော်လည်း ဆောင်းပါးရှင်၏ သမိုင်းအချက်အလက်တင်ပြရာ၌ မုသားမပါသည်ကို လေးစားချီးကျူးမိပါကြောင်း
“မြန်မာ” ဝေါဟာရ သမိုင်းကြောင်း (ဆောင်းပါးရှင်-ကျော်ဇောအောင်)
မြန်မာဟူသောအသုံးအနှုန်းကို ပုဂံခေတ် ကျန်စစ်သားမင်း(အေဒီ ၁၀၈၄-၁၁၁၃)လက်ထက် ခရစ်နှစ် ၁၁၀၂ ခုနှစ်တွင် ရေးထိုးခဲ့သော “ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာ” တွင် “မိရ်မာ” ဟူသောဝေါဟာ ရသည် မြန်မာကို ရည်ညွှန်းခြင်းဖြစ်ကာ မည်(မွန်)နှင့် တိရ်စုလ်(ပျူ)ဝေါ ဟာရတို့နှင့်တွဲ၍ ပထမဆုံးအကြိမ် အဖြစ်တွေ့ရခြင်းဖြစ်သည်။
ထို့နောက်အေဒီ ၁၁၉၀ ပြည့်နှစ် တွင် ရေးထိုးထားသည်ု့ အမတ်ကြီးသိင်္ဃသူ ကျောက်စာတွင် “မြန်မာပန်တျာ” ဟူ၍ လည်းကောင်း၊ ခရစ်နှစ် ၁၂၃၅ ခုနှစ်တွင်းရေးထိုးသည့် ရတနာပုံ ကျောက်စာတွင် “မြန်မာပြည်” ဟူ၍လည်းကောင်း၊ ခရစ်နှစ် ၁၂၄၂ ခုနှစ်တွင် ရေးထိုးသည့်ဖွားစောခေါ် မိဖု ရားဖွားစောကျောက် စာတွင် “သမိအိုမြန်မာ” ဟူ၍လည်းကောင်း၊ ခရစ်နှစ် ၁၃၆၃ ခုနှစ်တွင်ရေးထိုးသော သက်တော်ရှည် ဘုရားကျောက်စာတွင် “မြံမာရွာတိ” ဟူ၍လည်း ကောင်းတွေ့ရှိရပါ သည်။
မြန်မာဝေါဟာရ ကို ကျောက်စာတွင် မြံမာ၊ မြံမာပြည်၊ မြဟ္မ၊ မြဟ္မာပြည်၊ မြံမ ပြည်၊ မြံမ္မာပြည်၊ မြမ္မဘာသာစသည်ဖြင့် ပြောင်းလဲရေးထိုးခဲ့ကြောင်း တွေ့ရသည်။
ယနေ့တိုင် သမိုင်းပညာရှင်များ တညီတညွတ်တည်းလက်ခံ၍ ခိုင်လုံသေချာစိတ်ချရသောကျာက် စာအထောက်အထားများအရ မြန်မာဟူသောဝေါဟာရကို ပုဂံခေတ်မှ စတင်တွေ့ရှိ ရပြီး ပုဂံခေတ် နောက်ပိုင်းတွင်လည်း ယင်းသို့ပင် ဆက်လက်သုံးနှုန်းခဲ့ကြသည်ကို အထင်အရှားတွေ့ရ သည်။
ထိုသည်ကို ပုဂံခေတ်နောက်ပိုင်းတွင်လည်း အင်းဝခေတ် ခရစ်နှစ် ၁၄၈၅ ခုနှစ် တွင် ရေးထိုး သည့်စစ်ကိုင်းရတနာစေတီ ကျောက်စာတွင် “ဧရာပန်းရောင်၊ ပေါင်းလောင်း ချင်း တွင်းမြစ်၊ လေးစင်းအခံကညွတ်မျှနေသော ကြည်းတောင်ဖျင်မျှ မြန်မာပြည်” ဟူ၍ လည်းကောင်း၊ ခရစ်နှစ် ၁၅၀၉ ခုနှစ်တွင် ရေးထိုးသည့် ရတနာဗိမာန်ကျောက်စာ၌ “မြောက်တစ်လွှား ကသုပ ရန္တ၊ တောင်ဘက်က တမ္ပဒီပမည်သောတိုင်းနှစ်တိ်ုင်း ကိုကြပ်တိုင်ဖုံးအုပ်၊ အာဏာချုပ်လျက် ပိုက် ထုပ်ရိုက် ရာသာသနလတည် မြံမာပြည်” ဟူ၍ လည်းကောင်း တွေ့ရှိရ သည်။
မြန်မာ စာပေ ရွှေခေတ်ဟု တင်စားခေါ်ဝေါ်ခဲ့သည့် အင်းဝခေတ်တွင် ကျောက်စာများ၌သာမ က ပျို့စာများ တွင်လည်းတွေ့ရှိနိုင်ပေသည်။
ထိုသည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာဟူသောဝေါဟာရ သည် ရေးနည်းသာကွဲသွားမည်။ ဆိုလိုရင်းအဓိပ္ပာယ်သည် အတူတူပင်ဖြစ်သည်ကို သုံးသပ်ရပေသည် ။ မြန်မာဟူသောဝေါဟာရကို ဆက်လက်သုံးစွဲခဲ့ သည်က်ို နှောင်းပိုင်းခေတ် များတွင် လည်း တွေ့နိုင်ပေသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးရာဇဝင်ကျမ်းဖြစ်သည့် အင်းဝခေတ် ရွှေနန်းကျော့ရှင် နရပတိ (၁၅၀၁-၁၅၂၇) လက်ထက် ရှင်မဟာသီလဝံသရေးသားပြုစုသည့် ရာဇဝင်ကျော်တွင် “မြန်မာ မင်းဆက်” အကြောင်းဟု ခေါင်းစဉ်တပ်ထားပြီး စာကိုယ်တွင်လည်း ‘ငါတို့မြန်မာပြည်’ ဟု သုံးနှံုးထား သည်။
ရာဇဝင်ကျော်ပေါ်ထွက်လာပြီး နောက်ပိုင်း ဦးကုလား မဟာရာဇဝင်ကြီး၊ တွင်းသင်း မြန်မာ ရာဇဝင်သစ်၊ ဇတာတော်ပုံရာဇဝင်၊ စေတီယကထာမည်သော ရာဇဝင်ချုပ်၊ မှန်နန်းရာ ဇဝင်တော်ကြီးနှင့် ကုန်းဘောင်မင်းဆက်မဟာရာဇဝင် တို့တွင်လည်း ‘မြန်မာ’ အသုံးအနှံုး များဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
မှတ်ချက် ။ ။
ဆောင်းပါးရှင်သည် ရှေးဟောင်းစာပေတို့တွင် တွေ့ရှိရသော မြန်မာဝေါဟာရကို ဖော်ပြထားပါသည်။ ထိုအထောက်အထားတို့တွင် မြန်မာဝေါဟာရကို လူမျိုးအမည်၊ နိုင်ငံအမည် နှစ်မျိုးစလုံး၌ သုံးစွဲကြကြောင်း ဖြည့်စွက် အသိပေးအပ်ပါသည်။ "ဗမာ" လူမျိုးဟူ၍ ရေးသားချက် မရှိပါ။
ရှေးရာဇဝင်သမိုင်း၊စာပေမှ မြန်မာလူမျိုး၊ မြန်မာပြည် အသုံးအနှုန်းများကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ စုစည်းပေးထားပါသည်။
မြစေတီ ကျောက်စာ
လူမျိုးတစ်ရာ့တပါးစာရင်း
ဦးကုလား မဟာရာဇဝင်
တွင်းသင်းမြန်မာရာဇဝင်သစ်
မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း -အမျိုးသားပညာဝန် ဦးဖိုးကျား
ရခိုင်ရာဇဝင်သစ်ကျမ်း
လွတ်လပ်ရေး ကြေညာစာတမ်း
မြန်မာ့စွယ်စုံကျမ်း
ဒေါက်တာနိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
ကုန်းဘောင်ရှာပုံတော်
ဒေါက်တာသန်းထွန်း-အမိန့်တော်ပြန်တမ်းများ၊ဒုတိယတွဲ
အလောင်းမင်းတရားကြီး၏ အမိန့်တော်များ - ဒေါက်တာသန်းထွန်း
မြန်မာအစ (ဦးဖိုးလတ်)
တို့သွေးချင်းပီပီ - မြတ်အဖွဲ့ (မြန်မာ့အသံ) ( ဆက်လက်ဖော်ပြမည်)
ညောင်ရမ်းခေတ်နှောင်းပိုင်း ၁၉ ဇူလိုင်လ ၁၇၅၁ ခုနှစ်တွင် မြန်မာသံအဖွဲ့သည် တရုတ်နိုင် ငံ ပေကျင်း (Beijing) သို့ဆိုက်ရောက်လာသည်။ သံတော်တို့သည် ယခင် မင်မင်းဆက်(၁၃၆၈- ၁၆၄၄) ကာလတွင် မြန်မာသံအဖွဲ့နေ ထိုင်ခဲ့ဖူးသောနေရာတွင် နေရာချထားပေးသည်။ ထိုသံတဲအတွင်းတွင် ရှေးယခင်က မြန်မာတို့ ရေးထားခဲ့ဖူးသော စာရှိကြောင်း၊ ယင်းတို့အတိုင်း တူအောင်ရေးရမည်ဟု ဥတည်ဘွားက အမိန့်တော်ရှိ၍ သံတဲအတွင်း တုပရေးရသည်။
ထိုစဉ်အခါ တရုတ်နေပြည်တော် သို့ရောက်လာသော မြန်မာသံအဖွဲ့ဝင်များအား တူအောင်ရေးခိုင်းသော မြန်မာဝေါဟာရများမှာ တရုတ်မင် မင်းဆက်ကာလက တည်ရှိခဲ့ဖူးသော ‘မြန်မာဘာသာသိပ္ပံကျောင်း’(Mien-tien-Kuan/The Institute of Myanmar Language) မှ ကျန်ရစ်ခဲ့သော “မြန်မာဝေါဟာရပေါင်းချုပ်”မှ ဝေါဟာရ ဖြစ်ကြောင်း ထင်ရှားလေသည်။ မင်မင်းဆက်(Ming Dynasty) ကာလက ရေးသားခဲ့သော Mien –tien ဝေါဟာရကို ကြည့်ပါက ယခုခေတ်မြန်မာကို ခေါ်ဝေါ်နေသော Mian-dian နှင့် ထပ်တူနီးပါး တူညီလျက် ရှိကာ အသံ ထွက်မှာ “မြိန်တြိန်”ဟူ၍ရသည်။
မြန်မာနိုင်ငံသို့ အနောက်ဥရောပနိုင်ငံသားများ စတင်ရောက်ရှိလာပြီးနောက် ယင်းတို့က ခရီး သွားမှတ်တမ်းများရေးရာတွင် မြန်မာနိုင်ငံကို (Burmah)၊ မြန်မာလူမျိုးကို (Burman) ဟု သုံးနှံုး ခဲ့ကြသည်။ သို့သော် ယင်းတို့ရေးသားသည့် မှတ်တမ်းများမှာ အင်္ဂလိပ်ဘာသာဖြစ်၍ ‘မြန်မာ၊ ဗမာ’ အငြင်းပွားဖွယ်ရာ မရှိပေ။ဗြဟ္မာကို အိန္ဒိယတိုင်းရင်းသားတို့က “ဗရ်ဟ်မာ”ဟုဖတ်ပြီး အင်္ဂလိပ်တို့က “ဗာရ်မာ”ဟုဖတ်သည်။ ယင်း ဗာရ်ဟ်မာဟူသော အင်္ဂလိပ်အရေးမှ တစ််ဆင့်ဗမာဟူ၍ လည်း ခေါ်ဝေါ်သည်ကိုတွေ့ ရပြန် သည်။
မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာပြုများလည်း ရောက်ရှိလာရာ သာသနာပြုရာတွင် ဘာသာ စကား အခက်အခဲရှိလာခဲ့သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် ‘အင်္ဂလိပ်-မြန်မာ အဘိဓာန်’ ‘မြန်မာ-အင်္ဂလိပ် အဘိဓာန်’များပြုစုခဲ့ကြသည်။ ထိုသို့ပြုစုရာတွင် အသံထွက်တတ်ရန် အင်္ဂလိပ် စာလုံးများကိုလည်း မြန်မာအသံထွက် ထည့်သွင်းရသကဲ့သို့ မြန်မာစကားလုံးကိုလည်း ‘အင်္ဂလိပ်’ အသံထွက်များ ဖလှယ်ကာထည့်သွင်းပြုစုရသည်။
အေဒီ ၁၇၇၆ ခုနှစ်တွင် အီတလီနိုင် ငံ ရောမမြို့တွင် ပုံနှိပ်ထုတ်ဝေသော ကာပန်(Carpan) ၏ (Alphabetum Barmanorum) စာအုပ်တွင်ဘားမား (Burma) မြန်မာဟု အသံထွက်အမှန်ဖော်ပြရမည့်အစား ဘားမား ဟုဖော်ပြ ခဲ့သည်။ ထိုနည်းတူ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ် ယုဒသန်(Jadson)သည် အေဒီ ၁၈၃၁ ခုနှစ် တွင် မြန်မာနိ်ုင်ငံသို့ ရောက်ရှိလာပြီး မြန်မာစာပေ၊ မြန်မာစကားကို သင်ယူလေ့လာခဲ့သည်။ ထိုသ်ို့ သင်ယူလေ့လာပြီးနောက် သူသည် “မြန်မာ-အင်္ဂလိပ်အဘိဓာန်”ကို ပြုစုခဲ့သည်။ ထိုအဘိဓာန်ကို ၁၈၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ပုံနှိပ် ထုတ်ဝေခဲ့သည်။ ထိုအဘိဓာန်တွင်
မြန်မာ a Burma မြန်မာလူ
မြန်မာနိုင်ငံအထက်ပိုင်း n-Upper Burma
မြန်မာဘာသာ n-the Burmese Language ဟုအနက်ပြန်ထားသည်။
ထိုသို့နိုင်ငံခြား သားတို့က မြန်မာ-အင်္ဂလိပ်အဘိဓာန်များ ပြုစုခဲ့ကြသကဲ့သို့ မင်းတုန်းမင်း၏ သားတော် တစ် ပါးဖြစ်သော မက္ခရာမင်းသားကြီးသည် အင်္ဂလိပ်ကုန်သည်များထံမှ အင်္ဂလိပ်စာကို သင်ယူလေ့ လာခဲ့ပြီး ၁၈၃၃ ခုနှစ် တွင် “အင်္ဂလိပ်-မြန်မာအဘိဓာန်”ကို စတင်ပြုစုခဲ့ရာ မစ္စတာချာလိန်း (Mr.Charles Lane) က ကူညီတည်းဖြတ်ပေးခဲ့သည်။ ထိုအဘိဓာန်ကို ၁၈၄၂ ခုနှစ်တွင် အိန္ဒိ ယနိ်ုင်ငံ ကလကတ္တားမြို့တွင် စတင် ပုံနှိပ်ထုတ်ဝေခဲ့သည်။
ထိုစာအုပ်၏ အမှာစာကို မက္ခရာမင်း သားကြီးက မြန်မာဘာသာဖြင့်ရေးပြီး မစ္စတာချာလီလိန်း (Mr. Charles Lane) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုသို့ပြန်ဆိုရာတွင် မက္ခရာမင်းသားကြီးက “မြန်မာလူမျိုး”ဟု ရေးသည်ကို မစ္စတာချာလိန်း (Mr. Charles Lane) က Burmese People ဟုလည်းကောင်း၊ “မြန်မာဘာသာ” ကို Burmese Language ဟုလည်းကောင်း ပြန်ဆိုထားသည်။
မှတ်ချက်။ ။
မြန်မာသည် လူမျိုးလော? နိုင်ငံလောဟူ၍ သုံးသပ်နေခြင်းဖြစ်၍ နိုင်ငံခြားသားတို့၏ အခေါ်အဝေါ် သုံးသပ်မည်မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံခြားသားတို့မှ ခေါ်ဝေါ်သော မြိန်တြိန်၊ ဗာရ်ဟ်မာ၊ ဘားမား စသောအသံထွက်များကို မှတ်ချက်ပေးရန် မရှိပါ။
ပထမ-အင်္ဂလိပ် မြန်မာ အဘိဓာန်ပြုစုသူ မင်းသားကြီးကိုယ်တော်တိုင် အင်္ဂလိပ်-မြန်မာ ၂ ဘာသာ၌ ကျွမ်းကျင်သူဖြစ်ပါသည်။ အကျယ်သိလိုလျှင် ပထမ အင်္ဂလိပ်-မြန်မာအဘိဓာန်ပြုစုသူ မက္ခရာမင်းသားကြီး (မင်းယုဝေ) တွင်ဖတ်ပါ။
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးတွင် မြန်မာတို့သည် အင်္ဂလိပ်ကိုလိုနီဘဝ ကျရောက်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မြန်မာတို့အမျိုးသားစိတ်ဓာတ်များ နိုးကြားလာပြီး ၁၉၀၆ ခုနှစ် တွင် ဝိုင်အမ်ဘီအေ(ခေါ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Young Men Buddhist Association/ YMBA) တည်ထောင်ပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆောင်ရွက်ခဲ့ကြသည်။ ထိုအသင်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပြည်မြို့တွင် အဌမ အကြိမ်မြောက် ကွန်ဖရင့်ကျင်းပပြီး ဝိုင်အမ်ဘီအေဟူသော အမည်အစား ဂျီစီဘီအေ (General Council of Burmese Association/ GCBA) မြန်မာအသင်းချုပ်ကြီးဟု အမည်ပြောင်းလဲ ခဲ့သည်။
၁၉၃၈ ခုနှစ်တွင် သခင်ဘသောင်းဦးစီးသည့် တို့ဗမာအစည်း အရုံး ပေါ်ပြီးသည့်နောက် ပိ်ုင်း မှစပြီး “ဗမာပြည်/ ဗမာ” စသည့် အသုံးအနှုန်းများ တွင်ကျယ်လာခဲ့ပြန်သည်။ ၁ အောက်တိုဘာ ၁၉၃၉ ခုနှစ်တွင် ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းသည်။ ၂၇ ဒီဇင်ဘာ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ် လပ်ရေးတပ်မတော် ဖွဲ့စည်းသည်။ ဂျပန်ခေတ် (၁၉၄၂-၄၅) ခုနှစ်တွင် “ဗမာနိုင်ငံတော်၊ ဗမာအမျိုး သား” အသုံးအနှုန်းများ တွင်ကျယ်ခဲ့သည်။
ဂျပန်ခေတ်တွင် ဗမာနိုင်ငံတော်အုပ်ချုပ်ရေး၊ စည်းမျဉ်း များ ဥပဒေရေးဆွဲသည်၊၊
ဖြည့်စွက်ချက်။ ။
မြန်မာဟူသော အမည်ကိုသာ စာလုံးပေါင်းသတ်ပုံ အမျိုးမျိုးဖြင့် လွန်ခဲ့သော နှစ် ပေါင်း ၉ဝဝခန့်က အစပြု၍ ကျောက်စာမင်စာတို့တွင် တွေ့လာခဲ့ရကြောင်း သိရှိရသည်။ ဗမာဟူ၍ မရှိ။ ရှင်းရှင်းဆိုရလျှင် ဗမာ သည် သခင်ဘသောင်း ဦးစီးတည်ထောင်ခဲ့သော တို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃နှင့် ၂၁၅တို့တွင် တို့ဗမာဟု အဘယ့်ကြောင့် သုံးနှုန်းရပုံ၊ ဗမာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းချက်နှင့် ဗမာပြည််ဟူသော အခေါ်အဝေါ်အပေါ် တို့ဗမာ အစည်းအရုံးဝင် သခင်အများစု၏ သဘောထား စေတနာကို ဖော်ပြထားသည်။
တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအမှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။
မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။
ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြံု၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။
အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ဝါဒအစ၊ စာ ၁၃၃) (ပုံ-၁))
ဗမာ ဆိုသည်မှာ (တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်မှ)
အစည်းအရုံးကြီး၏ အမည်ကိုယ်၌က အသင်းဝင်များ၏ အမျိုးသားရေး စိတ်ဓာတ်အယူအဆနှင့် ရည်ရွယ်ချက်တို့သည် ပြိုကွဲခဲ့သောရှေးရိုး အမျိုးသားရေး အဖွဲ့အစည်းတို့နှင့် ကွဲပြားခြားနားကြောင်း၊ ကိုယ်ပိုင်သီးခြား နိုင်ငံရေးသတ်မှတ်ချက် ထူထောင်ကြောင်း ထင်ရှားပေသည်။
အမည်တွင် တို့ဗမာ နှင့် အစည်းအရုံး ဟူ၍ နှစ်ပိုင်းပါဝင်ပြီး အခေါ်အဝေါ် နှစ်မျိုးစလုံးသည် အသစ်တီထွင်ထားခြင်း ဖြစ်သည်။
တို့ဗမာဟူသော ဝေါဟာရတွင် "တို့" နှင့် "ဗမာ" ပါဝင်၏။
"တို့" ဟူသည် "ငါတို့" ဟု တိုက်ရိုက်အဓိပ္ပာယ်ရသည်။ စုစည်းမှု၊ စုရုံးမှုသဘောဆန်သည်။ သခင်ဘသောင်းသည် အမြင်ကျဉ်းမှုသဘောကို ချေဖျက်ပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်စေရန် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
"ဗမာ" ဟူသော ဝေါဟာရသည် မြန်မာတို့၏ ရုံးသုံး၊ကျောင်းသုံး၊စာသုံး၊ပေသုံး ဝေါဟာရ (Formal Term) မဟုတ်ခဲ့ပေ။ တကယ်လည်း "မြန်မာ"ဟူသော ဝေါဟာရကို "မြန်မာအသင်းချုပ်ကြီး" (ဂျီစီဘီအေ) =General Council of Burmese Associations (GCBA) အမည်တွင် အသုံးပြုထားပြီး ဖြစ်ပေသည်။ သခင်ဘသောင်းတို့က "မြန်မာ"ကို အသံပျော့သည်ဟု မကြိုက်။ ထို့ကြောင့် အသံမာသော "ဗမာ" ကို ဝေါဟာရအသစ်အဖြစ် တီထွင်သည်။
တို့ဗမာအစည်းအရုံးဖွဲ့ပြီး မကြာမီ မြန်မာ့အလင်းသတင်းစာ၏ အယ်ဒီတာ ဦးစိန်နှင့် ဝါရင့်အမျိုးသားရေးသမားများက "ဗမာ" ဝေါဟာရအသစ်ကို သုံးခြင်းသည် ရိုးရာမြန်မာဝေါဟာရကို ဖျက်စီးခြင်းဖြစ်သည်ဟုဆိုကာ ရှံု့ချကြသည်။ သူ၏ မြန်မာ့အလင်းသတင်းစာမှ ပြည်သူများအား လွဲမှားသောအမည်ရှိ ထိုအဖွဲ့အစည်း၌ မပါဝင်ကြရန် ဆော်ဩရေးသားခဲ့သည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဖေဦးစီးသော သူရိယသတင်းစာမှလည်း တို့ဗမာအစည်းအရုံးသတင်းများ ဖော်ပြရာတွင် "တို့ဗမာ" အစား "တို့မြန်မာ" ဟု (၁၉၃၀ နှစ်လယ်အထိ) ပြောင်းလဲပုံနှိပ်ခဲသည်။
သို့သော် သခင်လူငယ်များက ၎င်းတို့ တီထွင်သော အမည်သစ်ကို မဖျက်သိမ်းချေ။ သခင်လူငယ်များက အမည်သစ်သည် စိတ်ဓာတ်အင်အားကို တတ်ကြွစေသည်ဟု ယုံကြည်ကြ၏။ "ဗမာ" ဝေါဟာရသည် မြန်မာလူမျိုးသာမက မွန်၊ရခိုင်၊ရှမ်း၊ကရင်၊ကချင်၊ချင်းစသော တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုကြောင်း သတ်မှတ်ကြ၏။
ထို့အပြင် အစည်းအရုံးကြီးကို ထူထောင်သူ သခင်သိန်းမောင်က "မြန်မာ"ဟူသော ဝေါဟာရသည် ရှေးရိုးစဉ်လာ ကျောက်စာ၊ရာဇဝင်များတွင် ရေးသားဖော်ပြသော (လူနည်းစုတိုင်းရင်းသားများအပေါ် အာဏာလုချေမှုန်းသော) လူများစုလူမျိုး ကို ရည်ညွှန်းကြောင်း၊ လူမျိုးရေး ခွဲခြားဖိနှိပ်မှုသဘောဆောင်ကြောင်း၊ ထို့ကြောင့် "ဗမာ"ဟူ၍ အစည်းအရုံးအမည်ကို ရွေးချယ်ကြောင်း ပြောသည်။
သခင်လူငယ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ "တို့ဗမာ" ဟူသည် "တို့အားလုံး ဗမာ" ဟု တိုက်ရိုက် အဓိပ္ပာယ်ဆောင်ပြီး "နိုင်ငံတွင်းနေထိုင်ကြကုန်သော သွေးစည်းသောပြည်သူများ" ဟု သွယ်ဝိုက်အဓိပ္ပာယ်ဆောင်၏။
ထို့အပြင် "အစည်းအရုံး" ဟူသောအမည်သစ်ကို ရှေးအသုံး "အသင်း၊အဖွဲ့"မှ ခွဲထွက်တီထွင်သည်။
"အသင်း၊အဖွဲ့" ဝေါဟာရသည် လူအချို့၊ အုပ်စုတစုကိုသာ ကိုယ်စားပြုသည်။
"အစည်းအရုံး" ဟူသည် စုစည်းမှု၊ စည်းရုံးမှုဟူသော ကျယ်ပြန့်သောသဘောဆောင်သည်ဟု ဆို၏။
ထိုမျှမက "အတွင်းရေးမှုး"၊ "အမှတ်စဉ်" စသော ဝေါဟာရအသစ်များကိုလည်း တီထွင်ခဲ့သည်။
ထို့ကြောင့် တို့ဗမာအစည်းအရုံးအမည်နာမသည် သူတို့၏ ပြည်သူပြည်သား တိုင်းရင်းသားအားလုံး စည်းလုံးညီညာလိုသော သခင်လူငယ်များ၏ စေတနာဆန္ဒကို ထင်ဟပ်ဖော်ပြနေပေသည်။ ရှေးလူကြီးများ၏ ပြိုကွဲခဲ့သော ယခင် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) အမည်နှင့် မတူ၊ စကားလုံးတိုင်း၊ဝေါဟာရတိုင်းကို ဂရုတစိုက် တီတွင်ကာ အစည်းအရုံးအသစ် ထူထောင်ခဲ့ကြ၏။
ဥပမာ။
တို့ (စည်းလုံးမှု) vs ပြိုကွဲမှု
ဗမာ vs မြန်မာ
အစည်းအရုံး vs အသင်း
ထိုကဲ့သို့ ဝေါဟာရအသစ်များ သုံးစွဲပြီး တို့ဗမာအစည်းအရုံးကြီးကို သီးခြားကိုယ်ပိုင် နိုင်ငံရေးလက္ခဏာဖြင့် ထူထောင်ခဲ့သည်။
(ဦး) ဇော်စိုးဝင်း "မြန်မာအမျိုးသားရေးလှုပ်ရှားမှုတွင် တို့ဗမာအစည်းအရုံး နှင့် သခင်များ ပေါ်ထွန်းလာခြင်းစာတမ်း"
စနေနဂါးနီ ဂျာနယ်မှ အတွဲ ၂ အမှတ် ၂၄ ၊ ၁၉၄၀ နိုဝင်ဘာ ၁၆
ဖက်ဆစ်ဂျပန်တော်လှန်ရေး ပြီးသည့်နောက် အင်္ဂလိပ်တို့ မြန်မာနိုင် ငံကို ပြန်လည်သိမ်းပိုက်ခဲ့သည်၊၊ ဖဆပလမှ ဦးဆောင်၍မြန်မာ့ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ရာ ၁၉၄ရခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ(The Constitution of Union of Burma)ရေးဆွဲနိ်ုင်ခဲ့သည်။ ၄ ဇန်နဝါရီ ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိ်ုင်ငံ (The Union of Burma) ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ဖဆပလခေတ်၊ တော်လှန်ရေးကောင် စီခေတ် စသည့် ခေတ်များ ဖြတ်သန်းလာပြီးနောက် ၁၉၇၄ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံ (The Constitution of Socialist Republic of the Union of Myanmar)ပေါ်ပေါက်လာခဲ့သည်။ထိုဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိ်ုင်ငံ (The Socialist Republic of the Union of Myanmar) ပေါ်ပေါက်လာခဲ့သည်။၁၉၈၈ ခုနှစ်တွင် မြန်မာနိ်ုင်ငံ၏ အခြေအနေများယိုယွင်းလာမှုကြောင့် ၁၈ စက်တင်ဘာ ၁၉ဂဂခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးက နိ်ုင်ငံတော်တာဝန်ကိုယူခဲ့သည်။ နိ်ုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၈ ဇွန် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရက နိ်ုင်ငံတော်သီချင်းတွင် ပါဝင်သော “ဗမာ” ဆိုသည့် စကားရပ်ကို တိုင်းရင်းသားအားလုံးကို ရည်ညွှန်းသည့် “မြန်မာ”ဆိုသည့် စကားရပ်ဖြင့်ပြင်ဆင်ပြောင်းလဲခဲ့သည်။ ထိုနေ့တွင်ပင် နိ်ုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ ၁၆/၈၉ အရ စကားရပ်များ ပြောင်းလဲ သတ်မှတ်သည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေအရ “Union of Burma” အစား “The Union of Myanmar,”Burma (သို့မဟုတ်) Burman (သို့မဟုတ်) Burmese အစား Myanmar ဆိုသည့်စကားရပ်ကို ထည့််သွင်းရမည့်ဖြစ်သည်။
ဖြည့်စွက်ချက်။ ။
ဗမာ သို့မဟုတ် မြန်မာ ဟူသော အသုံးအနှုန်း အတွက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်ပတ်သက်သော အဓိပ္ပါယ် ရှင်းလင်းချက်များ စာတမ်း၊ စာမျက်နှာ ၁၈ အောက်ဆုံးပိုဒ်တွင် အောက်ပါအတိုင်း ရှင်းလင်းထားပါ သည်။ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်ထားခြင်းမှာ တိုင်းရင်းသားလူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ် နှင့် တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ သမိုင်းစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်ဆောက်ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စံနစ်ဖြင့် အုပ်စိုးသော နိုင်ငံမဟုတ်ဘဲ လုပ်သားပြည်သူတို့ အာဏာပိုင်စိုးသော နိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများကို သိမ်းကျံုးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသော လူမျိုးများ မှီတင်းနေထိုင်ရာ နိုင်ငံတော်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဖြစ်သည်။
အထက်ပါစာတွင် တို့ဗမာအစည်းအရုံးက “ဗမာ”ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြသလိုမျိုး “မြန်မာ”ဟူသော အ သုံးအနှုန်းအပေါ် သေချာကျနစွာ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းဖော်ပြထားခြင်း မရှိချေ။ ကျင့်သုံးအုပ်ချုပ်မည့်ပုံစံကို မဆီမ ဆိုင် ဖော်ပြကာ ဘာ့ကြောင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို မြန်မာဟု သိမ်းကျံုးပေါင်းရုံးခေါ်ဆိုရကြောင်း မရှင်းဘဲ မြန်မာနိုင်ငံဟု ဇွတ်အတင်း ခေါ်ဝေါ်လိုက်ခြင်း သာဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။(တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်မှ)
အချုပ်အားဖြင့်ဆိုလျှင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မြန်မာ ဟူသော ဝေါဟာရသည် နိုင်ငံနှင့်လူမျိုးကို ရည်ညွှန်းသည်။ သို့သော် မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာပြုများနှင့် အနောက် နိုင်ငံသားများ ရောက်ရှိလာရာ မြန်မာနိ်ုင်ငံကို ခေါ်ဝေါ်သုံးစွဲရာတွင် ဘာမားဟု Burmah ဟုသုံး စွဲပြီး မြန်မာလူမျိုးကို ဘားမင်း Burman ဟုသုံးစွဲခဲ့ကြသည်။ ထို့နောက် ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံး ပေါ်ပေါက်လာသောအခါ “ဗမာပြည်” ၊“ဗမာ” အသုံးအနှုန်းများ တွင်ကျယ်လာခဲ့ သည်။ သို့စေကာမူ မြန်မာနိုင်ငံလွတ်လပ်ရေး ရချိန်မှစ၍ နိ်ုင်ငံနှင့်လူမျိုးကို “မြန်မာ”ဟု တသမတ် တည်း သုံးစွဲခဲ့သည်။
မှတ်ချက်။ ။
မှန်ကန်ပါသည်။ လူမျိုးအမည် "မြန်မာ" ၊ နိုင်ငံအမည် "မြန်မာ" ဟု ရေးသားချက်မှာ မှန်ကန်ပါသည်။ သို့သော် ထို့သို့ ပြုလုပ်ခြင်းသည် သင့်တော်ပါ၏လော။
ယခင်က “မြန်မာ”၊“ဗမာ” မည်သို့ပင် အသုံးအနှုန်းများ ရှိစေကာမူ ယနေ့ အချိန်တွင် ပကတိအရှိတရားများနှင့် ကိုက်ညီသော မြန်မာ ဟူသည့် အသုံးအနှုန်းကို တရား ဝင် ပြောင်းလဲသုံးစွဲနေပြီ ဖြစ်သည်။ထို့ကြောင့် နိ်ုင်ငံသူ၊နိုင်ငံသားများသည် သမိုင်း အထောက်အထားခိုင်မာပြီး ပကတိအရှိတရားများနှင့် ကိုက်ညီသော “မြန်မာနိ်ုင်ငံ” “မြန်မာပြည်သူ”အဖြစ် ဂုဏ် ယူဝင့်ကြွားစွာ တန်ဖိုးထား သုံးစွဲရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည််။
((((ယနေ့ခေတ်ပြည်သူများ သိရှိထားသင့်ပါသည်.)))
မှတ်ချက်။ ။
နိဂုံးချုပ်တွင် ဆောင်းပါးရှင် ကောက်ချက်ချသည်မှာ " ပကတိအရှိတရားများနှင့် ကိုက်ညီသောကြောင့်" ဟူ၍ ပြဆိုထားပါသည်။
အရှိတရားမှန်ပါသည်။ သို့သော် ဖြစ်သင့်သော တရား မဟုတ်ပါ။
တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုသော အမည်သာ ဖြစ်သင့်ပါသည်။
တို့ဗမာမူကို မကြိုက်လျှင် တခြားအမည်သာ ဖြစ်သင့်ပါတယ်။ လူမျိုးတမျိုးအမည်ကို ပြည်ထောင်စုအမည်မှည့်ခေါ်ခြင်းမှာ မသင့်လျော်ပါ။
မူရင်းဆောင်းပါး.
Link 1 ဆက်စပ်ဖတ်ရှုရန်-
တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်
ဗမာ ဆိုသည်မှာ (တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်မှ)
"ဗမာ" အမည်အပေါ် မြန်မာ့အလင်းဦးစိန်နှင့် သူရိယသတင်းစာဦးဘဖေမှ အငြင်းပွါးမှု
အာဇာနည် အမျိုးသားခေါင်ဆောင်ကြီး သခင်မြ ၏ မိန့်ခွန်းများ
0 comments:
Post a Comment