မက္ခရာ မင်းသားကြီး(ဆရာ မင်းယုဝေ ရေးသားသော “ပထမ မြန်မာများ” စာအုပ်မှ)
မြန်မာ့သမိုင်း၌ ကျွန်တော်သိသော “မက္ခရာမင်းသား” နှစ်ပါးရှိသည်။ တစ်ပါးမှာ အမရပူရ ပထမမြို့တည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)၏ သားတော် ဖြစ်သည်။ ငယ်မည် မောင်ပျိုး၊ ဘွဲ့အမည် မင်းရဲကျော်စွာ ဖြစ်သည်။ နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာ မင်းသားဟု တွင်သည်။ အင်းဝဘုရင် ဘကြီးတော်နှင့် သာယာဝတီမင်းတို့၏ ဦးလေးတော် ဖြစ်သည်။ မြန်မာနိုင်ငံကို ခေတ်သစ် ထူထောင်လိုသူအဖြစ် လည်းကောင်း၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုသူအဖြစ် လည်းကောင်း ထင်ရှားသည်။
ကျန်တစ်ပါးမှာမူ ရတနာပုံ ပထမမြို့တည် မင်းတုန်းမင်း၏ သားတော် ဖြစ်သည်။ ငယ်မည် မောင်သန့်၊ ဘွဲ့မည် မင်းရဲစည်သူ ဖြစ်သည်။ နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာမင်းသား တွင်သည်။ အိမ်ရှေ့စံ ကနောင်မင်းသား လွန်ပြီးနောက် ကနောင်မင်းသား အုပ်ချုပ်ခဲ့သည့် ရတနာပုံ စက်ရုံများကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ မင်းတုန်းမင်း၏ အရိုက်အရာကို ဆက်ခံထိုက်သူ အရည်အချင်း ပြည့်သော သားတော်ကြီးတစ်ပါး အဖြစ် ထင်ရှားသည်။ သီပေါမင်းကို နန်းတင်စဉ် မင်းညီမင်းသား အများ ကွပ်မျက်ခံရရာ၊ ထိုမင်းသားလည်း ကွပ်မျက်ခံရရှာသည်။
ယခု တင်ပြလိုသူမှာ အဘိဓာန်ဆရာ မက္ခရာမင်းသားကြီးပင် ဖြစ်သည်။ အမေရိကန် သာသနာပြုဆရာ ဒေါက်တာ ဂျပ်ဆင်၏ မှတ်တမ်းများအရ မက္ခရာ မင်းသားကြီးသည် ရုပ်ရည်ရူပကာ တင့်တယ်သည်။ သို့ရာတွင် ခြေလက်တို့မှာ လေဖြတ်ထားသဖြင့် မသန်မစွမ်း ဖြစ်နေသည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်လင့်ကစား မင်းသားကြီးသည် ဘဝကို အရှံုးမပေး။ နိုင်ငံနှင့် လူမျိုးအကျိုးကို အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်သည် ဆိုရာ၌ နိုင်ငံရေးအရ မဟုတ်။ စာပေရေး၊ ပညာရေးအရ ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုစဉ်က မြန်မာတို့သည် အနောက်တိုင်း ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေး။ ကမ္ဘာပြားသည် ဟူသော အယူကိုပင် ယူကြဆဲဖြစ်သည်။ ထိုအချက်ကို မင်းသားကြီးသည် ကောင်းစွာ သတိပြု ဆင်ခြင်မိသည်။
မင်းသားကြီးသည် အင်းဝ နေပြည်တော်ရောက် ပေါ်တူဂီလူမျိုးများ၊ အင်္ဂလိပ်လူမျိုးများနှင့် ဆက်ဆံရာတွင် ထိုသူတို့မှတစ်ဆင့် ခေတ်မီ ဝိဇ္ဇာသိပ္ပံ ပညာရပ်များ၏ သဘောကို သိရှိ နားလည်ခဲ့သည်။ ထိုပညာရပ်များကို တတ်မြောက်မှသာ မြန်မာတို့ ခေတ်မီ နိုင်မည်ဟု သဘောပေါက်ခဲ့သည်။ တစ်ဖက်က နယ်ချဲ့ရန်လည်း ရှိနေရာ ထိုသို့ ခေတ်မီမှလည်း နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု မြင်ခဲ့ဟန်တူသည်။ ထို့ကြောင့် မြန်မာများ ခေတ်မီရေးကို မင်းသားကြီးသည် အစွမ်းကုန် ကြိုးပမ်းခဲ့လေသည်။
မင်းသားကြီးသည် အင်းဝသို့ ရောက်ရှိနေသည့် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ ရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် အနောက်တိုင်း ဝိဇ္ဇာသိပ္ပံဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးသည်။ အထူးသဖြင့် “ရီး၏ စွယ်စုံကျမ်း (Ree’s Encyclopedia) ကိုလေ့လာ ဆည်းပူးသည်။ မြန်မာအမျိုးသားတို့ လေ့လာ ဆည်းပူးနိုင်ရန်လည်း ထိုကျမ်းပါ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုသည်။
မင်းသားကြီးသည် အလွန်ခေတ်မီသူ ဖြစ်သည်။ သူ့အိမ် စာကြည့်ဆောင် နံရံတွင် အပူအအေး ချိန်သော သာမိုမီတာနှင့် လေဖိအား ချိန်သော ဘရိုမီတာတို့ကို အမြတ်တနိုး ချိတ်ဆွဲထားသည်။ ကမ္ဘာလုံးသည် ဟူသော အယူအဆကိုလည်း နှစ်သက်လက်ခံ ယုံကြည်ထားသည်။ ထိုစဉ်က ထိုအယူအဆကို လက်ခံသူမှာ မြန်မာအမျိုးသားတို့ အထဲတွင် အလွန် ရှားပါးလှသည်။ မင်းသားကြီးသည် လော်ဂရစ်သမ် ဂဏန်းသင်္ချာ တွက်နည်းကို အင်းဝရောက် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာလိန်းထံက သင်ကြားလေသည်။
ဘကြီးတော်လက်ထက် ၁၈၂၆ ခုတွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားသည်။ ၂နှစ်ခန့် တိုက်ခိုက်ကြပြီးနောက် မြန်မာတို့ အရေးနိမ့်သဖြင့် စစ်ပြေငြိမ်းကြသည်။ ရန္တပိုစာချုပ်ကို ချုပ်ဆိုကြသည်။ စာချုပ်အရ မြန်မာတို့က အင်္ဂလိပ်တို့အား ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းတို့ကို ပေးလိုက်ရသည်။
နှစ်နိုင်ငံ ဆက်ဆံရေး လွယ်ကူစေရန် မြန်မာနေပြည်တော် အင်းဝနှင့် အင်္ဂလိပ်ပိုင် ကာလကတ္တားတို့တွင် အရေးပိုင် ဝန်ကြီးတစ်ဦးစီ ခန့်ထားကြသည်။
အင်္ဂလိပ်တို့က အင်္ဂလိပ် စစ်ဗိုလ်မှူးကြီး ကာနယ် ဗားနေးကို အင်းဝသို့ အရေးပိုင်ဝန်ကြီးအဖြစ် ခန့်အပ် စေလွှတ်လိုက်သည်။ ကာနယ် ဗားနေးသည် အင်းဝတွင် ရနှစ်တိုင် နေထိုင်လျက် အမှုထမ်းရွက်ခဲ့လေသည်။ ကာနယ် ဗားနေးသည် အင်းဝသို့ ရောက်သောအခါ မက္ခရာမင်းသားကြီးကို သွားရောက် တွေ့ဆုံလေသည်။ တွေ့ဆုံသည်မှာ တာဝန်အရ မဟုတ်၊ နိုင်ငံရေးအရ မဟုတ်။ အင်္ဂလိပ်စာ တတ်ကျွမ်း၍ ခေတ်မီ ဝိဇ္ဇာသိပ္ပံ ပညာရပ်များကို လေ့လာလိုက်စားသူ ပညာရှင်တစ်ဦးကို လေးစား ကြည်ညိုသောအားဖြင့် သွားရောက် တွေ့ဆုံခြင်းသာ ဖြစ်သည်။
မင်းသားကြီးကလည်း ကာနယ်ဗားနေးကို ကောင်းစွာ ဆီးကြိုဧည့်ခံသည်။ မင်းသားကြီး၏ စာကြည့်ဆောင် နံရံတွင် သာမိုမီတာနှင့် ဘရိုမီတာတို့ ချိတ်ဆွဲထားသည်ကို ကာနယ်ဗားနေးသည် အံ့ချီးစွာ တွေ့ခဲ့ရသည်။ မင်းသားကြီးနှင့် ကာနယ်ဗားနေးတို့ ပြောဆို ဆွေးနွေးကြသည်တို့မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မင်းသားကြီးက ကာနယ်ဗားနေးအား လန်ဒန်၊ ကာလကတ္တား၊ အင်းဝ၊ ဘန်ကောက်မြို့များ၏ လတ္တီကျူ မျဉ်းကြောင်းများ၊ လောင်ဂျီကျူ မျဉ်းကြောင်းများကို မေးသည်။ အဘယ့်ကြောင့် သင်္ဘောသား အိမ်မြှောင် မြောက်ဘက်သို့သာ ခေါင်းလှည့် နေတတ်သည်ကိုလည်း မေးသည်။
ကောင်းကင်၌ ဒုတိယအကြိမ် ပေါ်ထွက်လာသော ကြယ်တံခွန် အကြောင်းကိုလည်း မေးသည်။ သာမိုမီတာနှင့် ဘရိုမီတာတို့ကို မည့်ကဲ့သို့ စီရင် ပြုလုပ်သည်ကိုလည်း မေးသည်။ ထို့ပြင် မင်းသားကြီးက အက္ခရာသင်္ချာကို သူအလွန် တတ်ကျွမ်းလိုကြောင်းလည်း ပြောလေသည်။
ကာနယ်ဗားနေးသည် မင်းသားကြီး၏ ပညာဗဟုသုတကို အထူးလေးစား ချီးကျူးမိသည်။ မင်းသားကြီးကို အထူးလေးစား ကြည်ညိုမိသည်။ ထို့ကြောင့် သူ၏မှတ်တမ်းတွင်
“ကျွန်ုပ်သည် မင်းသားကြီး၏ ဗဟုသုတ စုံလင်ပုံကို မချီးမွမ်းဘဲ မနေနိုင်ပါ။ ဤမြန်မာနိုင်ငံတွင် မင်းသားကြီးကဲ့သို့ ပညာဗဟုသုတ ပြည့်စုံ ၍ ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်မျိုးကို မတွေ့ဖူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာဗဟုသုတ အရာတွင် အငတ်မပြေ သိကျွမ်းလိုသော သူမျိုးကို မတွေ့ဖူးပါ”
ဟူ၍ ရေးထားခဲ့လေသည်။
မင်းသားကြီးသည် သိပ္ပံပညာကို အထူး ဝါသနာထုံသူ ဖြစ်သည်။ ကာနယ်ဗားနေးနှင့် သာမက အခြား နိုင်ငံခြားသား ပုဂ္ဂိုလ်များနှင့်လည်း သိပ္ပံပညာအကြောင်း ဆွေးနွေးတတ်သည်။ ကာနယ်ဗားနေးနှင့် မတွေ့မီ ၁၈၂၂ ခုတွင် ဒေါက်တာ ဂျပ်ဆင်နှင့် တွေ့ဆုံစဉ်ကလည်း သိပ္ပံပညာအကြောင်း ဆွေးနွေးခဲ့ဖူးသည်။ ဒေါက်တာဂျပ်ဆင်က နက္ခတ္တဗေဒနှင့် ပထဝီပညာများကို သူနှင့် မက္ခရာမင်းသားကြီးတို့ ဆွေးနွေးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ယင်းသို့ မှတ်တမ်းတင်ရာ၌ မက္ခရာမင်းသားကြီးသည် အနောက်တိုင်း သိပ္ပံပညာကို အထူး လေ့လာလိုက်စားသူ ဖြစ်သည်ဟူ၍လည်း မှတ်ချက်ချထားပေသည်။
မင်းသားကြီးသည် ထိုစဉ်က အင်္ဂလိပ်စာပေ၌ ခေတ်စားသည့် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို အခေါက်ခေါက် အခါခါ လေ့လာသည်။ ယင်းသို့ လေ့လာရာမှ အင်္ဂလိပ်-မြန်မာ အဘိဓာန် တစ်စောင် ကြိုးပမ်းပြုစုရသော် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိပေအံ့။ မြန်မာတို့ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းရေးအတွက် အထောက်အကူ ရပေအံ့။ ခေတ်မီ ဝိဇ္ဇာသိပ္ပံ ပညာရပ်များကို လေ့လာရာတွင် လည်းကောင်း၊ ယင်းတို့ကို မြန်မာဘာသာ ပြန်ဆိုရာတွင် လည်းကောင်း ကြီးစွာသော အထောက်အကူ ရပေအံ့ဟု ဆင်ခြင်မိရာသည်။
ထို့ကြောင့် သူ့ကို လောဂရစ်သမ် ဂဏန်းသင်္ချာ သင်ပေးခဲ့ဖူးသည့် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာ ချားလိန်းနှင့် တွဲဖက်လျက် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို တီထွင်ပြုစုလေသည်။
ပြုစုရာ၌ မစ္စတာလိန်းက ရှေးဦးစွာ အင်္ဂလိပ် အဘိဓာန်ကို မြန်မာဘာသာ ပြန်ဆိုသည်။
ထို့နောက် မြန်မာဘာသာပြန်ချက်ကိုမင်းသားကြီးက စေ့စပ်သေချာစွာ ပြင်ဆင်တည်းဖြတ် ပေးသည်။
ယင်းအဘိဓာန်ကို ၁၈၃၃ ခုတွင် စတင် ကြိုးပမ်းပြုစုသည်။ ၁၈၄၁ ခုတွင် ကာလကတ္တားမြို့၊ သာသနာပြု ပုံနှိပ်တိုက်၌ ပုံနှိပ် ထုတ်ဝေနိုင်ခဲ့သည်။ အဘိဓာန်အရွယ်မှာ ဒီမိုင်း ဆိုဒ်ကြီးဖြစ်၍ စာမျက်နှာ ၄၈၆ မျက်နှာ အထူရှိသည်။
ယင်းအဘိဓာန် နိဒါန်းကို မက္ခရာမင်းသားကြီး ကိုယ်တိုင် မြန်မာဘာသာဖြင့် ရေးသားသည်။ နိဒါန်းတွင် ယင်းအဘိဓာန် ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မင်းသားကြီးက ဤသို့ ရေးထားသည်။
“အထူးထူးသော ဘာသာ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ်လူမျိုးသည် ဟုတ်မှန်သော၊ ထင်ရှား မျက်မှောက်တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေ နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို နားလည် သိမြင်ခြင်းသည် ဗဟုသုတအရာ၌ များစွာ အကျိုးရှိသည်။ ထို့ကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာဘာသားအားဖြင့် နားလည် သိမြင်စေခြင်း အကျိုးဌာ မက္ခရာမင်းသားက သင်္ဘောသူကြီး ကပ္ပတိန်လျင်ကို အင်္ဂလိပ် အဘိဓာန်စာ ရှိသည်အတိုင်း မြန်မာဘာသာ မှန်ကန်အောင် ပြန်ဆိုပါဆို၍ မြန်မာသက္ကရာဇ် ၁၁၉၅ ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် ၁၈၃၃ ခုနှစ်မှစ၍ ပြန်ဆိုရေးသားသည်။ ပြန်ဆိုအပ်သော အဘိဓာန်စာသည်ကား အင်္ဂလိပ်အက္ခရာကို ဖတ်နိုင်ကာမျှ သင်ပြီး၍ ရှေ့နောက်စကား ကြည့်ရှုမှတ်သားပြီးလျှင် ထိုအဘိဓာန်စာကို အမှီပြု၍ အင်္ဂလိပ်ပညာစာ ၄၅ မှစ၍ အင်္ဂလိပ်စာတို့ကို မြန်မာဘာသာအားဖြင့် သိမြင် နားလည်နိုင်ရာသည်။”
ယနေ့ဆိုလျှင် ယင်းအဘိဓာန်ကြီး ပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ကျော် ရှိခဲ့ပြီ။ ယင်းအဘိဓာန်သည် မြန်မာနိုင်ငံသားတို့ကို အင်္ဂလိပ်ဘာသာ သင်ကြားရာ၌ ကောင်းစွာ အထောက်အကူ ပြုနိုင်ခဲ့သည်။ မြန်မာဘာသာ သင်ကြားသော နိုင်ငံခြားသားများကိုလည်း ကောင်းစွာ အထောက်အကူ ပြုခဲ့သည်။ ထို့ပြင် “လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်သို့၊ သုတ်သင်ကာမျှ၊ လွယ်ကာရလိမ့်” ဟူသော ဆောင်ပုဒ်နှင့်အညီ နှောင်းအဘိဓာန် ဆရာများကိုလည်း ကောင်းစွာ အထောက်အကူ ပြုခဲ့ပေသည်။
ယင်းအဘိဓာန်ကို ပထမအကြိမ်သာ ရိုက်နှိပ်နိုင်ခဲ့သဖြင့် ယခုအခါတွင် အလွယ်တကူ ရှာဖွေ မတွေ့နိုင်တော့ပေ။ သို့ရာတွင် ကျွန်တော် သိရသမျှ မပျက်မစီးဘဲ ကြွင်းကျန်နေသေးသည့် ယင်းအဘိဓာန် နှစ်အုပ်ကား ရှိနေသေးသည်။ တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ ကွန်ဂရက် စာကြည့်တိုက်တွင် ရှိသည်။ တစ်အုပ်ကား ရန်ကုန်မြို့ ယဉ်ကျေးမှုဌာန၊ အမျိုးသားစာကြည့်တိုက်တွင် ရှိသည်။
မြန်မာစာပေသမိုင်းတွင် ဒေါက်တာ ဂျပ်ဆင်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊ ဦးရွှေကြူး၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊ ဒေါက်တာဘဟန်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်များ ရှိရာ၊ မက္ခရာမင်းသားကြီး၏ ဤ အင်္ဂလိပ်-မြန်မာ အဘိဓာန်သည် အစောဆုံး ဖြစ်ပေသည်။ ဤတွင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစုသော မြန်မာ လူမျိုးများထဲတွင် မက္ခရာ မင်းသားကြီးသည် ပထမဆုံး ဖြစ်သည်ဟု ဆိုရပေမည်။
မက္ခရာမင်းသားကြီးသည် ပညာအရာတွင် ထက်မြက်ရုံမျှမက သိက္ခာ၊ သမာဓိနှင့်လည်း အထူး ပြည့်စုံဟန်တူသည်။ နောင်တော် ဘကြီးတော်မင်းကို သာယာဝတီမင်းသား ပုန်ကန်သောအခါ စေ့စပ် ဆွေးနွေးရေးအတွက် မက္ခရာ မင်းသားကြီးပင် ဦးဆောင် ဆောက်ရွက်ခဲ့ရပေသည်။
မင်းသားကြီးသည် မြန်မာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွား၍ ၁၂၁၀ ပြည့်နှစ်၊ အသက် ၅၇ နှစ် အရွယ်တွင် လွန်သည်။
ဆက်စပ်ဖတ်ရှုနိုင်မည့်
“မြန်မာ” ဝေါဟာရ သမိုင်းကြောင်း
ရှေးရာဇဝင်သမိုင်း၊စာပေမှ မြန်မာလူမျိုး၊ မြန်မာပြည် အသုံးအနှုန်းများကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ စုစည်းပေးထားပါသည်။
မြစေတီ ကျောက်စာ
လူမျိုးတစ်ရာ့တပါးစာရင်း
ဦးကုလား မဟာရာဇဝင်
မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း -အမျိုးသားပညာဝန် ဦးဖိုးကျား
ရခိုင်ရာဇဝင်သစ်ကျမ်း
လွတ်လပ်ရေး ကြေညာစာတမ်း
မြန်မာ့စွယ်စုံကျမ်း
ဒေါက်တာနိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
တွင်းသင်းမြန်မာရာဇဝင်သစ်
ဒေါက်တာသန်းထွန်း-အမိန့်တော်ပြန်တမ်းများ၊ဒုတိယတွဲ
အလောင်းမင်းတရားကြီး၏ အမိန့်တော်များ - ဒေါက်တာသန်းထွန်း
မြန်မာအစ (ဦးဖိုးလတ်)
0 comments:
Post a Comment