







မြစေတီ ကျောက်စာ
(မေး) ဆရာကြီးခင်ဗျား၊ မြစေတီကျောက်စာကို မည်သည့်ခုနှစ်တွင် မည်သူက ရေးထိုးခဲ့ပါသနည်း။ ပုဂံခေတ်သမိုင်းကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု သိရှိရပါသဖြင့် မည်သည့်အကြောင်းအရာများကို ဖော်ပြထားကြောင်းကို ပြည့်စုံစွာဖြေကြားပေးပါရန် ပန်ကြားအပ်ပါသည်။ (ဦးသောင်းညွန့်-စာရေးဆရာ နာရီတာ၊ မြန်အောင်မြို့)
(ဖြေ)
မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီးနောက် တနှစ်ခန့်အကြာ၊ မြန်မာသက္ကရာဇဖ် ၄၇၅-ခုနှစ်၊ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်းသားက ရေထုးခဲ့သည်။ ထိုကျောက်စာကို ပုဂံမြို့၊ မြင်းကပါရပ်၊ မြစေတီဘုရားအနီးတွင် တွေ့ရ၍ မြစေတီကျောက်စာ-ဟု လူသိများပါသည်။ ဤကျောက်စာ၌ မျက်နှာလေးဖက်ပါရှိသည်။ မျက်နှာတဖက်စီတွင် မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ တဘာသာစီဖြင့် ရေးထိုးထားခြင်းဖြစ်သည်။
မြစေတီကျောက်စာသည် ပုဂံခေတ် မြန်မစာပေများအနက် ထင်ရှားသော အစောဆုံးမြန်မာကျောက်စာ ဖြစ်သည်။ ကျောက်စာများသည် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။
ပုဂံခေတ်ဦးမင်းများအနက် နန်းတက်သက္ကရာဇ်များနှင့်စပ်လျဉ်း၍ မြစေတီကျောက်စာက အမှားပြင်ပေးသဖြင့် သမိုင်းတန်ဖိုး လွန်စွာကြီးပါသည်။ မြန်မာရာဇဝင်များတွင် အနော်ရထာ၊ စောလူး၊ ကျန်စစ်သားနှင့် အလောင်းစည်သူမင်းတို့၏ နန်းစံနှစ်မျါ်နှင့် ပတ်သက်၍ ဖော်ပြရာ၌ ကွဲလွခြျက်ရှိနေသည်။ မြစေတီကျောက်စာတွင် ပါရှိသော အထောက်အထားများကို အခြေခံ၍ သမိုင်းသုတေသီတို့သည် အမှားကိ်ု ပြင်ပေးနိုင်ခဲ့သည်။
မြစေတီကျောက်စာ၏ အစတွင် တြိဘုဝနာဒိတျဓမ္မရာဇာဘွဲ့ခံ ကျန်စစ်သားမင်းကြီး၏ နန်းတက်သက္ကရာဇ်နှင့်စပ်လျဉ်း၍ "ပုရှာသ္ခင် သာသနာအနှစ် တထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်နှစ် လွန်လေပြီရကား၊ ဤအရိမဒ္ဒနပူရမည်သောပြည်၌ တြိဘုဝနာဒိတျဓမ္မရာဇ် မည်သောမင်းဖြစ်၏-"ဟု ဆိုထားသည်။ ဤသာသနာနှစ် ၁၆၂၈-ခုနှစ်ဟု အတိအကျဆိုသည့် ကျောက်စာမှာ မြစေတီ ကျောက်စာသာလျှင်ဖြစ်သည်။ သာသနာနှစ် ၁၆၂၈-ခုနှစ်တွင် အရိမဒ္ဒနပုရမည်သောပြည်တွင် တြိဘုဝနာဒိတျဘွဲခံ ကျန်စစ်သားမင်းကြီး နန်းတက်သည်ကို သိရှိရခြင်းဖြင့် သမိုင်းသုတေသီတို့သည် ကျန်စစ်သားမင်းကြီးကို ဆက်ခံသော အလောင်းစည်သူမင်းကြီး၊ ကျန်စစ်သားမင်းကြီးထက် အရင်နန်းစံသော အနုရုဒ္ဓ (အနော်ရထာ) မင်းကြီးနှင့် စောလူးမင်းတို့၏ နန်းစံသက္ကရာဇ်တို့ကိုပါ သိရှိခွင့်ရလိုက်ပါသည်။
မြန်မာမင်းတို့သည် သာသနာနှစ်ကို ဘီစီ-၅၄၄-မှ စတင်ရေတွက်ကြသည်။ သာသနာနှစ် ၁၆၂၈-မှ ဘီစီ ၅၄၄-ကိုနုတ်သော် ခရစ်နှစ် ၁၀၈၄-ကို ရရှိပါသည်။ ခရစ်နှစ် ၁၀၈၄-သည် ကျန်စစ်သားမင်းကြီး နန်းတက်သော နှစ်ဖြစ်သည်။ ဤခရစ်နှစ်သည် မြန်မာသက္ကရာဇ် ၄၄၆-နှင့်လည်း ကိုက်ညီနေပါသည်။ မြစေတီကျောက်စာတွင်ပင် ဆက်လက်ဖော်ပြရာ၌ "ထိုမင်း အနှစ် နှစဆယ့်ရှစ်နှစ် မင်းမူပြီး၏။ သေခမူနာသုရှော်ဝ်နှိုက်တယ်"ဟူ၍ ပါရှိရာ ကျန်စစ်သားမင်းကြီး နန်းတက်ခရစ်နှစ် ၁၀၈၄-ကို နန်းသက် ၂၈-နှစ်ပေါင်းထည့်သော် ခရစ်နှစ် ၁၁၁၂-သည် ကျန်စစ်သားမင်းကြီး န်တ်ရွာစံသောနှစ် ဖြစ်ပေသည်။ ထို့အပြင် ကျန်စစ်သားကို ဆက်ခံသော အလောင်းစည်သူမင်း၏ နန်းတက်သက္ကရာဇ်ကို ရရှိပေသည်။
မြစေတီကျောက်စာကို အခြေခံ၍ ပုဂံခေတ်ဦး မင်းတို့၏ နန်းစံနှဏ်ကို အောက်ပါအတိုင်း ရရှိပါသည်။
၁။ မင်း-အနော်ရထာ။ သာသနာနှစ်-၁၅၈၈။ ခရစ်နှစ်-၁၀၄၄။ မြန်မာသက္ကရာဇ်-၄၀၆။ နန်းသက်-၃၃။
၂။ မင်း-စောလူး။ သာသနာနှစ်-၁၆၂၁။ ခရစ်နှစ်-၁၀၇၇။ မြန်မာသက္ကရာဇ်-၄၃၉။ နန်းသက်-၇။
၃။ မင်း-ကျန်စစ်သား။ သာသနာနှစ်-၁၆၂၈။ ခရစ်နှစ်-၁၀၈၄။ မြန်မာသက္ကရာဇ်-၄၄၆။ နန်းသက်-၂၈။
၄။ မင်း-အလောင်းစည်သူ။ သာသနာနှစ်-၁၆၅၆။ ခရစ်နှစ်-၁၁၁၂။ မြန်မာသက္ကရာဇ်-၄၇၄။ နန်းသက်-၇၅။
(ကျောက်စာကပြောသော သမိုင်း )
ကျန်စစ်သားမင်းကြီး၏နန်းတက်သည့်ခရစ်နှစ်သည် ၁၀၈၄-ဖြစ်ကြောင်း မြစေတီကျောက်စာ၏ ဖော်ပြချက်ကို ပြည်မြို့၊ ရွှေဆံတော် မွန်ကျောက်စာကလည်း ထောက်ခံသည်ကို တွေ့ရှိရသည်။ မြစေတီ ကျောက်စာသည် ရာဇဝင်များတွင် မပါရှိသေးသော အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထား သည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့်-ကျန်စစ်သားမင်းကြီး၏ မိဖုရားများအနက် ၎င်းချစ်ခင်မြတ်နိုးသော မိဖုရားမှာ "တြိလောကဝဋံသကာဒေဝီ" ဖြစ်ကြောင်း၊ ကျန်စစ်သားမင်းကြီးနှင့် မိဖုရား တြိလောကဝဋံသကာဒေဝီ-တို့မှ ရာဇကုမာရ်-ဟူသော သားတော်တပါး ဖွားမြင်ကြောင်း၊ ရာဇကုမာရ်သည် မိဘကျေးဇူးသိတတ်သော သားတော်ဖြစ်ကြောင်း စသည့် သမိုင်းအချက်အလက်များကို ဖော်ပြထားသည်။
လူမှုရေးနှင့်စပ်လျဉ်း၍ ပုဂံခေတ်တွင် သက်မုလွန်ရွာ၊ ရပါယ်ရွာ၊ ဟန်ဗိုင်ရွာစသည့် ကျွန်ရွာအမည်များ ရှိကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ သာသနာရေးနှင့်စပ်လျဉ်း၍ ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဆရာတော်ကြီးများ၏ ဘွဲ့အမည်များကိုလည်း ဖော်ပြထားသည်။ ယင်းတို့မှာ သင်ကြီးမုဂ္ဂလိပုတ္တတိဿထေရ်၊ သင်ကြီးသုမေဓပဏ္ဍိတ်၊ သင်ကြီးဗြဟ္မပါလိ၊ သင်ကြီးဗြဟ္မဒိပ်၊ သင်ကြီးသောန်နှင့် သင်ကြီးသင်္ဃသေနဝရပဏ္ဍိတ်-ဟူ၍ တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျောက်စာအပေါများဆုံးသောနိုင်ငံ ဖြစ်သည်။ ကျောက်စာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သာသနာရေးဆိုင်ရာ အကြောင်းအရာများကို မှတ်တမ်းတင်လေ့ ရှိကြပါသည်။ ကျောက်စာပါ အထောက်အထားများကို အခြားမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ မြစေတီကျောက်စာက ပြောသော ပုဂံခေတ်သမိုင်းသည် တိကျမှန်ကန်မှုရှိသဖြင့် မြန်မာစာ သုတေသီများရော၊ သမိုင်းသုတေသီများအတွက်ပါ မြစေတီကျောက်စာသည် အလွန်တန်ဖိုးရှိသော ကျောက်စာဖြစ်ပါသည်။ မြစေတီကျောက်စာကို ရာဇကုမာရ် ကျောက်စာဟုလည်း သိရှိနေကြသည်။
ဦးမြင့်စော (သမိုင်းပါမောက္ခ-ပုသိမ်တက္ကသိုလ်)(မင်္ဂလာမောင်မယ် ၂၀၁၀-ခု ဇွန်လ)
==========================================
မြစေတီကျောက်စာ
Jun 11, '09 11:55
မြစေတီကျောက်စာကို ရာဇကုမာရ်ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်သည် ............
ရာဇကုမာရ် ကျောက်စာတွင်မျက်နှာလေးဖက်ပါရှိပြီး ပါဠိ၊ မွန်၊ ပျူ နှင့် မြန်မာဘာသာ တို့ဖြင့် မှတ်တမ်း တင်ထားခဲ့သည်။ ကျောက်စာတိုင်သည် အမြင့် ၅၅ " ၊ အကျယ် ၁၄ " ရှိသည်။မြစေတီ ကျောက်စာ အရ ရာဇကုမာရ် မင်းသားသည် ကျန်စစ်သားမင်း နှင့် ကြင်ရာတော် သမ္ဘူလ ၏ သားဖြစ်သည် ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ဘဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနုဟာ ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော် အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ဖခင်၏ကျေးဇူးကို သိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင် ရွှေ၊ ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော် ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် တိုင်းပြည်အုပ်ချုပ်သော အချိန်အခါကကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွင်ဖခင်အားသက်ကား ထီးနန်းအုပ်ချုပ်ခဲ့ကြသော သားများကိုတွေ့ရသည်။ ထိုသူများနှင့်မတူဘဲနာမကျန်းဖြစ်နေသည့် ဖခင်အား မသေခင် ဘဝကူးကောင်းစေရန် မိမိပိုင် ရွှေ၊ ငွှေ ပစ္စည်းဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော် ပြုလုပ်ပူဇော်ပြီး ဖခင်အားရေစက်ချ အမျှ ဝေစေခဲ့သည်။ ထိုသို့သော အကြောင်းအရာကို မွန်၊ ပါဠိ၊ ပျူ နှင့် မြန်မာစာတို့ဖြင့် မှတ်တမ်းတင်ခဲ့သည်။ တွေ့ ရှိရသမျှ မြန်မာစာပေမှတ်တမ်းများတွင် ရာဇကုမာရ် ကျောက်စာသည် အစောဆုံးဖြစ်သည်။ ကျောက်စာကိုဖတ်ရလွယ်အောင် ယနေ့ခေတ်စကားများဖြင့် ဘာသာပြန်ဆိုထားသည်။
သီရိ။ နမောဗုဒ္ဒါယသိဒ္ဒံ။ ဘရားသခင်သာသနာ၊ အနှစ်တစ်ထောင်ခြောက်ရာနှစ်ဆယ့်ရှစ်နှစ် လွန်လေပြီးသောအခါ၊ ဤအရိမဒ္ဒနာပူရ အမည်ရသောပြည်၌၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် တြိဘုဝနာဒိတျဓမ္မရာဇာ(ကျန်စစ်သား၏ဘွဲ့အမည်) မည်သော မင်းကြီးစိုးစံ၏။ ထိုမင်း၏မိဖုရားတစ်ပါးကား၊ တြိလောကဝဋံသကာဒေဝီ (သမ္ဘူလမိဖုရား) အမည်ရှိ၏။ ထိုမိဖုရား၏ သားတစ်ယောက်မှာ ရာဇကုမာရမည်၏။ ထိုမင်းကား ကျွန်သုံးရွာကို၊ မိဖုရားအား ပေး၏။ ထိုမိဖုရားသေလွန်ခဲ့သောအခါ၊ မိဖုရား၏သား၊ ရာဇကုမာရအား၊ မင်းကြီးက ပေးအပ်ခဲ့၏။
ထိုမင်းသည် နှစ်ပေါင်း နှစ်ဆယ့်ရှစ်နှစ် မင်းပြုခဲ့ပြီးနောက်၊ မကျန်းမမာ ဖျားနာ၍ နတ်ရွာစံကာနီး သောအခါ ထိုရာဇကုမာရအမည်ရှိသော သားသည်၊ မိမိအားမွေးကျွေး ပြုစုစောင့်ရှောက်ခဲ့သော ဖခမည်းတော်မင်းကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရ၍ ရွှေသားအစစ်ဖြင့်ပြီးသော ဗုဒ္ဒရုပ်ပွား တော်ကို ထုလုပ်ပြီးနောက်၊ မင်းကြီး၏ထံပါးသို့ဝင်ပြီး၊ ဆက်သသောအခါ၊ ဤသို့လျှောက်ထား၏။ '' ဤရွှေဘုရားကား မင်းကြီးအဖို့ သားတော်ပြုလုပ်ပါသည်။ သားတော်အား၊ ဖခမည်းတော်မင်းကြီး ပေးအပ်ထားခဲ့သော၊ ကျွန်သုံးရွာကို ဤရွှေဘုရားအား၊ သားတော်လှူဒါန်းပါသည်။
'' ထိုအခါ ကျန်စစ်သားမင်းကြီးသည် နှစ်လိုရွှင်လန်း ဝမ်းမြောက်၍ ကောင်းလေစွ၊ကောင်းလေးစွဟု သာဓုခေါ်တော်မူ၏။ ထို့နောက် သံဃာတော်၊ ဆရာတော်ကြီးများဖြစ်ကြသော ရှင်အရဟံမဟာထေရ် မောဂ္ဂလိပုတ္တတိဿထေရ်၊ သုမေဓပဏိတထေရ်၊ ဗြဟ္မပါလထေရ်၊ ဗြဟ္မဒေဝထေရ်၊ သောနထေရ်၊ သင်္ဃသေနဝရပဏိတထေရ် တို့၏ရှေ့မှောက်တွင် ကျန်စစ်သားမင်းကြီး ရေစက်ချ အမျှပေးဝေ၏။
နောင်အခါတွင် ရာဇကုမာရမင်းသားသည် ရွှေဘုရားဆင်းတုတော်ကို၊ ထာပနာ၍၊ ရွှေအထွတ်ဖြင့် ဂူဘုရားတည်ပြီးနောက်၊ သက်မုနလွန်တစ်ရွာ၊ ရပါယ်တစ်ရွာ၊ ဟေန်ဗိုင်တစ်ရွာ ထိုကျွန်သုံးရွာနှင့် ရွာသားများကို ဂူဘုရားအား လှူဒါန်းပြီး၊ ရေစက်သွန်းချစဉ်၊ ဤသို့ ဆုတောင်းမိန့်ဆိုခဲ့၏။ ဤငါ့ကောင်းမှုကား၊ သဗ္ဗညုတ ဉာဏ်ပညာရအံ့သောအကြောင်း ဖြစ်ပါစေသတည်း။ ငါမရှိတော့သော နောင်အခါတွင်၊ ငါ့သားသည်လည်းကောင်း၊ ငါ့မြေးသည်လည်းကောင်း၊ သူတထူးသည်လည်းကောင်း၊ ငါလှူခဲ့သော ကျွန်တို့အား၊ နှိပ်စက်ပြုမူခဲ့လျှင်၊ အရိမေတ္တယျ ဘုရားသခင်ပွင့်သောအခါ ဘုရားမြတ်စွာအား မဖူးမြော်ကြရပါစေသတည်း။
" ငါတို့ မြန်မာစာပေဟာ ကျေးဇူးသိခြင်းတရားနဲ့ စတင်ခဲ့တာ " ဆရာကြီးဦးဖေမောင်တင်
Source:http://myanmarclassic.multiply.com/journal?&show_interstitial=1&u=%2Fjournal
“မြန်မာ” ဝေါဟာရ သမိုင်းကြောင်း ရှေးရာဇဝင်သမိုင်း၊စာပေမှ မြန်မာလူမျိုး၊ မြန်မာပြည် အသုံးအနှုန်းများကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ စုစည်းပေးထားပါသည်။
မြစေတီ ကျောက်စာ
လူမျိုးတစ်ရာ့တပါးစာရင်း
ဦးကုလား မဟာရာဇဝင်
မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း -အမျိုးသားပညာဝန် ဦးဖိုးကျား
ရခိုင်ရာဇဝင်သစ်ကျမ်း
လွတ်လပ်ရေး ကြေညာစာတမ်း
မြန်မာ့စွယ်စုံကျမ်း
ဒေါက်တာနိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
တွင်းသင်းမြန်မာရာဇဝင်သစ်
ဒေါက်တာသန်းထွန်း-အမိန့်တော်ပြန်တမ်းများ၊ဒုတိယတွဲ
မြန်မာအစ (ဦးဖိုးလတ်)


0 comments:
Post a Comment