---------------






=====================
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း

ဒေါက်တာနိုင်ပန်းလှသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ပတ်လတ်ကျေးရွာမှ တွေ့ရှိရသည့် မွန်ပေမူကို အခြေပြု၍ မွန်နှင့် မြန်မာ ပေမူများ၊ ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်တို့နှင့် တိုက်ဆိုင် စစ်ဆေးကာ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို ပြုစုခဲ့ရာ နောက်အကျဆုံးနှင့် အပြည့်စုံဆုံး ကျမ်းအဖြစ် ထင်ရှားသည်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ၁၉၅၈ ခုနှစ်တွင် မွန်ဘာသာဖြင့် ရှင်းလင်းချက်များ နှင့်တကွ မြန်မာနိုင်ငံသုတေသနအသင်းမှ ထုတ်ဝေခဲ့သည်။ နောင် ဆယ်နှစ် အကြာတွင်မှ မြန်မာဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်။
=====================
မွန်စာပေ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းနှင့် သုတေသန ပညာရှင် ဒေါက်တာနိုင်ပန်းလှ

ဒေါက်တာနိုင်ပန်းလှကို ၁၉၂၃ ခု မတ်လ ၂ဝ ရက်နေ့တွင် မွန်ပြည်နယ် ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်းရွာ၌ ရွာသူကြီး ဦးကြွနှင့် ဒေါ်ချိုတို့မှ ဖွားမြင်သည်။ မွေးချင်း ၇ ဦးအနက် စတုတ္ထမြောက် သား ဖြစ်သည်။ ငယ်စဉ်က ရွာဦးဘုန်းကြီးကျောင်းတွင် မွန်၊ မြန်မာနှင့် အင်္ဂလိပ်စာများကို သင်ကြားခဲ့သည်။
၁၉၃၉-၄ဝ တွင် မော်လမြိုင် ကရင် ကေဘီအမ် အထက်တန်းကျောင်းတွင် သတ္တမတန်း အောင်သည်။
မော်လမြိုင် အစိုးရအထက်တန်းကျောင်းတွင် အဋ္ဌမတန်းပညာ ဆည်းပူးစဉ် ဒုတိယကမ္ဘာစစ် မြန်မာသို့ ကူးစက်လာ၍ ဇာတိရွာတွင် ပြန်နေသည်။
စစ်အပြီး ၁၉၄၆ ခုတွင် ရန်ကုန်သို့ အပြီးပြောင်းနေသည်။ ရန်ကုန် မြို့မအထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်းတွင် ၃ လ ကြာ ပညာသင်ကြားခဲ့သည်။ ရာမည မွန်အသင်းချုပ်တွင် အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
၁၉၅၃ ခုတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၌ မွန်ယဉ်ကျေးမှု အထက်တန်းအရာရှိအဖြစ် တာဝန် ထမ်းဆောင်သည်။
၁၉၅၈ ခုတွင် အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်နှင့် ၁၉၆၇ ခုတွင် တရုတ်နိုင်ငံများသို့ နိုင်ငံတကာ လေ့လာရေး ခရီးစဉ်များ ထွက်ခွင့်ရခဲ့သည်။ ၁၉၈၆ ခု ဇွန်လတွင် အငြိမ်းစားယူသည်။
ဆရာကြီးသည် မြန်မာနိုင်ငံရှိ စာနယ်ဇင်းများတွင်လည်း မွန်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ သုတေသန ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။
ဆရာကြီး၏ ထင်ရှားသည့် လက်ရာဖြစ်သည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို မြန်မာနိုင်ငံ သုတေသနအသင်းက မွန်ဘာသာဖြင့် ၁၉၅၈ ခုတွင် ထုတ်ခဲ့သည်။ နောက်ထပ် ဆယ်နှစ်ကျော်ကြာမှ မြန်မာစာ ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း အမှာစာကို ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေ၊ စာရေးဆရာမကြီး ခင်နှင်းယုတို့က ရေးပေးသည်။ (အောက်ခြေတွင် ရှူပါရန်-)
အမှာစာအတွင်း၌ ဒေါက်တာသန်းထွန်းက “ကျမ်းရင်းကလည်းကောင်းတယ်၊ ဘာသာပြန်ပုံလည်း ကောင်းတယ်၊ ဒါကြောင့် ကျွန်တော်တို့အတွက် အားကိုးစရာ ရာဇာဓိရာဇ် အရေးတော်ပုံ ကျမ်းတစောင် ပေါ်ထွက်လာပြီလို့ ဆိုနိုင်ပါတယ်” ဟု ရေးသား၍ ချီးမွမ်းကြိုဆိုခဲ့သည်။
၁၉၈၈-၈၉ ခုမှစ၍ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်နှင့် တိုကျိုအပြည်ပြည်ဆိုင်ရာ ခရစ်ယာန် တက္ကသိုလ် များတွင် ဧည့်ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။
၁၉၉၁ ခုတွင် အမေရိကန်နိုင်ငံ လော့အိန်ဂျလိမြို့ရှိ အနောက်ပစိဖိတ် တက္ကသိုလ်သို့ ပါရဂူဘွဲ့ကျမ်းပြု ကျောင်းသားအဖြစ် ဝင်ခွင့်ရပြီး ယဉ်ကျေးမှု မနုဿဗေဒ အဓိက B.SC နှင့် Ph.D ဘွဲ့များရခဲ့သည်။
၁၉၉၂ ခုတွင် မွန်ဓမ္မသတ် ၁၁ မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ LL.D ဘွဲ့ ချီးမြှင့်ခံရသည်။ ၁၊ ၄၊ ၁၉၉၄ မှစ၍ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း Meio တက္ကသိုလ်တွင် အမြဲတန်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် သင်ပြရန် တာဝန်ယူခဲ့သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်စဉ် မွန်ကျောက်စာနှင့် မွန်စာပေများကိုလည်း သင်ကြားပို့ချခဲ့သည်။ သူကွယ်လွန်ချိန်တွင် သမီး ၁ ဦးနှင့် သား ၆ ဦးတို့ ကျန်ရစ်ခဲ့သည်။
======================
"မြန်မာနိုင်ငံ" ဟူသော အသုံးအနှုန်းလဲ တွေ့ရပြီး မည်သည်ကို ရည်ရွယ်ကြောင်း စဉ်းစားနိုင်ပါရန် အောက်ခြေတွင် ပူးတွဲ တင်ပြလိုက်ပါသည်။
*******************


သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေ၊ စာရေးဆရာမကြီး ခင်နှင်းယု၊ ဒေါက်တာနိုင်ပန်းလှ တို့၏ အမှာစာ



0 comments:
Post a Comment